ပင်ကြွင်းပင်ကျန်များသည် မြေကြီးကိုဖုံးထားပေးသည့် အဓိကပစ္စည်းဖြစ်သည်။ ၎င်းတို့ကို မီးရှို့ပစ်ခြင်း၊ သို့မဟုတ် စိုက်ခင်းအတွင်းမှ ဖယ်ထုတ်ပစ်ခြင်းကို လုံးဝမပြုလုပ်ရပေ။ ပင်ကြွင်းပင်ကျန်များသည် သစ်ဆွေးဓာတ်များကြွယ်ဝသော အပေါ်ယံမြေလွှာကို မြေ၊ ရေ၊ လေတို့၏တိုက်စားခြင်းမခံရအောင် ကာကွယ်ပေးထားသည်။ ထို့အတူ ၎င်းတို့ပါ ဆွေးမြေ့သွားပြီး လတ်လတ်ဆတ်ဆတ်သစ်ဆွေးဓာတ်များကို မြေကြီးထဲသို့ ထပ်မံဖြည့်ဆည်းပေးနေသည်။ ပင်ကြွင်းပင်ကျန်များကို မီးရှို့လိုက်ပါက လေထုညစ်ညမ်းမှုကို ဖြစ်စေရုံသာမက မြေကြီးထဲမှ သတ္တုဓာတ်များလည်း အလျင်အမြန်ပြိုကွဲကုန်ကာ မြေကြီးထဲမှ သစ်ဆွေးဓာတ်နှင့် အာဟာရဓာတ်များပါ လျော့ပါးသွားစေပါသည်။ ပင်ကြွင်းပင်ကျန်များကို မီးရှို့လိုက်ပါက ထိုအပိုင်းတွင် ပေါင်းမြက်များ လျင်မြန်စွာပေါက်လာကြသည်။
မြေကြီးကို ပင်ကြွင်းပင်ကျန်များဖြင့် ဖုံးအုပ်သည့်အကျိုးကျေးဇူးများ
၁။ မြေထဲသို့ ရေစိမ့်ဝင်မှုများပြားသည်။ မြေကြီး၏ ရေသိုလှောင်ထိန်းသိမ်းမှု များပြားသည်။ အပင်အတွက် ရေငတ်မှု၊ ရေလိုမှု၊ ရေမလုံလောက်မှု စသည်များမဖြစ်နိုင်တော့ပေ။
၂။ မြေကြီးထဲတွင်ရှိသည့် သက်ရှိမျိုးကွဲအစုံတို့အတွက် အာဟာရရှိရာနေရာနှင့် ရှင်သန်ပေါက်ပွားရာနေစရာ ဖြစ်လာသည်။ အသက်ရှင်လာသည့် မြေကြီးသဘောမျိုးဖြစ်ပေါ်လာသည်။
၃။ လေနှင့် ရေတို့ မြေတွင်းဝင်ရောက်ရာလမ်းကြောင်းများ ဖြစ်ပေါ်လာသည်။
၄။ မြေတွင်းသက်ရှိတို့၏ လှုပ်ရှားမှုများကြောင့် မြေသားများမွလာကာ သက်ရှိတို့ကြောင့်ဖြစ်လာသည့် ထယ်ရေးကို ရရှိလာသည်။ ဇီဝထယ်ရေး (Biological Tillage) ဟု ခေါ်သည်။ လူက ထယ်ထိုးထွန်မွှေပေးရန် မလိုတော့ပေ။
၅။ ဖုံးထားသည့် ပင်ကြွင်းပင်းကျန်များ ဆွေးမြေ့သွားသည့်အခါ မြေဆီဩဇာပြန်ဖြစ်သွားသဖြင့် မြေတွင်းအာဟာရဓာတ်များ ပိုမိုကြွယ်ဝလာသည်။
၆။ မြေဆွေးဖြစ်ပွားမှု ပိုမိုများပြားလာသည်။
၇။ မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်လာသည်။
၈။ မြေဆီဩဇာပျက်သုဉ်းမှုထက် မြေဆီဩဇာပြန်လည်တိုးတက်ဖြစ်ထွန်းမှုက ပိုမိုလာသည်။
၉။ မြေကြီး၏ကျန်းမာရေး ပိုမိုကောင်းမွန်လာသည်။
၁၀။ အမြစ်ပွားရန်နှင့် အပင်ငယ်ကြီးထွားရန် မြေသားအခြေအနေကောင်းမွန်လာသည်။
၁၁။ မြေပေါ်မှ ရလွှာလျောဆင်းသွားမှုများ လျော့နည်းသွားပြီး မြေတွင်းသို့ ရေပိုမိုစိမ့်ဝင်သွားသည်။
၁၂။ ရေတိုက်စားမှုနှင့် လေတိုက်စားမှုများ မဖြစ်ပေါ်စေတော့ပေ။
၁၃။ မြေကြီးပေါ်သို့ နေရောင်တိုက်ရိုက်မကျရောက်တော့သဖြင့် မြေကြီးအတွင်းနှင့် မြေမျက်နှာပြင်ပေါ်အပူချိန်တို့ မတည်မငြိမ် အပြောင်းအလဲဖြစ်မှုများကို လျော့နည်းစေသည်။
၁၄။ မြေမျက်နှာပြင်ပေါ်သို့ မိုးပေါက်များ တိုက်ရိုက်ထိမှန်မှု မရှိတော့သဖြင့် မြေမျက်နှာပြင်တင်းသွားခြင်း၊ ပိတ်သွားခြင်းများ မဖြစ်ပေါ်စေတော့ပေ။
၁၅။ မြေတွင်းရေအငွေ့ပျံဆုံးရှုံးမှု လျော့နည်းသက်သာစေသည်။
၁၆။ ပေါင်းပေါက်ရောက်မှု လျော့နည်းသက်သာစေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