ဆေးဘက်ဝင် သနပ်ခါး

24/10/2019 13:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးရင်း။    ။Rutaceae (ရှောက်မျိုးရင်း)

   ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၀ – ၃၀ ပေအထိ မြင့်တတ်သည်။ ပင်စည်နှင့် အကိုင်းအခတ်များတွင် တစ်လက်မခန့်  ရှည်လျားချွန်ထက်သော ဆူးများရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာမှသာ အပွေးထူလာသည်။ အရွက်သည် ရွက်လွှဲထွက်သည်။ အရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တစ်ရွက်ပါရှိသည်။ အပွင့်သည် သေးငယ်၍ အဝါနုရောင်ရှိသည်။ အဆုတ်လိုက်ပွင့်ပြီး တန်ခူး၊ ကဆုန်လများတွင် ပွင့်တတ်သည်။ အသီးသည် ချဉ်သောအရသာရှိပြီး အပြွတ်လိုက်သီးသည်။ ငရုတ်ကောင်းစေ့ခန့် ရှိသည်။ အစေ့အရောင်မှာ အဝါနုရောင်ဖျော့ဖျော့ဖြစ်ပြီး ဝါခေါင်၊ တော်သလင်းလများတွင် အသီးမှည့်သည်။ အမြစ်သည် ပင်စည်ထက် အရောင်ပိုဝါသည်။ ရေသောက်မြစ်ရှည်လျားပြီး ဘေးမြစ်များသည်လည်း ရှည်လျားကာ ဖြန့်၍ ထွက်သည်။ 

   အပူပိုင်းဒေသဖြစ်သည့် ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်များတွင် ပေါက်ရောက်သည်။ အချို့ အထက်အရွက်ပြတ် တောခြောက်များ၌လည်း တွေ့ရသည်။ 

   မြန်မာ့ဆေးကျမ်းများအလိုအရ သနပ်ခါးသည် ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ၊ နှစ်မျိုးလုံး၌ သုံးနိုင်၏။

အရွက်၏ အသုံးဝင်ပုံ

၁။ ဝက်ရူးပြန်ရောဂါကုဆေးတွင် သုံးသည်။ အနာကြီးရောဂါများအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါပျောက်သည်။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။

၂။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်သုံးပါက အဖောအရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက်စေ၏။

အသီး၏ အသုံးဝင်ပုံ

၁။ အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်၏ အသုံးဝင်ပုံ

၁။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် အသုံးပြုသည်။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပြေစေသည်။ ကလေးချွဲကျပ်ပါက အမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျစေသည်။

၂။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည်ခြောက်ပဲသားနှင့် ရော၍ စာသုံးသော် မြွေဆိပ်ပျောက်ကင်းစေသည်။

၃။ သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့်ရော၍ သောက်သော် အစာအိမ်ရှိ အဆိပ်ကို ပြေစေနိုင်ပါသည်။ 

Source -  မြန်မာ့ဆေးဝါးပင်များ


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်