စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့သောစိုက်ပျိုး‌ရေးစနစ်သို့

16/10/2021 12:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    နယ်ပယ်အသီးသီးကပညာရှင်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်သူများနှင့် ဦးဆောင်လမ်းညွှန်သူ တော်တော်များများသုံးစွဲနေသည့် စကားလုံးများအနက် Sustainability နှင့် Development ဟူသည့် စကားလုံးနှစ်လုံးမှာ ထင်ရှားလူသိများသည်။ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ မည်သည့်အချိန်က စတင်သုံးစွဲသည်ကိုမသိသော်လည်း ယခုအခါ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပြောနေကြ ရေးနေကြဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲရေး

    Sustainability စကားလုံးကို ခွဲခြားလိုက်လျှင် Sustain နှင့် ability ကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သိမြင်နိုင်သည်။ Sustain ၏အဓိပ္ပါယ်ကို တည်တံ့စေသည်၊ အကျိုးပြုသည်-လို့ ကောက်ယူတာကို ကြိုက်သည်။ ability ၏အဓိပ္ပါယ်ကို စွမ်းရည်၊ အရည်အချင်း-လို့ကောက်ယူတာကို ကြိုက်သည်။ ဤသို့ဆိုလျင် Sustainability ဆိုသည်မှာ တည်တံ့စေသည့်စွမ်းရည်၊ တည်တံ့စေသည့်အရည်အချင်း၊ အကျိုးပြုသည့်စွမ်းရည်၊ အကျိုးပြုသည့်အရည်အချင်း စသည့်အဓိပ္ပါယ်တွေ ပါဝင်နေသည်။ စကားလုံးအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေး-ဟု သုံးစွဲလျှင်သင့်တော်မည်လား။ နှစ်သက်သလို ဆုံးဖြတ်နိုင်ပါသည်။

    တစ်ခုခုကို ဆောင်ရွက်တော့မည်ဆိုလျှင် စွမ်းရည်ရှိဖို့၊ အရည်အချင်းရှိဖို့လိုသည်။ ဒါ့ကြောင့် ဗဟုသုတရှိ ဖို့လိုသည်။ သဘောထားမှန်ရှိဖို့လိုသည်။ အလေ့အကျင့်၊ လက်တွေ့ရှိဖို့လိုသည်။ အခက်အခဲ၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိဖို့လိုသည်။ ဆက်ဆံရေးကောင်းဖို့လိုသည်။ အံဝင်ခွင်ကျ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိဖို့လိုသည်။ အချုပ်အားဖြင့် လုပ်ကိုင်နိုင်စွမ်းရှိသူဖြစ်ဖို့လိုသည်လို့ ပြောလိုပါသည်။ 

ဖွံ့ဖြိုးတိုးတက်ရေး

    ရေရှည်တည်တံ့ခိုင်မြဲဖို့သည် ဖွံ့ဖြိုးရေးမပါလျှင် မပြီးပါ။ Development ပါရပါမည်။ Develop ၏ ပြောင်းပြန်မှာ Envelop ဖြစ်သည်။ သို့ဖြစ်၍ Develop မှာ ပိတ်ထားတာမဟုတ်၊ ပတ်ခြုံထားတာမဟုတ်၊ ဖွင့်ထားခြင်း၊ အဖုံးလှပ်ထားခြင်း ဖြစ်သည်။ ဖြစ်နိုင်ခြေရှိတာ၊ အလားအလာရှိတာအားလုံးရနိုင်ဖို့ လမ်းဖွင့်ထားခြင်းဖြစ်သည်။ တိုးတက်ဖို့၊ ကြီးထွားဖို့၊ လှုပ်ရှားဖို့၊ အပြုအမူ၊ စူးစမ်းရှာဖွေဖို့ စသည် လမ်းဖွင့်ထားခြင်းဖြစ်သည်။ ကောင်းမွန်သစ်ဆန်းသော အကြံဉာဏ်တွေ၊ လုပ်ငန်းစဉ်တွေ၊ အတွေးအမြင်တွေ၊ နည်းပညာတွေရဖို့ နားထောင်ရမည်။ သင်ယူရမည်။ လေ့လာရမည်။ အတိတ်က ကောင်းမွန်သည့်အရာတွေကို ထိန်းသိမ်းပြီး အနာဂါတ်အတွက် ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ဖြစ်ပါသည်။`

    ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲမှု၊ စားနပ်ရိက္ခာမဖူလုံမှုစသည်တို့ ဖြစ်ပေါ်နေပေရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးဆောင်ရွက််ဖို့ Sustainability နှင့် Development တို့၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို ပြည့်စုံစွာသိရှိပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဖြစ်ပါသည်။

စားနပ်ရိက္ခာဖူလုံရေး

မိတ်ဆွေတစ်ဦးက ရေရှည်တည်တံ့ခိုင်မြဲဖို့ စွမ်းရည်ရှိဖို့လိုကြောင်းပြောစဉ် မေးခွန်းတစ်ခုမေးလာဖူးသည်။

“ကျွန်တော်တို့က ဘာကို ရေရှည်တည်တံ့ခိုင်မြဲအောင်လုပ်သင့်တာလဲ?” ကျွန်တော်တို့က စိုက်ပျိုးရေးသမားတွေပဲ။ အဖြေကရှင်းပါသည်။ 

