သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသော ပင်ငွေ့ပျံခြင်းနှင့် ပင်ရည်ပျံခြင်းဖြစ်စဉ်

04/04/2019 10:38 AM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေငွေ့ပျံခြင်း(Evaporation) မှာ မြေဆီလွှာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန် စသည့်နေရာများမှ ဝန်းကျင်လေထုအတွင်းသို့ အငွေ့ပျံဆုံးပါးခြင်း ဖြစ်သည်။ ပင်ရေပျံခြင်း (ပင်ရည်ပျံခြင်းမဟုတ်) မှာ အပင်များ၏ မျက်နှာပြင် အထူးသဖြင့် အရွက်များ၏ မျက်နှာပြင်ရှိ စတိုမာ (stoma) ခေါ် လေပေါက်များမှ ဝန်းကျင်လေထုအတွင်းသို့ အငွေ့ပျံဆုံးပါးခြင်းဖြစ်သည်။

ရေငွေ့ပျံခြင်းမှာ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်မျိုးဖြစ်ပြီး၊ ပင်ရေပျံခြင်းမှာ ဇီဝဖြစ်စဉ်ဖြစ်သည်။ ထိုဖြစ်စဉ်နှစ်မျိုးကိုပေါင်းပြီး ပညာရှင်များက ရေငွေ့ပျံခြင်း၊ ပင်ရေပျံခြင်းဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ တိုး တက်သော သိပ္ပံအမြင်ဖြင့် မိမိတို့ပြုလုပ်သော စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူဖြစ်စေလိုပါက ဤဖြစ်စဉ်အပေါ် လေ့လာရန် လိုအပ်ပါသည်။ ဖြစ်စဉ်ကို ကောင်းစွာသဘောပေါက်ပြီး အသုံးပြုနိုင်မှသာ မိမိတို့ပြုလုပ်သော စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။

သီးနှံပင်များ၏ ရေလိုအပ်မှု

သီးနှံပင်များ စိုက်ပျိုးရာတွင် ထိုအပင်များ၏ ရှင်သန်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် စျေးကွက်အတွက် လိုအပ်သော အစေ့၊ အသီး၊ ဥ စသည့်ထွက်ကုန်များရရှိရန် ရေလိုအပ်သည်။ စိုက်ပျိုးသူများအနေဖြင့် သီးနှံပင်များအတွက် လိုအပ်သော ရေပမာဏကို မှန်ကန်စွာ ထောက်ပံ့ရန် လိုအပ်သည်။ သီးနှံပင်များအတွက် လိုအပ်သောရေဆိုရာတွင် လမ်း ကြောင်းသုံးသွယ်ဖြင့် လေ့လာတွေ့ရှိနိုင်သည်။ စိုက်ခင်းအတွင်း မြေဆီလွှာမျက်နှာပြင်မှ ရေငွေ့ပျံဆုံးပါးခြင်း၊ အရွက်မျက်နှာပြင်မှ လေထုအတွင်းသို့ ရေငွေ့ပျံဆုံးပါးခြင်းနှင့် အပင်၏အမြစ်များက မြေဆီလွှာမှစုပ်ယူပြီး အပင်၏ဇီဝကိစ္စများတွင် အသုံးပြုသောရေ စသည်တို့ဖြစ်သည်။ ပညာရှင်များ၏ လေ့လာချက်အရ ဤကမ္ဘာတွင် ပင်လယ်၊ မြစ်၊ ကန်၊ မြေဆီလွှာမျက်နှာပြင်များမှ ရေငွေ့ပျံခြင်းမှာ ၉၀ ရာခိုင်နူန်းရှိပြီး အပင်များ၏ အရွက်နှင့် အခြားမျက်နှာပြင်များမှ ရေငွေ့ပျံဆုံးပါးခြင်းမှ ၁၀ ရာခိုင်နူန်းခန့်သာရှိသည်။ အပင်များ၏ ဇီဝကိစ္စအတွက် အသုံးပြုသောရေမှာ ၁ ရာနူန်းပင် မရှိပါ။

