ဖေဖော်ဝါရီလအတွင်း ငါးသားပေါက်စျေးကွက် သိသိသာသာကျဆင်း

14/02/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖေဖော်ဝါရီလအတွင်း ငါးသားပေါက်စျေးကွက် အရောင်းအဝယ်များ သိသိသာသာ ကျဆင်းနေကြောင်း ငါးသားပေါက် ရောင်းချသူများက ပြောသည်။

ဆောင်းတွင်း အအေးပိုင်းဆိုတော့ အရောင်းပါးတယ်။ ငါးတွေက ကျန်းမာရေးနဲ့ပတ်သက်လာရင် အထိအခိုက်မခံဘူးလေ။ အတိမ်းစောင်းမခံတာပေါ့။ လူတွေလိုဘဲပေါ့။ အအေးဒဏ်ကြောင့် နေထိုင်မကောင်းတာမျိုး၊ အသေအပျောက် များတာမျိုး ဖြစ်တတ်တယ်။ ဒါ့ကြောင့် သားပေါက် အဝယ်ပါးနေပါတယ်။ ဝယ်လိုအားထက် ရောင်းလိုအား များနေတာပေါ့။

ဟု ရန်ကုန်တိုင်း၊ ရွှေပေါက္ကံရှိ ငါးသားပေါက် စီးပွားဖြစ်ရောင်းချနေသူ ကိုနေမင်းက ပြောသည်။

၂၀၁၈ခုနှစ် နိုဝင်ဘာလမှစတင်ကာ ငါးသားပေါက်စျေးကွက်  ကျဆင်းလာခြင်း ဖြစ်ပြီး ယခုနှစ်တွင်မူ ယခင်နှစ်များကထက် ရောဂါဘယ များပြားကြောင်း ကိုယ်တိုင်မွေးမြူနေသူများက ပြောသည်။

သားပေါက်နှုန်းက နည်းနေတာ မဟုတ်ဘူး။ အဓိကက ငါးစျေးမကောင်းတာနဲ့ ရောဂါဘယ များလာတာကြောင့်ပါ။ အခုတလော ငါးစျေးလေး နည်းနည်းပြန်တော့ ကောင်းလာပေမယ့်လည်း ဆောင်းတွင်းဆိုတော့ အရောင်းအဝယ်က နည်းပြန်တယ်။ ဒီနှစ်ကျတော့ ပုံမှန်ဆောင်းတွင်းထက်ကို ရောဂါဘယ များလာတာ။ ငါးပြေမလို ငါးမျိုးဆို အရောင်းအဝယ် လုံးဝကို ပိတ်ပစ်ရတဲ့အထိပဲ။ အရင်က မြေကန်ထဲထည့်လိုက်တာနဲ့ သူ့ဘာသူ ရှင်သန်နိုင်တယ်။ အခုကျတော့ အကောင်ရေ သိန်းရာချီတောင် သေတယ်။

ဟု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ငါးပုစွန်မွေးမြူရောင်းဝယ်ရေး လုပ်ငန်းမှ ကိုကျော်စွာက ပြောသည်။

လက်ရှိစျေးကွက်အတွင်း ငါးခူသားပေါက် တစ်လက်မခွဲ အရွယ်အစားကို (၂၀)ကျပ်၊ ၂လက်မ အရွယ်အစားကို (၃၀)ကျပ်၊  ၃လက်မ အရွယ်ကို (၄၀)ကျပ် စျေးနှုန်းဖြင့် လက်ကားရောင်းဝယ်နေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်