ယူရီယားဖြင့်ပြုပြင်ကျွေးမွေးပါက အသားဓာတ်ပါဝင်မှုများလာပါတယ်

02/09/2019 20:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကောက်ရိုးသည် စပါးစိုက်ပျိုးသောဒေသတိုင်းတွင် အလွယ်တကူရရှိနိုင်သော ကုန်ကြမ်းပစ္စည်းဖြစ်သည်။ သို့သော် ကောက်ရိုးကို စားသုံးသောပမာဏ၏ ၄၅% မှ ၅၀% ကိုသာ ခန္ဓာကိုယ်မှ အသုံးချနိုင်ပါသည်။ ကောက်ရိုးတွင် အသားဓာတ် အကြမ်း ၃-၅%၊ မီးစုန်းဓာတ် ဝ.၁၂-ဝ.၁၆%၊ ထုံးဓာတ် ဝ.၄%၊ အမျှင်ဓာတ် ၁၀-၁၂%၊ ဆီလီကာ ၃-၅% ပါဝင်ပါသည်။

    ကောက်ရိုးသည် အစာကြမ်းဖြစ်၍ အမျှင်ဓာတ်များစွာပါဝင်ခြင်း၊ နိုက်ထရိုဂျင် သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်ပါဝင်မှုနည်းပါးခြင်း၊ အစာချေဖျက်နိုင်စွမ်းနည်းပါးခြင်းတို့ကြောင့် သာမန်ကောက်ရိုးကျွေးခြင်းဖြင့် ကိုယ်အလေးချိန် တစ်နေ့လျှင် (ဝ.၁၄) ကျပ်သားနှုန်းသာ တိုးနိုင်ခြင်းကြောင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြင့်လာမည်မဟုတ်ပါ။

     ကောက်ရိုးကို ယူရီယား-ပုလဲဓာတ်မြေသြဇာဖြင့် ပြုပြင်ကျွေးမွေးပါက မပြုပြင်သော ကောက်ရိုးထက် ကျွဲနွားများနှစ်ခြိုက်စွာ (၃၀-၅၀%) ပိုမိုစားနိုင်ခြင်း၊ အသားဓာတ်ပါဝင်မှုများလာကာ အာဟာရဓာတ်တန်ဖိုးမြင့်မားလာ၍ အစာချေနိုင်စွမ်း တိုးတက်လာခြင်း၊ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာ ကောင်းမွန်ခြင်း၊ နို့ထုတ်လုပ်မှုတိုးတက်လာ၍ နို့တွင် အဆီဓာတ်ပါဝင်မှု များလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပြီး အစာနုဖြည့်စွက်စာပမာဏကိုလည်း လျှော့ချနိုင်သဖြင့် ကုန်ကျစရိတ်လည်း သက်သာစေနိုင်ပါသည်။

ကောက်ရိုးပြုပြင်ခြင်း၊ နေရာရွေးချယ်ခြင်း

    ကောက်ရိုးပြုပြင်ရန်အတွက် လွယ်ကူစွာသယ်ယူနိုင်သည့် နွားတင်းကုပ်နှင့်နီးသော နေရာ၊ ရေမဝပ်နိုင်သောနေရာ ညီညာပြန့်ဖြူးသောမြေပြင်ပေါ် စုပုံဖုံးအုပ် သိုလှောင်ခြင်း နည်းဖြင့် ပြုပြင်နိုင်ပါသည်။

လိုအပ်သောပစ္စည်း

    • ပုလဲဓာတ်မြေသြဇာ (၅၀)ကျပ်သား (ကောက်ရိုး ၁၀ ပိဿာပြုပြင်ရန်အတွက်)

    • ရေ(၃.၅)ဂါလံ (၅% ဖျော်ရည်ပြုလုပ်ရန်)

    • ပလတ်စတစ်စ (ကောက်ရိုးခင်းရန်နှင့် ဖုံးအုပ်ရန်)

    • ရေပန်းကရား

    • ကောက်ရိုးနင်းသိပ်ရန် လူ (၄-၅)ယောက်

        မြေပြင်ပေါ်တွင် ပလတ်စတစ်ကိုခင်းပြီး (၁၅-၂၀) စင်တီမီတာ (လက်တစ်မိုက်မှ တစ်ထွာသာသာ) အမြင့်ရှိ ကောက်ရိုးတစ်လွှာခင်းပြီး ယူရီးယားဖျော်ရည်ကို ရေပန်းကရားဖြင့် နှံ့အောင်ဖျန်းပါ။