ရေငွေ့ပျံခြင်း (Evaporation)

အပင်မဟုတ်သည့် သက်မဲ့ပစ္စည်းများဖြစ်သော မြေဆီလွှာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ကဲ့သို့ မျက် နှာပြင်များမှ လေထုအတွင်းသို့ ရေငွေ့ပျံဆုံးပါးသောဖြစ်စဉ်များဖြစ်သည်။ အရည်ဖြစ်သောရေမှ အငွေ့ဖြစ်သော ရေငွေ့အဖြစ်သို့ စတင်ပြောင်းလဲရန်အတွက်ပင်လျှင် စွမ်းအင်လိုအပ်သည်။ ထိုစွမ်းအင်ကို နေရောင်ခြည်၏စွမ်းအင်အဖြစ် ရရှိသည်။ ရေ၏မော်လီကျူးများအပေါ် ကျရောက်သော နေရောင် ခြည်၏စွမ်းအင်ကြောင့် ရေမော်လီကျူများ သက်ဝင်လှုပ်ရှားလာသည်။ ထိုလှုပ်ရှားမှုက ရေငွေ့ပျံခြင်းကိုဖြစ်စေသည်။

ရေငွေ့မပျံဘဲ ကျန်ရှိသောရေများမှာ အပူချိန်ကျလာသည်။ အေးလာသည်။ ရေငွေ့ပျံခြင်းဖြစ်စဉ်အပေါ် နေရောင်ခြည် ၏အလင်း၊ လေထု၊ အပူချိန်၊ ဝန်းကျင်စိုထိုင်းဆနှင့်လေတိုက်ခတ်နှုန်းများ၏ သက်ရောက်မှုရှိသည်။ ရေငွေ့ပျံသောနေရာ၏ အကျယ်အဝန်းမှာလည်း ရေငွေ့ပျံခြင်းအပေါ် သက်ရောက်မှုကိုဖြစ်စေသည်။ ရေငွေ့ပျံဧရိယာ ပိုကျယ်သည်နှင့်အမျှ ရေငွေ့ပျံနှုန်း ပိုမည်သာဖြစ်သည်။ ဝန်းကျင်လေထု၏ ဖိအားမှာလည်း ရေငွေ့ပျံခြင်းအပေါ် သက်ရောက်မှုရှိသည်။ အမြင့်နေရာများကဲ့သို့ ဖိအားနည်းလာသော ဝန်းကျင်မျိုးတွင် အနိမ့်နေရာများထက် ရေငွေ့ပျံနှုန်းပိုမည်ဖြစ် သည်။ ပင်လယ်ရေကဲ့ သို့သော ဓာတ်ပျော်ဝင်မှုများသော ရေမျိုးတွင် ပင်ရေပျံခြင်းမှာ ဆားများပျော်ဝင်မှုနည်းသော ရေချိုသည် ရေငွေ့ပျံနှုန်းများမည်ဖြစ်သည်။ ပင်လယ်ရေများမှ ရေငွေ့ပျံခြင်းမှာ ရေချိုများမှ ရေငွေ့ပျံနှုန်းထက် ၅ ရာ နှုန်း လျော့နည်းကြောင်း စမ်းသပ်တွေ့ရှိရသည်။

ပင်ရည်ပျံခြင်း (Transpiration)

