လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]

10/08/2023 12:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အပိုင်း [၁] မှာတုန်းက ဒစ်ဂျစ်တယ်နည်းပညာခေတ်ရဲ့ အခေါ်အဝေါ်တွေမိတ်ဆက်ပေးခဲ့တာ မှတ်မိကြသေးလား။ 

ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင် “လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၁]” ကို ဒီနေရာမှာ လေ့လာလို့ရတယ်နော်။

ဒီတစ်ခေါက်တော့ လူတိုင်းနီးပါးအတွက် အသုံးပြုလို့ အဆင်ပြေနိုင်စေမယ့် မိုဘိုင်းလ်ဝေါလက်အကြောင်း မိတ်ဆက် ပြောပြချင်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ ကိုယ်ကိုယ်တိုင်လည်း နောက်ကျကျန်မနေရစေဖို့ ကဲ . . . ခုပဲ လေ့လာလိုက်ကြရအောင်နော်။

မိုဘိုင်းလ်ဝေါလက်မိတ်ဆက်

မိုဘိုင်းလ်ဝေါလက်ဆိုတာကို ကြားဖူးကြလား မိတ်ဆွေတို့ရေ...။ လက်ရှိမှာရော သုံးနေကြလား။ ဒီနေ့မှာတော့ မိတ်ဆွေတို့ကို မိုဘိုင်းလ်ဝေါလက်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ ပြောပြပေးချင်ပါတယ်။

“မိုဘိုင်းလ်ဝေါလက်” ဆိုတာ ဖုန်းထဲမှာရှိတဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်လို့ မှတ်ယူနိုင်ပါတယ်။

  • မိုဘိုင်းလ် = သယ်ဆောင်နိုင်သော = လက်ကိုင်ဖုန်း
  • ဝေါလက် = ပိုက်ဆံအိတ်
  • မိုဘိုင်းလ်ဝေါလက် = ဖုန်းထဲကပိုက်ဆံအိတ်

ကေပေး (KBZPay), ဝေ့ဖ်ပေး (WavePay), ဧရာပေး (AYAPay), စီဘီပေး (CB Pay) စတာတွေက မိုဘိုင်းလ်ဝေါလက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဝေါလက်ပေါင်း (၄၀) ကျော်ရှိပါတယ်။

မိုဘိုင်းလ်ဝေါလက်အသုံးပြုခြင်းရဲ့ အားသာချက်နဲ့ သတိထားရမယ့်အချက်အချို့

မိုဘိုင်းလ်ဝေါလက်သုံးဖို့ ဘာတွေလိုအပ်လဲ

  • အင်တာနက်
  • ဖုန်း/ တက်ဘ်လက်လို ကြားခံ အီလက်ထရောနစ်ပစ္စည်းတစ်ခုခု
  • မိုဘိုင်းလ်ဝေါလက်အပလီကေးရှင်း 
  • အကောင့်ဖွင့်ရန် ဖုန်းနံပါတ်/ မှတ်ပုံတင်နံပါတ်နှင့် အခြားကိုယ်ရေးအချက်အလက်အချို့
  • အကောင့်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံ
  • လက်လီဝန်ဆောင်မှုပေးမယ့် ကိုယ်စားလှယ်

မိုဘိုင်းလ်ဝေါလက်အကောင့် ဘယ်လို ဖွင့်မလဲ

အရင်ဆုံး ဂူးဂဲလ်ပလေးစတိုးကိုသွားပြီး ကိုယ်အသုံးပြုမယ့် မိုဘိုင်းလ်ဝေါလက်ကို အရင်ဆုံး ဒေါင်းလုတ်လုပ်ပါ။ 

ဒေါင်းလုတ်လုပ်ထားတဲ့ မိုင်ဘိုင်းလ်ဝေါလက်ကို ဖွင့်ပြီး အခြေခံ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ အမည်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် စတာတွေနဲ့အတူ သက်ဆိုင်ရာ မိုဘိုင်းလ်ဝေါလက် ကုမ္ပဏီရဲ့ စည်းကမ်းချက်များကို သဘောတူညီကြောင်း ဖြည့်ရပါမယ်။

