ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ

24/09/2020 11:30 AM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား

အိမ်ကမီးဖိုချောင်မှာ ကြက်သွန်ဖြူဥတွေ အညှောင့်ထွက်တာနဲ့လွှင့်ပစ်လိုက်ပြီလား?  

အာလူးဥတွေရော အသားတွေရှုံ့ကုန်ရင် လွှင့်ပစ်လိုက်ရောလား?

ဂျင်းတက်တွေ အတက်ရှည်ကြီးတွေထွက်လာရင်ရော ဘာလုပ်လိုက်ကြလဲ?

     အမှန်တကယ်တော့ သင်လွှင့်ပစ်လိုက်တော့မဲ့ မသုံးတော့တဲ့ ဟင်းသီးဟင်းရွက်အကြွင်းအကျန် တွေဟာ သင်ထင်ထားတာထက်ကို အများကြီးတန်ဖိုးရှိတာသိပါသလား၊ မိမိတို့ရဲ့ မီးဖိုချောင်ထဲမှာ မသုံး ဖြစ်တော့ဘဲ ဟင်းသီးဟင်းရွက်များရှိရင် ၎င်းတို့ကို အပင်အဖြစ်ပြန်ပွားလို့ရတယ်ဆိုတာ သိပါသလား?  ဟင်းသီးဟင်းရွက်အများစုဟာ အိမ်မှာဘဲပြန်ပွားပြီး ပြန်စိုက်ထားလို့ရပါတယ်။ အိမ်ကမီးဖိုချောင်ထဲက မသုံးဖြစ်တော့တဲ့ဟင်းသီးဟင်းရွက်အကျန်များကို ဥယျာဉ်ခြံထဲမှာ ပြန်ပွားပြီးစိုက်ထားတော့ မီးဖိုချောင် စားရိတ် သက်သာတာပေါ့။ ဟင်းသီးဟင်းရွက်တွေသာမက ဆေးဖက်ဝင်အပင်လေးများကို လည်းပြန်ပွားပြီး စိုက်ထားလို့ရပါတယ်။ ထပ်ခါတလဲလဲပြန်ပွားပြီး စိုက်ထားလို့ရတဲ့ အပင်လေးတွေကတော့ ……….. 

၁။ ပင်စိမ်းရွက်

     ပင်စိမ်းရွက်ကတော့ ပွားရအရမ်းလွယ်ကူပါတယ်။ အရင်ဆုံးလတ်လတ်ဆတ်ဆတ်ရှိတဲ့ပင်စိမ်းပင် ကို(၄)လက်မအရွယ်ခန့်ဖြတ်ပါ။ ထိပ်ပိုင်းအရွက် (၂)စုံသာချန်ပြီး ကျန်အရွက်များကို ဖယ်ပစ်ပါ။ အဲ့ဒီနောက် ရေသန့်ထည့်ထားတဲ့ (၄)လက်မအမြင့်ရှိတဲ့ခွက်ထဲမှာပဲ ရက်အနည်းငယ်နှစ်ထားပါ။ (၁)ပတ် (၂)ပတ် အတွင်းမှာအမြစ်လေးတွေ စထွက်လာပြီဆိုရင် မြေထည့်ထားတဲ့အိုးထဲမှာ ဒါမှမဟုတ်  မြေကြီးပေါ်မှာ ရွှေ့စိုက်ထားလို့ရပါပြီ။ 

၂။ ပူစီနံ

     ပူစီနံကိုလည်း ပင်စိမ်းရွက်လိုပဲ ၄လက်မ ၅လက်မအရွယ်ဖြတ်ပိုင်းလေးကနေပဲ အလွယ်တကူ ပြန်ပွားလို့ရပါတယ်။ ပင်စိမ်းရွက်လိုပဲ အောက်အရွက်တွေဖယ်ပစ်ပြီး ထိပ်ပိုင်းအရွက် ၂စုံလောက်သာချန် ထားပါ။ ပြီးတဲ့နောက် ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ရက်အနည်းငယ်နှစ်ထားပါ။ အမြစ်လေးတွေစတင် ထွက်လာတာနဲ့ အိုးထဲ ဒါမှမဟုတ် မြေကြီးပေါ်သို့ ရွှေ့စိုက်နိုင်ပါပြီ။

၃။ ကြက်သွန်မြိတ်

     ဟင်းရည်၊ အသုပ်၊ နဲ့ အကြော်တွေကြော်ရာမှာ ကြက်သွန်မြိတ်ကို ထည့်စားကြလေ့ရှိတယ်။ သင်ရောကြက်သွန်မြိတ်ကို ဟင်းချက်တိုင်းထည့်စားတတ်တဲ့သူမျိုးလား? ကြက်သွန်အမြိတ်တွေကို စားပြီး ကျန်တဲ့အမြစ်တွေကို ရေ ၂လက်မခန့်မှာနှစ်ထားပြီး လေသာပြတင်းနားမှာထားထားပါ။ ရက်အနည်းငယ် အတွင်းမှာပဲ အမြစ်တွေရော အရွက်လေးတွေရောပြန်ထွက်လာတာကို တွေ့ရမှာပါ။ ရေထဲမှာထားပြီးတော့လည်း ခဏခဏပြန်ခူးစားလို့ရပြီး အိုးထဲမှာလည်းရွှေ့စိုက်ကာ ခူးစားလို့ရပါတယ်။