အချို့သောဘာသာပြန်သူများက Transpiration ကို ပင်ရည်ပျံခြင်းဟု ပြန်ဆိုကြသည်။ ဤဖြစ်စဉ်တွင် အပင်အတွင်းရှိနေသော ပင်ရည်များ လေထုအတွင်းသို့ အငွေပျံဆုံးပါးခြင်းမဟုတ်ဘဲ အပင်အတွင်းရောက်ရှိနေသော ရေများ အငွေ့ပျံဆုံးပါးခြင်းကြောင့် အချို့က ပင်ရည်ပျံခြင်းမှာ ပို၍ မှန်ကန်သည်ဟု ဆိုကြပါသည်။ ပင်ရည်ပျံရာတွင် အဓိကနေရာမှာ အရွက်များ၏ မျက်နှာပြင်ပေါ်ရှိ စတိုမာခေါ်လေ ပေါက်မှ ဖြစ်သည်။ သစ်ပင်ကြီး၏ သစ်ခေါက်မျက်နှာပြင်တွင်ရှိသော lenticels ခေါ် အပေါက်များကလည်း ရေငွေ့ပျံဆုံးပါးနိုင်ပါသည်။ အမြစ်များက မြေဆီလွှာအတွင်းမှ စုပ်ယူသောရေတွင် ဓာတ်ဆားများ ပါဝင်မြဲဖြစ်သည်။ ပင်ရည်ပျံခြင်းကြောင့် အပင်အတွင်းမှ ရေများရွေ့လျားရာတွင် ဓာတ်ဆားများ၏ ရွေ့လျားမှုကို ဖြစ်စေသည်။ သို့သော် ထိုဓာတ်ဆားများမှာ ပင်ရေပျံစဉ်ကာလ ဝန်းကျင်လေထုအတွင်းသို့ ရောက်ရှိမသွားဘဲ အပင်အတွင်း၌သာ ကျန်ရှိမြဲဖြစ်သည်။ ပင်ရည်ပျံနေရာဖြစ်သော ထိုစတိုမာများမှာ အပင်အတွင်းနှင့်လေထုအကြား ဓာတ်ငွေ့များဖလှယ်မှုကိုလည်း ဖြစ်စေသည်။ အပင်အတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ဝင်ရောက်သကဲ့သို့ အပင်အတွင်းမှ ဝန်းကျင်လေထုအတွင်းသို့ အောက်စီဂျင်ဓာတ်ငွေ့များ ပြန်ထွက်ကြသည်။ ပင်ရေပျံခြင်းကြောင့် အရွက်များ၏ မျက် နှာပြင်တွင် အပူချိန်ကျပြီး အေးစေသည်။

ဤသို့ဖြင့် ပြင်းထန်သော နေရောင်ခြည်အောက်တွင် လောင်ကျွမ်းခြင်းမရှိဘဲ ပုံမှန်အနေအထားဖြင့် ဇီဝကိစ္စများကို ဆက်လက်ဆောင်ရွက်ပြီး ရှင်သန်နိုင်သည်။ အပင်အတွင်း အခြောက်အလေးချိန် တစ် ကီလိုဂရမ်ရရန် ထိုအပင်က ရေ ၂၀၀ မှ ၁၀၀၀ ကီလိုအထိ ပင်ရေပျံကြသည်။ သဲကန္တာရကဲ့သို့ ရေနည်းသောပတ်ဝန်းကျင်မျိုးတွင် အခြေချရှင်သန်နေကြသော အပင်များမှာ အပင်အတွင်းမှ ပင်ရေပျံဆုံးပါးမှု လျော့နည်းစေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်မြဲဖြစ်သည်။ အရွက်နှင့် အပင်၏မျက်နှာပြင်ပေါ်တွင် ရေမစိမ့်နိုင်သော ကျူတီကယ်ခေါ် ဖယောင်းလွှာများဖြစ်ပေါ်ခြင်းက ရေလိုအပ်မှုကို လျော့နည်းစေသည်။ တစ်နည်းအားဖြင့် ပင်ရေပျံခြင်းကို လျော့နည်းစေသော အကြောင်းများတွင် အရွက်အရေအ တွက်လျော့နည်းခြင်း၊ အရွယ်သေးငယ်ခြင်း၊ အရွက်မျက်နှာပြင်လျော့နည်းရန် အရွက်များလိပ်ခြင်း၊

