ရွက်ဖျန်းမှိုသတ်ဆေးတွေသုံးဖို့ အကောင်းဆုံးအချိန်

10/12/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   စိုက်ထားတဲ့အပင်တွေများ ကောင်းချက်။ သိပ်မကြာပါဘူး မှိုလေးတွေ ကပ်လာတယ်။ ကွင်းဆင်းဝန်ထမ်းကိုမေးကြည့်တော့ မှိုရောဂါဖြစ်တာတဲ့။ ဆေးလည်း ညွှန်းပေးသွားတယ်။ ဘယ်လောက်ထည့်ရမယ်ဆိုတာလည်း အကုန်တော့ ပြောပြသွားတာပဲ။ ဘယ်လိုအချိန်မှာ ဖျန်းတာအကောင်းဆုံးဖြစ်မလဲ မမေးမိလိုက်ဘူး။ ဖုန်းဆက်လိုက်ရမလား......?

တီ.....တီ.............ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျ။

"ဆရာလေးရေ မှိုသတ်ဆေးတွေ ဖျန်းဖို့ပြောသွားတာလေ။ ဘယ်လိုအချိန်မှာဖျန်းရင် အကောင်းဆုံးဖြစ်မလဲ သိချင်လို့ ပြောပြပါဦး။"

   ဒါက ဒီလိုပါ။ တကယ်လို့များ ကိုယ့်အခင်းထဲမှာ မှိုသတ်ဆေးကို မဖြစ်မနေသုံးရတော့မယ်လို့ဆိုရင်တော့ အောက်ကအချက်လေးတွေကို သတိထားလိုက်ရင်တော့ ဆေးကုန်တာလည်း သက်သာမယ်။ ပြီးတော့ ရောဂါတွေလည်း မြန်မြန်ပျောက်နိုင်ပါတယ်။ 

၁) လေတိုက်တာပါတဲ့အချိန် - တစ်နာရီကို ၉ မိုင်ကနေ ၁၅ မိုင်လောက်ရှိတဲ့အချိန်လောက်ဆို ဆေးဖျန်းလို့ရပါပြီ။ လေငြိမ်တဲ့အချိန်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ အဲ့လိုလုပ်တာက ကိုယ်ဖျန်းတဲ့နေရာကို တိုက်ရိုက် ဆေးကကျပြီးတော့ လေလွင့်သွားတာမျိုးကို ကာကွယ်နိုင်တာကြောင့်ဖြစ်ပါတယ်။ နေ့တစ်နေ့ရဲ့ အလယ်တည့်တည့်အချိန်ဟာ များသောအားဖြင့် လေငြိမ်လေ့ရှိတာကြောင့် အဲ့အချိန်မှာ မှိုသတ်ဆေးဖျန်းနိုင်ပါတယ်။ ဒါပေမဲ့ ဆေးအညွှန်းကို သေချာဖတ်ကြည့်စေချင်ပါတယ်။ တစ်ချို့က နေအရမ်းပြင်းတဲ့အချိန်မှာ ပက်ဖျန်းလိုက်မိရင် အပင်တွေကို လောင်စေတတ်ပါတယ်။ သူတို့ဖော်စပ်ပုံပေါ်မှာ မူတည်ပြီးတော့ ညနေဖက်ဖျန်းရမလား နေ့ခင်းနေ့လည်ဖက်ဖျန်းရမလားဆိုတဲ့အချိန်ကို သတ်မှတ်ထားတာကို အညွှန်းမှာ ရေးထားတတ်ပါတယ်။

၂) အရွက်တွေခြောက်သွေ့နေတဲ့အချိန်မှာ မှိုသတ်ဆေးဖျန်းပါ။ ရေလောင်းပြီးတဲ့အချိန်မျိုး၊ နှင်းတွေကျနေတဲ့အချိန်မျိုးမှာ ဆေးဖျန်းလိုက်ရင် အပင်တွေဆီကနေ မှိုသတ်ဆေးတွေက ဆေးချလိုက်သလိုဖြစ်ပြီးတော့ အပင်အရွက်လေးတွေပေါ်မှာ မကျန်တော့ပဲဖြစ်တတ်ပါတယ်။ ဆေးဖျန်းပြီးရင်လည်း အရွက်တွေကို (၄)နာရီလောက်တော့ ရေမစိုအောင်ထားရမှာဖြစ်ပါတယ်။ အနည်းဆုံးအချိန်ကိုပြောတာပါ။ တစ်ချို့ဆေးတွေကတော့ အညွှန်းမှာ ရေးထားတတ်ပါတယ်။

၃) တစ်ချို့ဆေးတွေက အပင်ထဲထိဝင်တဲ့ ဆေးတွေမျိုးရှိပါတယ်။ ပင်လုံးပျံ့ဆေးတွေလိုမျိုးပေါ့။ အဲ့လိုဆေးတွေဆိုရင် အပင်တွေထဲကိုဝင်အောင်လုပ်ပေးနိုင်ဖို့ လိုပါတယ်။ အရွက်တွေရဲ့ မျက်နှာပြင်တွေမှာ စတိုမာတာ လို့ခေါ်တဲ့ အပေါက်လေးတွေရှိပါတယ်။ အဲ့လိုအပေါက်လေးတွေ ပွင့်တဲ့အချိန်မျိုးမှာ ဖျန်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

၄) ရာသီဉတုတွေကိုခန့်မှန်းပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့ ကိုယ့်မှာကျတတ်တဲ့ မှိုရောဂါမျိုးက ဘယ်အချိန်မျိုးမှာ ကျတတ်တာလဲဆိုတာကို သတိထားကြည့်ပါ။ တော်တော်များများကတော့ စိုထိုင်းဆများတဲ့ရာသီဉတုတွေမှာ ဝင်တတ်ပါတယ်။ ကိုယ်ဆေးဖျန်းလိုက်ပြီးတဲ့အချိန်မှာ လေထုထဲကစိုထိုင်းဆ နည်းပြီး ပူလာတယ်ဆိုရင် ပိုကောင်းပါတယ်။ 