        ကောက်ရိုးများကြား လေခိုအောင်းမှုနည်းစေရန် ခြေထောက်ဖြင့်နင်းပြီး ကောက်ရိုးအားလုံးကုန်သည်အထိ တစ်လွှာပြီးတစ်လွှာခင်း၍ ပုလဲဓာတ်မြေသြဇာဖျော်ရည်အားလုံးကုန်အောင်ဖျန်းပါ။ ကောက်ရိုးကို လေလုံအောင် ပလတ်စတစ်ဖြင့် သေချာစွာဖုံးအုပ်ရပါမည်။ 

        ပြုလုပ်သိုလှောင်ပြီး (၁၄-၂၁) ရက် အကြာတွင် စတင်ကျွေးနိုင်ပါသည်။ ပြုပြင်ပြီး ကောက်ရိုးသည် အမိုးနီးယားအနံ့ရ၍ နူးညံ့ပျော့ပျောင်းပြီး အဝါညစ်ရောင်ပြောင်းလာပါ မည်။ မကျွေးမီအတန်ကြာအောင် လေသလပ်ထားခြင်းဖြင့် စူးရှသောအမိုးနီးယား ဓာတ်ငွေ့ကင်းစင်မည်ဖြစ်ပါသည်။

       ယူရီယားကောက်ရိုးကို ကျွဲ၊ နွားများ အသက် (၆) လ ကျော်မှစတင်ကျွေးသင့်သည်။ မှိုတက်နေလျှင်မကျွေးရပါ။ ပြုပြင်ပြီးကောက်ရိုးကို သီးသန့် (သို့) ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနု၊ မြက်၊ ပဲနွယ်ပင်၊ ဘောစကိုင်း စသည့်အစာများနှင့် ရောကျွေးနိုင်ပါသည်။

ဖွဲနုနှင့်ရောကျွေးခြင်း

     နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီးကောက်ရိုးအလေးချိန်စုစုပေါင်း၏ (၁၅-၂၀%) အလေးချိန်ရှိဖွဲနုနှင့် ရောကျွေးနိုင်ပါသည်။

ဥပမာ - ခိုင်းနွားကြီးတစ်ကောင်သည် တစ်ရက်လျှင်ပြုပြင်ပြီး ကောက်ရိုး (၈)ပိဿာ စားနိုင်ပါက ဖွဲနု (၁.၂) ပိဿာ (သို့မဟုတ်) (၁.၆)ပိဿာ ရောကျွေးရပါမည်။

နှမ်းဖတ်နှင့်ရောကျွေးခြင်း

       နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီး ကောက်ရိုးစုစုပေါင်း၏ (၁၀%) အလေးချိန်ရှိနှမ်းဖတ်နှင့် ရောကျွေးပါ။ ဥပမာ - ပြုပြင်ပြီး ကောက်ရိုး (၈) ပိဿာ ကျွေးရမည်ဆိုလျှင် နှမ်းဖတ် (၈၀) ကျပ်သားရောကျွေးရပါမည်။

       မြန်မာနိုင်ငံတွင် ကောက်ရိုးစားသုံးသော ကျွဲ၊ နွားများဖြင့် လယ်ယာလုပ်ငန်းကို ဆောင်ရွက်နေရပါသည်။ ကောက်ရိုးထက် ဈေးနှုန်းသက်သာပြီး အလွယ်တကူရရှိနိုင်သော တိရစ္ဆာန်အစားအစာကိုရှာဖွေ၍ မရနိုင်သေးသဖြင့် ရှိရင်းစွဲကောက်ရိုးကို အာဟာရတန်ဖိုး ပိုမိုပြည့်စုံစေပြီး ကျွဲ၊ နွားများ နှစ်ခြိုက်စွာစားနိုင်စေရန် ယူရီးယား (ပုလဲဓာတ်မြေသြဇာ)ဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် အစာနုကုန်ကျစရိတ်သက်သာစေပြီး ကိုယ်အလေးချိန်တိုးလာကာ ကျန်းမာဝဖြိုး  အင်အားတိုးပြီး နို့ထွက်နှုန်းပိုမိုကောင်းမွန်သည့် ကျွဲ၊ နွားများ တိုးပွားလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်