အပ်ချောင်းပုံဖြစ်ပေါ်ခြင်း၊ အရွက်ကြွေခြင်း တို့ဖြစ်သည်။ များစွာသော ကန္တာရပင်များတွင် အရည် ရွှမ်းသော အပင်မျိုးများရှိနေမည်။ ထိုအပင်များ၏ အလင်းမှီအစာချက်ခြင်းမှာလည်း နေ့ကာလ ပူ ပြင်းခြောက်သွေ့သော ဝန်းကျင်တွင် ရေဆုံးပါးမှုကိုလျှော့ချရန် စတိုမာများကိုပြန်ဖွင့်ပြီး ဝန်းကျင်လေ ထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို ရယူကြသည်။ ထိုကဲ့သို့သော အစာချက်နည်းကို ခရတ်စူးလျှံအက်စစ် မက်တာဘော်လစ်ဇင် (Crarsulean Acid Metabolism CAM – ကမ်) ဟု ခေါ်သည်။ ပင် ရည်ပျံခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုများ ဝန်းကျင်လေထုအပူချိန် မြင့်တက်သည်နှင့်အမျှ ပင်ရည်ပျံနှုန်း မြင့်တက်လေ့ရှိသည်။

အလင်းရောင်

ပင်ရည်ပျံခြင်းအပေါ် အလင်း၏သက်ရောက်မှုမှာ တိုက်ရိုက်နှင့် သွယ်ဝိုက်မှုဟူ၍ နှစ်မျိုးရှိသည်။ အလင်းသည် စတိုမာများကို ပွင့်စေသောကြောင့် ပင်ရည်ပျံခြင်းကို အားပေးသော်လည်း အလင်းလွန် ကဲသောအခါ အပူချိန်မြင့်တက်မှုမှာကား ပင်ရည်ပျံခြင်းကို ကျဆင်းစေသည်။ ဝန်းကျင်စိုထိုင်းဆ၊ လေ တိုက်ခတ်နှုန်း၊ မြေဆီလွှာအတွင်း ရေရရှိနိုင်မှုများကလည်း သီးနှံပင်များ၏ ပင်ရည်ပျံခြင်းအပေါ် သက်ရောက်မှုများဖြစ်စေသည်။

သီးနှံပင်များ၏သဘာဝ

မတူညီသော သီးနှံပင်များ၏ သဘာဝကြောင့် ယင်းတို့၏ ပင်ရည်ပျံခြင်းမှာလည်း အတူကွဲပြားလျက်ရှိသည်။ အရွက်မျက်နှာပြင်ပိုကျယ်သော အပင်များက ပင်ရည်ပျံနှုန်းပိုမြဲဖြစ်သည်။ ပိုမြင့်သော အပင်များက ပုသောအပင်များထက် နေရောင်ပိုရခြင်းကြောင့် ပင်ရည်ပျံနှုန်းပိုများသည်။ ရေနည်းသောအ ရပ်များ၌ပေါက်သော အရည်ရွှမ်းအပင်များမှာ ပင်ရည်ပျံနှုန်းနည်းကြသည်။

ရေငွေ့ပျံခြင်းနှင့် ပင်ရည်ပျံခြင်း (Evapotranspiration)

ရေငွေ့ပျံခြင်း (Evaporation) နှင့် ပင်ရည်ပျံခြင်း (Transpiration) မှာ တစ်ပြိုင်တည်းဖြစ်ပေါ်နေသော ဖြစ်စဉ်များဖြစ်၍ သီးသန့်စီခွဲခြားလေ့လာရန် မလွယ်ကူပေ။ ထို့ကြောင့် စိုက်ခင်းရေဆုံးပါးမှုအားလုံးကို တစ်ပေါင်းတည်းအဖြစ် ဖော်ပြသော ရေငွေ့ပျံခြင်းနှင့် ပင်ရည်ပျံခြင်းကို ပေါင်းပြီး Evapotranspirations အဖြစ် လေ့လာမှုပြုလုပ်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရေငွေ့ပျံခြင်းနှင့် ပင်ရည်ပျံခြင်းမှာ မြေဆီလွှာမျက်နှာပြင်မှ ရေငွေ့ပျံခြင်းနှင့် သီးနှံပင်များမှ ပင်ရေပျံခြင်းကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုရေပမာဏမှာ အပင်အသုံးပြုသော ရေပမာဏဟု ဆိုလိုခြင်းမဟုတ်ဘဲ အပင်များရှင်သန်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် အထွက်နှုန်းကောင်းမွန်ရန်အတွက် လိုအပ်သော ရေပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သော ရေပမာဏကို စိုက်ပျိုးသူက မိမိစိုက်ပျိုးသော သီးနှံပင်အား ထောက်ပံ့နိုင်မှ ကောင်းသောရလဒ်ကို ရရှိစေနိုင်မည်ဖြစ်သည်။ အပင်က လိုအပ်သော ရေပမာဏမှာ ဝန်းကျင်ရာသီ ဥတု၊ သီးနှံအမျိုးအစား၊ ကြီးထွားမှု၌တည်နေသည်။ ပူပြင်းခြောက်သွေ့ပြီး နေပြင်း၍ လေတိုက်ခတ်နှုန်း မြင့်သောနေရာမျိုးတွင် ရေလိုအပ်မှု ပိုလိုပေသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် ရေငွေ့ပျံခြင်း ပင်ရည်ပျံခြင်း၏ အရေးပါပုံ