“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်တည်တံ့အောင်လုပ်သင့်တာပါ။ တနည်းအားဖြင့် အစားအစာလုံလုံ လောက်လောက်ရရှိနေအောင် လုပ်ရမှာပါ”

    ကိုယ့်ကိုယ်ကိုယ်ဆိုတာ တစ်ဦးချင်း၊ တစ်ရွာချင်း၊ တစ်မြို့နယ်ချင်းမှသည် တစ်နိုင်ငံချင်း တစ်ကမ္ဘာလုံးကို ဆိုလိုပါသည်။

    စိုက်ပျိုးသူ တောင်သူလယ်သမားတစ်ဦးအနေဖြင့် စဉ်းစားလျှင် မိမိအိမ်ထောင်စုအတွက် အစားအစာဖူလုံအောင် လုပ်ဖို့လိုသည်။ နေ့စဉ်လိုအပ်ချက်တွေဝယ်ယူဖို့ ငွေကြေးပြည့်စုံအောင် လုပ်ဖို့လိုသည်။ ထိုမျှမက နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာမှုအဆင်ပြေရေး စသည် ပြည့်စုံအောင်လုပ်ဖို့လိုသည်။ သို့ဖြစ်၍ စိုက်ပျိုးရေးမှ သီးနှံအထွက်တွေကောင်းအောင်လုပ်ဖို့လိုသည်လို့ ပြောလိုပါသည်။

    သီးနှံတွေ အထွက်ကောင်းအောင်လုပ်ဖို့ဆိုလျှင် စိုက်ပျိုးမြေဆီလွှာကို ကောင်းမြဲကောင်းအောင် လုပ်ဖို့လိုသည်။ သဘာဝရေမြေပတ်ဝန်းကျင်တွေ အမြဲကောင်းနေအောင် လုပ်ဖို့လိုပါသည်။

    လူသည် တစ်ဦးတည်းနေထိုင်သည့်အလေ့အထမရှိပါ။ မိသားစုနှင့်နေထိုင်သည်။ အပေါင်းအသင်း၊ လူအစုအဖွဲ့၊ ကျေးရွာ၊ မြို့နယ်စသည် ပေါင်းသင်းဆက်ဆံကာ အတူတကွနေထိုင်ကြသည်။ အချင်းချင်း ညီညွတ်ဖို့လိုသည်။ စာနာဖို့လိုသည်။ ယုံကြည်မှုရှိဖို့လိုသည်။ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းဖို့လိုသည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဖြစ်သည်။ သို့ဖြစ်၍ လူ့အသိုက်အဝန်းတစ်ရပ်လုံးအတွက် နေထိုင်မှုပတ်ဝန်းကျင်တွေ ဖွံ့ဖြိုးအောင် လုပ်ဖို့လိုသည်။ စားနပ်ရိက္ခာဖူလုံရေး ကြိုးစားဖို့လိုပါသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်သို့

    ရေရှည်တည်တံ့စေမည့် စိုက်ပျိုးထုတ်လုပ်မှုစနစ်ကိုသွားရန် ရေကို အကျိုးရှိစွာ ထိန်းသိမ်းအသုံးချဖို့နှင့် ရေအနည်းလိုသည့်သီးနှံမျိုးတွေကို စိုက်ပျိုးဖို့လိုသည်။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းသည့်ဆေးတွေကို ဖျန်းသင့်သောအချိန်၊ ဖျန်းသင့်သောပမာဏကို အသုံးပြုကြဖို့လိုသည်။ 

    ဒါ့အပြင် လယ်ကွင်းထဲရှိ ရိုးပြတ်နှင့် ကောက်ရိုးများကို မီးရှို့ခြင်းမလုပ်ဖို့ လိုသည်။ ဇီဝဓာတ်ငွေ့ထုတ်လုပ်မှုအတွက် ပြင်ဆင်သည့်လုပ်ငန်းများတွင် အသုံးချဖို့လိုပါသည်။ ဒါကတော့ ကျွန်တော်ဖတ်ဖူးသည့် အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးရေးသုတေသနကောင်စီကနေ လယ်သမားများသို့ အကြံပြုခဲ့တာ ဖြစ်ပါသည်။ 

    အကြံပြုချက်များတွင် သီးနှံတစ်မျိုးတည်းစိုက်ပျိုးသည့် စနစ်အစား သီးနှံမျိုးစုံစိုက်ပျိုးကြဖို့ ပါဝင်သည်။ သီးနှံစုံစိုက်ပျိုးရေး၌ သီးနှံအလှည့်ကျစိုက်ပျိုးစနစ်ကို ဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအနေဖြင့် ပြောင်းဖူး၊ ပဲပုပ်နှင့် ၀ါတို့ကို အလှည့်ကျစိုက်ပျိုးရန်ဖြစ်ကြောင်း ပြောကြားထားပါသည်။

    ဖတ်ရှုလေ့လာချက်အရ အိန္ဒိယနိုင်ငံ၏သတင်းတစ်ပုဒ်ကို ပြောပြတာဖြစ်သော်လည်း ကျွန်တော်တို့နိုင်ငံတွင်လည်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကိုသွားဖို့ဆိုလျှင် အတုယူစရာလို့ မြင်ပါသည်။

    ထို့ကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုး‌ရေးစနစ်ဆိုတာ ရှိသင့်တာဖြစ်ပါသည်လို့ အဆုံးသတ်ရင်း ယနေ့ကျရောက်တဲ့ အောက်တိုဘာ (၁၆) ရက် ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

ဆင်းသီဟ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်