၄။ ဂျင်းတက်များ

     ဈေးထဲ ဂျင်းဝယ်တဲ့အခါ အချို့ဂျင်းတက်တွေမှာ အဖူးအတက်သေးသေးလေးတွေ ပေါ်နေတာ သတိထားမိကြလား? ဈေးဝယ်လာတဲ့အခါ အဲ့လိုဂျင်းတက်လေးတွေပါလာခဲ့ရင် တစ်ညရေစိမ်လိုက်ပါ။ နောက်နေ့မှာအိုးလေးထဲ ထည့်စိုက်ထားကြည့်ပါ။ များမကြာမီမှာပဲ လတ်လတ်ဆတ်ဆတ် ဂျင်းတက်အသစ် တွေ ပြန်ရလာမှာပေါ့။ ဒါပေမဲ့သတိထားရမှာက ဂျင်းတက်တွေက ရေမြုပ်နေတာမကြိုက်တဲ့အတွက် အိုးနဲ့ ရွှေ့စိုက်တဲ့အခါ အိုးမှာရေဆင်းအားကောင်းဖို့ လိုပါတယ်နော်။

၅။ ကြက်သွန်ဖြူ

     သင့်ရဲ့မီးဖိုချောင်ထဲမှာ ကြက်သွန်ဖြူအတက်လေးတွေ အညှောင့်စထွက်လာရင် မစားတော့ဘဲ စိုက်ဖို့လုပ်လိုက်ပါတော့။ ကြက်သွန်ဖြူဟာ ထပ်တလဲလဲပြန်ပြန်ပွားပြီး စိုက်လို့ရတဲ့သီးနှံတစ်ခုပါပဲ။ ကြက်သွန်ဖြူတက်လေးတွေကို မိမိရဲ့ခြံထဲမှာစိုက်ထားရင် ရာသီဥတုနဲ့ မြေနေရာကိုလိုက်ပြီး ပွားနိုင်သမျှ များများပွားနိုင်ပါတယ်။

၆။ တရုတ်နံနံကြီး

     တခြားဟင်းသီးဟင်းရွက်တွေလိုပဲ တရုတ်နံနံကြီးကို အိမ်မှာအလွယ်တကူ ပွားပြီးစိုက်ထားလို့ရပါ တယ်။ တရုတ်နံနံရဲ့ရိုးတံအပိုင်းကို သုံးပြီး ကျန်တဲ့ အပိုင်းတွေကို သိမ်းထားပြီး ရေထဲမှာ ၁ပတ်လောက် အမြစ်ကိုနှစ်ထားပါ။ အဲ့ဒီနောက် ရေဆင်းကောင်းတဲ့အိုးနဲ့ရွှေ့စိုက်ထားပြီး ရက်အနည်းငယ်ကြာရင်လိုသလို ခူးစားနိုင်ပါပြီ။

၇။ ဆလပ်ရွက်

     ဆလပ်ရွက်ကို အသုပ်ပဲလုပ်စားစား၊အတို့အမြုပ်အနေနဲ့ပဲစားစား ကျန်ခဲ့တဲ့အောက်ခြေပိုင်းကို မလွှင့်ပစ်ပါနဲ့။ ရေထဲမှာ ၂လက်မအနက်လောက်နှစ်ထားရင် တစ်ပတ်အတွင်းမှာပဲ ဆလက်ရွက်ပြန်ပေါက် လာပါတယ်။ 

၈။ ကန်စွန်းဥ

      အကယ်၍ သင်ဟာကန်စွန်းဥကြိုက်သူတစ်ယောက်ဆိုရင် ကိုယ်တိုင်စိုက်ဖို့ကြိုးစားကြည့်ပါ။ ကန်စွန်းဥတစ်ဥကို ရေထည့်ထားတဲ့ခွက်ထဲမှာ တစ်ဝက်ကျော်ကျော်နှစ်အောင်မြုပ်ထားပြီး နေရောင်ခြည် ကောင်းကောင်းရပြီး လေဝင်လေထွက်ရတဲ့နေရာမှာထားထားပါ။ အညှောင့်လေးတွေ ၄လက်မအရွယ် လောက်ထိထွက်လာပြီး အမြစ်လေးတွေ စထွက်လာပြီဆိုရင် မြေကြီးပေါ်ချစိုက်ထားလို့ရပါပြီ။

     ကဲ အထက်မှာဖော်ပြခဲ့တာကတော့ အိမ်မှာပဲအလွယ်တကူပြန်ပြန်ပွားပြီး စိုက်ထားလို့ရတဲ့ စားဖိုဆောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးတွေပါ။ အိမ်မှာပါပြန်ပြန်ပွားပြီးစိုက်ထားတော့ ဟင်းသီးဟင်းရွက်တွေညှိုးခြောက်သွားမှာ၊ ရင့်သွားမှာ၊ ပုပ်သွားမှာတွေကိုမပူရတော့ပဲ မိမိစားချင်တဲ့အခါ လိုသလို လတ်လတ်ဆတ်ဆတ်ခူးစားလို့ရတော့ အရမ်းမိုက်တာပေါ့။ မီးဖိုချောင် စားရိတ်ကိုလည်း အတော်အတန် ချွေတာပေးနိုင်တယ်လေ။ အဲ့တာကြောင့်မိတ်ဆွေတို့ရဲ့မီးဖိုချောင်ထဲမှာ မစားဖြစ်တော့တဲ့ ဒါမှမဟုတ် စားလို့မရဘဲ ရင့်သွားတဲ့ဟင်းသီးဟင်းရွက်တွေရှိရင် လွှင့်မပစ်ဘဲ အိမ်မှာတတ်နိုင်သလောက် စိုက်ထားကြည့်ကြပါလို့တိုက်တွန်းရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်ရှင်။     ။

နန္ဒာအိလှိုင်

https://youtu.be/T7u-n7qG2eg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်