ရေငွေ့ပျံခြင်းနှင့် ပင်ရည်ပျံခြင်းမှာ သီးနှံပင်များ၏ အထွက်နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေသည်။ ထိုဖြစ်စဉ်အတွက် လိုအပ်သောရေကို မြေဆီလွှာမှ အလုံအလောက်ရရှိရန် လိုအပ်သည်။ ရေများလွန်းခြင်းကလည်း ရေမလုံ လောက်ခြင်းထက် ပို၍ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ စိုက်ပျိုးသူအနေဖြင့် ရာသီမှန်တွင် စိုက်ပျိုးရန်လည်း လိုအပ်သည်။

မိုးရေ (သို့မဟုတ်) သွင်းရေမှ ရရှိမည့် ရေပမာဏနှင့် ရာသီအလိုက် လိုအပ်သော ရေပမာဏ ကိုက်ညီရန်လည်း လိုအပ်သည်။ မိုးခေါင်ရေရှားသော ဒေသမျိုးတွင် သီးနှံပင်အတွက် ရေကို ပမာလုံလောက်စွာ အချိန်ကာလကြာရှည်စွာ ရရှိရန်အတွက် ရေကိုထိန်းသိမ်းထားရန် လိုအပ်သည်။ ရေငွေ့ပျံခြင်း၊ ပင် ရည်ပျံခြင်းမှာ ဖြစ်စဉ်နှစ်မျိုးကို စုပေါင်းထားသော ဖြစ်စဉ်ဖြစ်သည်။ ရေငွေ့ပျံခြင်းမှာ ရူပဖြစ်စဉ်ဖြစ်ပြီး၊ ပင်ရည်ပျံခြင်းမှာ ဇီဝဖြစ်စဉ်ဖြစ်သည်။ စိုက်ပျိုးမြေက သင့်တော်ရာသီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်သကဲ့သို့ သီးနှံပင်အတွက် လိုအပ်သော ရေပမာဏရရှိရန်လည်း လိုအပ်သည်။ သီးနှံပင် ရိတ်သိမ်းရမည့်အချိန်နှင့် ကိုက်ညီမည့်စိုက်ချိန်ကိုလည်း ထိန်းညှိရန် လိုအပ်သည်။ အကယ်၍ စိုက်ပျိုးသူအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံပင်၏ သဘာဝကို ကောင်းစွာလေ့လာပြီး စိုက်ပျိုးမည့် ဝန်းကျင်အမျိုးအစားနှင့် ဆီလျော်မည့်အနေအထားကို ဖန်တီးနိုင်ပါက အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ရေငွေ့ပျံခြင်း၊ ပင်ရည်ပျံခြင်းဖြစ်စဉ်မှာ သီးနှံပင်များ၏ ရှင်သန်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် အထွက်နှုန်းအပေါ် ကြီးမားစွာ သက်ရောက်မှုရှိသည်ကို သတိပြုရန် လိုအပ်သည်။

ဦးဖရက်သိန်းဖေ

လယ်ယာစီးပွားဂျာနယ်မှ ကူးယူဖော်ပြပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်