၅) ပျားလေးတွေ မထိမိပါစေနဲ့။ ရွက်ဖျန်းမှိုသတ်ဆေးတော်တော်များများက အပင်တွေကို ကူညီပေးတဲ့ ပျားလေးတွေကို ထိခိုက်စေတတ်ပါတယ်။ အဲ့လိုဆိုတော့ အခင်းထဲမှာ ပျားလေးတွေနည်းနေတဲ့အချိန်မျိုး မရှိတဲ့အချိန်မျိုးမှာ ဆေးဖျန်းပေးရင်တော့ အကောင်းဆုံးပါပဲ။ ပျားလေးတွေကလည်း လူတွေကို ကူညီနေတာဆိုတော့ သူတို့ကိုလည်း ပြန်ပြီးတော့ ကူသင့်ပါတယ်။

နောက်ထပ် သတိထားစရာအချက်လေးတွေ

၁. ဆေးဖျန်းပုံးကို စစ်ဆေးပါ။ ကောင်းကောင်းအလုပ်လုပ်နေတဲ့ ဆေးဖျန်းပုံးဖြစ်အောင် ပြင်ဆင်ထားရပါလိမ့်မယ်။ ဆေးဖျန်းခေါင်းတွေ မပိတ်အောင်လို့လည်း သေချာစစ်ဆေးထားပါ။ ဆေးဖျန်းခေါင်းကနေ ဆေးထွက်တာ ပုံမှန်အတိုင်းဖြစ်နေအောင် ရှင်းလင်းထားမှပဲ ဆေးဖျန်းတဲ့အခါမျိုးမှာ အကောင်းဆုံးအကျိုးသက်ရောက်မှုကို ရစေမှာဖြစ်ပါတယ်။

၂. မှိုသတ်ဆေးတွေကို ရောဂါလက္ခဏာကို စတင်မြင်ပြီးတဲ့နောက်မှာဖြစ်ဖြစ်၊ မကျခင်မှာကတည်းက ကျတတ်တဲ့ရောဂါတွေဆိုပြီးတော့ ကြိုတင်သုံးထားသင့်ပါတယ်။ သူက မှိုကပ်ရောဂါကျပြီး ပြင်းထန်လာတော့မှ မှိုတွေ အပင်ပေါ်ကိုတက်လာတာမျိုးဖြစ်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေအထားနဲ့ သုံးထားလိုက်ရင်တော့ အပင်တွေလည်း ခံနိုင်ရည်အားတွေ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာစေပါတယ်။

၃. ဆေးသွားဝယ်တယ်ဆိုရင် အညွှန်းတွေကို သေသေချာချာဖတ်ပါ။ ဘယ်မှိုတွေကိုသေစေနိုင်တာလဲ။ ဘယ်ရောဂါတွေကို သေစေနိုင်တာလဲဆိုတာကို သေချာအောင်လေ့လာပါ။ ဆိုင်က ကောင်းတယ်ဆိုပြီးပေးလိုက်တာတွေ မယူပါနဲ့။ 

၄. မဖျန်းခင်မှာသေချာ တွက်ကြည့်ပါ။ ဆေးတစ်ပုံးကို တစ်ဇွန်းဆိုရင် ငါက တစ်ဧကကို (၅)ပုံးဖျန်းမလား (၄) ပုံးပဲဖျန်းမလားဆိုတာပါ တွက်ချက်ကြည့်ပါ။ ပြီးရင် ဘယ်ကိုဖျန်းရမယ်ဆိုတာပါ ပါတယ်။ အဲ့လိုဆိုတော့ ဆေးက ထိသေလား ပင်လုံးပျံ့လားဆိုတာပါ ကြည့်ပြီးတော့ ဖျန်းမယ်ဆို ပိုအကျိုးများနိုင်ပါတယ်။ 

၅. ချဉ်ငံကိန်းကို သတိထားပါ။ မှိုသတ်ဆေးအားလုံးနီးပါးကတော့ ချဉ်ငံကိန်း (၇) မှာ အများဆုံး သုံးလို့ရအောင် ဖော်စပ်ထားတာတွေပဲဖြစ်ပါတယ်။ မြေချဉ်ငံကိန်းက (၇) ဝန်းကျင်လောက်ဆိုရင် အပင်က ကောင်းကောင်းပြန်လည်စုပ်ယူနိုင်ပြီးတော့ ကိုယ်ဖျန်းလိုက်တဲ့ဆေးတွေရဲ့ အကျိုးသက်ရောက်မှုက များစေမှာဖြစ်ပါတယ်။

ကဲ အဲ့လောက်ဆိုရင်တော့ အကောင်းဆုံးဖြစ်မဲ့ မှိုသတ်ဆေးဘယ်လိုဝယ်ရမလဲ။ ဆေးဖျန်းရင်ရော အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖျန်းရမလဲ ဘယ်အချက်အလက်တွေကို သတိထားရမလဲဆိုတာကို သိသွားလောက်ပြီး သတိချပ်နိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ တောင်သူဦးကြီးများ စီးပွားဉစ္စာ ဒီရေအလား တိုးပွားနိုင်ကြပါစေ။ 

ထွန်းဝင်းကျော်

Source- http://vegetablemdonline.ppath.cornell.edu/NewsArticles/When%20Best%20to%20Apply%20Fungicides-MTM-Cornell.pdf


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်