အပင် - တစ်နှစ်ခံပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ ၁ ပေမှ ၃ ပေအထိ မြေတွင်လျှောက်၍ပေါက်သည်။ ပင်စည်သေးသွယ်ပြီး တစ်ခါတစ်ရံ ထောင်မတ်၍နေသည်။
အရွက် - ရွက်လွှဲထွက်သည်။ ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ထိပ်ဝိုင်းသည်။ ရွက်ညှာရင်းတွင် သေးငယ်သော ရွက်စွယ်ရှိ၏။ ရွက်ကြောများထင်ရှား၏။ ရွက်ပြားချော၍ ရွက်နားညီပြီး ရွက်ညှာရှည်သည်။
အပွင့် - ရိုးတံ၏အဆစ်များတွင် နီဝါရောင်အပွင့်များ အဆုပ်လိုက်ပွင့်သည်။ တစ်ပို့တွဲလ၌ ပွင့်သည်။
အသီး - သီးတောင့်ရှည်ဖြစ်ပြီး ပြားသည်။ ကဆုန်၊ နယုန်လများတွင် သီးလေ့ရှိသည်။
ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့် ပူအိုက်သောဒေသများတွင် ပေါက်ရောက်သည်။ သဘာဝအလျှောက် ပေါက်ရောက်လေ့ရှိသည်။
အာနိသင်။ ။ မြန်မာ့ဆေးကျမ်းများအလိုအရ သံမနိုင်ကျောက်မနိုင်သည် ချုပ်သော သတ္တိရှိသည်။ ဖောရောင်ခြင်းကို ကျစေသည်။ ထိုင်းမှိုင်းစေသည်။ ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်၊ ကျောက်တည်ရောဂါများကို ပျောက်ကင်းစေ၍ အနာများကို ပြည်ပေါက်စေပါသည်။
အသုံးပြုပုံ
အရွက်
• အရွက်ကို အရည်ညှစ် နို့နှင့်ရောသောက်ပါက ကလေးသူငယ်များ ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေသည်။
• အရွက်ခြောက်များကို ရေစိမ်၍သောက်ပါက ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူဆင်းခြင်း စသည်တို့ကို ပျောက်ကင်းစေသည်။
ပဉ္စငါးပါး
• ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ပြုလုပ်၍လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည်ရောဂါများ ပျောက်ကင်းစေသည်။
• ပဉ္စငါးပါးအစိုကို ထမင်းနှင့် ဆတူရော၍ကြိတ်ပြီး နံနက်ည နှစ်ကြိမ်အုံပေးပါက နို့နာများ ပြည်ပေါက်ပြီး ပျောက်ကင်းစေသည်။
ကိုးကား- မြန်မာ့ဆေးဝါးပင်များ