နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

05/11/2021 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဟိုးယခင်ကမူ မိသားစုဝင်အားလုံး ဝိုင်းဖွဲ့ကာ မြန်မာအသံမှလွှင့်သော ဓာတ်ပြားသီချင်းကို နားထောင်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ရေဒီယိုတစ်လုံးကို တစ်မိသားစုလုံး စုပေါင်းနားထောင်စရာမလိုတော့။ မိမိကြိုက်နှစ်သက်သော သီချင်းကို မိမိဘာသာ စိတ်ကြိုက်နားထောင်နိုင်ပြီ။ မိမိတစ်ဦးတည်းသာ သီးသန့် နားကြပ်လေးတပ်ဆင်ကာ နားထောင်နိုင်ပြီ။ လူကြီးမိဘတို့ မကြိုက်နှစ်သက်သော Hip Hop Music ကိုလည်း စိတ်တိုင်းကျနားထောင်နိုင်ပြီ။ နားကြပ်လေးတပ်ဆင်ထားလိုက်သည်။ ဘေးလူကိုလည်း အနှောင့်အယှက်မဖြစ်။ ယနေ့ခေတ်တွင် ဇိမ်ခံပစ္စည်းများထဲမှတစ်ခုကား နားကြပ်တပ်ဆင်ကာ သီချင်းနားထောင်ခြင်းဖြစ်သည်။

    သို့သော် နားကြပ်ကို ကြာရှည်သုံးစွဲပါက ဆိုးကျိုးများရှိသည်။ နားကြပ်ရောင်းချသော ကုမ္ပဏီများကား နားကြပ်တွင် ဘေးတွက်ဆိုကျိုးများမရှိဟု ကြော်ငြာသည်။ သို့သော် အသုံးပြုသူအပါ်မူတည်၍ ကျန်းမာရေးထိခိုက်မှု အနည်းအများရှိလေသည်။ နားထဲကို နားကြပ်ထိုးထည့်လိုက်လျှင်ပင် နားထဲသို့ဝင်သော လေလမ်းကြောင်း ပိတ်ဆို့သွားသည်။ လေအဝင်အထွက် မရှိလျှင် နားပိုးဝင်ခြင်းများ ဖြစ်တတ်သည်။ နားပိုးဝင်ခြင်းကား လေလမ်းကြောင်းပိတ်ဆို့မှုအပြင် နားကြပ်များမသန့်ရှင်းသောကြောင့်လည်း ဖြစ်နိုင်သည်။

    နားကြပ်အသုံးပြုသူများတွင် နားပိုးဝင်ခြင်း  ပိုမိုဖြစ်ပွားသည်။ လူတစ်ဦးနှင့်တစ်ဦး မည်မျှရင်းနှီးပါစေ နားကြပ်ကို ငှားရမ်းသုံးစွဲခြင်း လုံးဝမပြုလုပ်ရ။ နားပိုးဝင်ခြင်းကား လူတစ်ဦးမှ တစ်ဦးဆီသို့ နားကြပ်မှတစ်ဆင့် ကူးစက်တတ်သည်။ နားဖာချေးများလည်း ပိုမိုထွက်တတ်သည်။ နားထဲတွင် တဝီဝီ အသံတွေကိုကြားကာ နားအူနေတတ်ခြင်းများ နားကြပ်အမြဲတပ်ဆင်ထားသူများတွင် ဖြစ်တတ်သည်။သည်။ တစ်ခါတစ်ရံ စူးခနဲနားကျင်ကိုက်ခဲတာမျိုး နားကြပ်နားထောင်သူများတွင် ခံစားရတတ်သည်။

    နားကြပ်ကို အချိန်ကြာကြာ နားထောင်ပြီးတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ခြင်း ဖြစ်တတ်ပါသည်။ နားကိုက်တတ်ခြင်းဖြစ်သည်။ နားကြပ်ကို ကြာရှည်စွာသုံးစွဲပါက အရွယ်မတိုင်ခင် နားလေးခြင်းဖြစ်တတ်သည်။  တစ်နေကုန် နားကြပ်တပ်ဆင်ကာ သီချင်းအကျယ်ကြီးနားထောင်နေပါက Numb Ears ဟုခေါ်သော အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းများ ဖြစ်တတ်သည်။ အချိန်တစ်ခုကြာလျှင် အကြားအရုံပြန်ခံစားရသည်။ သို့သော် အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းကနေ တစ်ချိန်တွင် လုံးဝနားမကြားတော့သည့် အဖြစ်သို့ ရောက်ရှိနိုင်သည်။

    ယခုအခါ နားကြပ်ကထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်လှိုင်းများက ဦးနှောက်ကို ထိခိုက်ပျက်စီးနိုင်သည်ဟု သုတေသနစာစောင်များတွင် ဖော်ပြလာသည်။ သို့သော် ပို၍ တိကျသေချာသော သုတေသနများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် ညဖက်အိပ်မပျော်ခြင်းများသည် နားကြပ်အသုံးပြုသူများတွင် တွေ့ရှိလာရသည်။ ထို့အပြင် ကျယ်လောင်သော အသံများကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းများသည်လည်းတွေ့ရှိလာသည်။

    ထို့ပြင် နားကြပ်တပ်ဆင်ကာ လမ်းသွားကြသောကြောင့် ယဥ်တိုက်မှုများကိုလည်း အထူးဂရုစိုက်ရမည်။ ကားဟွန်းတီးသံ၊ ဆိုင်ကယ်သံများ မကြားသော‌ကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နားကြပ်တပ်ဆင်ထားပေမဲ့လည်း အသံကိုလျော့ထားကာ ဘေးပတ်ဝန်းကျင်မှ အသံများကိုလည်း နားစွင့်ရမည်ဖြစ်မည်။ နားနှင့်ပတ်သက်သောပြဿနာများ ဖြစ်ပွားမှုလျှော့ချရန်အတွက် နားကို မကြာခဏ အနားပေးရမည်ဖြစ်မည်။ တစ်နေကုန် တောက်လျောက် တပ်ဆင်ခြင်းမျိုး မပြုလုပ်ရ။ သီချင်းသံကိုလည်း အကျယ်ကြီးမဖွင့်ဘဲ ကြားလောက်ရုံပဲ ဖွင့်သင့်ပေသည်။ နားကြပ်ကို တစ်နေ့ တစ်နာရီထက် ပိုအသုံးပြုပါက နားနှင့်ပတ်သက်သော ပြသနာများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်းကိုလျှော့ချ၍ နားကျန်းမာရေးကို ဂရုစိုက်သင့်ပေသည်။

Author: ဒေါက်တာအေးချမ်းမိုး

Source - On Doctor


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်