ကိုယ်ရေးအချက်အလက်များ ဖြည့်ပြီးချိန်မှာ ကိုယ့်ရဲ့ဖုန်းဆီကို OTP (One Time Password) ဂဏန်း ၄ လုံးမှ ၆ လုံးကို မက်ဆေ့ချ် (SMS) ပို့ပေးပါမယ်။ 

ပို့ပေးသော OTP ကို ဖြည့်ပြီးပါက ကိုယ့်ရဲ့ စကားဝှက် ပင်န်နံပါတ် (PIN) ကို ဖြည့်စွက်ပြီးရင် အကောင့်အသစ်ဖွင့်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။

မှတ်ချက်။ ။ ကိုယ် အသုံးပြုတဲ့ မိုဘိုင်းလ်ဝေါလက်ပေါ်မူတည်ပြီး ဖြည့်စွက်ရတဲ့ ကိုယ်ရေးအချက်အလက်တွေကတော့ ကွဲပြားသွားမှာဖြစ်ပါတယ်။ တချို့ဝေါလက်တွေမှာတော့ အကောင့်စတင်ဖွင့်လှစ်ချိန်မှာ ဖုန်းနံပါတ်နဲ့ အမည်ပဲ လိုအပ်မှာဖြစ်ပေမယ့် တစ်ချို့ဝေါလက်တွေမှာတော့ အကောင့်စတင်ဖွင့်လှစ်ကတည်းက မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ ဓာတ်ပုံ စတဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ဖို့လိုအပ်ပါတယ်။

မိုဘိုင်းလ်ဝေါလက်အကောင့် ဖွင့်တဲ့နေရာမှာ အသုံးပြုမယ့် ဖုန်းနံပါတ်ဟာ ကိုယ်လက်ရှိသုံးနေတဲ့၊ အမြဲအသုံးပြုမယ့် ဖုန်းနံပါတ်ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ ဖုန်းအော်ပရေတာ ဝန်ဆောင်မှုကုမ္ပဏီမှာ မှတ်ပုံတင်ပြီးသားဖြစ်ရပါမယ်။ 

အကောင့်ဖွင့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြစ်တဲ့ မှတ်ပုံတင်နံပါတ်/ မွေးသက္ကရာဇ်စတဲ့ အချက်အလက်တွေ မှန်ကန်အောင် အမြဲသတိထားဖို့လိုအပ်သလို ဖုန်းဆင်းမ်ကတ်ကို မှတ်ပုံတင်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့လဲ ကိုက်ညီရပါမယ်။

 

မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်နည်းကို ဗီဒီယိုဖိုင်နဲ့ လေ့လာချင်တယ်ဆိုရင် ဒီလင့်ခ်ကနေတစ်ဆင့် 

လေ့လာလို့ရပါတယ်။

ကဲ . . . အခုဆိုရင် မိုဘိုင်းလ်ဝေါလက်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေနဲ့ အကောင့်ဘယ်လိုဖွင့်ရမလဲ ဆိုတာတွေကို လေ့လာပြီးသွားပါပြီ။ အချိန်နေရာမရွေး လွယ်ကူလျှင်မြန်စွာနဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲနိုင်ဖို့ မိုဘိုင်းလ်ဝေါလက်အကောင့်တစ်ခုတော့ ဖွင့်ထားသင့်တယ်နော် ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ.....။

မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ် ပျောက်သွားတာ (ဒါမှမဟုတ်) ပျက်စီးသွားခဲ့တာဆိုရင် ဘာလုပ်ရမလဲ။

????

ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့်   https://onelink.to/d62vxy  အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို‌ ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါနော်။ 

နောက်ပြီး ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့   

bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။ 

#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်