ချဉ်ပေါင်ဖာလာ စိုက်ပျိုးနည်း

06/07/2018 14:13 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၂၀၀၀-၄၀၀၀) အတွင်း ဖြစ်ထွန်းမှုကောင်းသည်။ အမြင့်ပေ (၁၀၀၀)အောက်တွင် အပင်ဖြစ်ထွန်းမှု ကောင်းမွန်သော်လည်း သီးပွင့်မှုနည်းပါး၍ အချို့နေရာများတွင် သီးပွင့်မှု မရှိသည်ကို တွေ့ရသည်။

ရာသီဥတုအနေဖြင့် စွတ်စိုမှုများပြား၍ အေးမြေသာရာသီကို နှစ်သက်သည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် (၁၂၀-၁၆၀) လက်မအတွင်း ပျမ်းမျှအပူချိန် (၁၃-၂၅) ဒီဂရီစင်တီဂရိတ် အတွင်းရှိသော ဒေသများ တွင် ဖြစ်ထွန်းလေ့ရှိသည်။ မြေချဉ်ငံဓါတ်အနေဖြင့် pH 5 – pH 6 အတွင်း ဖြစ်ထွန်းနိုင်သည်။

မြေအမျိုးအစား

မြေဆီသြဇာထက်သန်၍ အစိုဓါတ်ထိန်းသိမ်းမှုကောင်းမွန်ပြီး ရေမဝပ်သည့် မြေမျိုးကို နှစ်သက်သည်။ အပေါ်ယံမြေသားထုသည် မထူလွန်းသော မြေမျိုးဖြစ်သင့်သည်။ မြေသားထု ထူလွန်းပါက ချဉ်ပေါင် ဖာလာပင်၏ အမြစ်များသည် မြေအောက်သို့ နက်ရှိုင်းစွာ တိုးဝင်သွား၍ ၎င်းအမြစ်၏ အဆစ်များမှ ပန်းခိုင်ထွက်ရှိမှု အားနည်းသောကြောင့် သီးထွက်မှုကို ထိခိုက်ကြောင်းတွေ့ရသည်။  

မျိုးပွားစိုက်ပျိုးခြင်း

အပင်ကြီးမှ ပွားများထွက်ပေါ်လာသည့် ပင်ပွား၊ အစို့၊ အတက်များအား ဖြတ်ယူစိုက်ပျိုးနည်းနှင့် ရင့်မှည့်သောအစေ့မှ ပျိုးထောင်စိုက်ပျိုးနည်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။ သို့ရာတွင် အချိန်တိုအတွင်း အသီးထွက်ရရှိသည့် ပင်ပွားဖြတ်ယူ၍ စိုက်ခင်းနေရာတွင် တိုက်ရိုက်စိုက်ပျိုးနည်းကိုသာ အသုံးပြုကြ ပါသည်။

စိုက်ပျိုးခြင်း

စိုက်ပျိုးမည့် မြေနေရာရွေးချယ်ရာတွင် သစ်တောပင်ကြီးများ၊ သစ်သီးပင်ကြီးများ (ဥပမာ-ဒညင်းပင်) ပေါက်ရောက်လျှက်ရှိသော တောင်ကုန်းတောင်စောင်းနေရာများရှိ ချုံနွယ်ပင်များအား ခုတ်ထွင်ရှင်း လင်းပြီး စိုက်ပျိုးလေ့ရှိသည်။ စိုက်ပျိုးရာတွင် တစ်ပေပတ်လည် ကျင်းများတူး၍ တစ်ကျင်းလျှင် ပင်ပွား အတက် (၁ - ၃) ပင်ကို မေ လနှင့် ဇွန်လဆန်းပိုင်းများတွင် စိုက်ပျိုးလေ့ရှိသည်။

စိုက်ကျင်းတစ်ကျင်းနှင့် တစ်ကျင်းကြား (၃) ပေ ပတ်လည်ဖြင့် တစ်ဧကလျှင် (၄၈၄၀) ပင်နှုန်း စိုက် ပျိုးနိုင်သည်။ မြေသြဇာထက်သန်မှုအပေါ် မူတည်၍ ပထမနှစ်တွင် စိုက်ကျင်းတစ်ကျင်းမှ (၃-၁၀) ပင်ထိ ပွားများနိုင်သည်။ ဒုတိယနှစ်၌ စိုက်ခင်းတွင် သစ်တောပင်ကြီးများ၏ အရိပ်များလွန်းပါက အရိပ်ရာခိုင်နှုန်း ၆၀ % ခန့်ရှိအောင် ပြုပြင်ဖယ်ရှားပေးရသည်။ သို့မှသာ တတိယနှစ်တွင် သီးထွက်နှုန်း ကောင်းနိုင်ပါသည်။ ချဉ်ပေါင်ဖာလာသည် အရိပ်ကျရောက်မှု များလွန်းပါက သီးပွင့်မှု နည်းပါးသည်ကို တွေ့ရသည်။

ထို့ပြင် ဒုတိယနှစ်မှစ၍ နှစ်စဉ် ချဉ်ပေါင်ဖာလာခင်း၏ အောက်ခြေအား ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ချဉ်ပေါင်ဖာလာ ပင်သေပင်ခြောက်များအား ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် အထွက်နှုန်းအပေါ် အကျိုး သက်ရောက်မှုရှိကြောင်း တွေ့ရသည်။

ဒေသတွင်းရှိ ချဉ်ပေါင်ဖာလာများတွင် ဓါတ်မြေသြဇာသုံးစွဲမှု မရှိသလောက်နည်းပါးသည်ကို တွေ့ရ သည်။ အသီးအပွင့်များအား ကြွက်နှင့် ရှဉ့် ကိုက်ဖြတ်စားသောက်မှုမှလွဲ၍ ပိုးမွှားကျရောက်မှု မရှိ သလောက်ဖြစ်သည်။

ခူးဆွတ်ရိတ်သိမ်းခြင်း

ပင်ပွားစိုက်ပြီး တတိယနှစ်မှ စတင်၍ ဆွတ်ခူးနိုင်ပါသည်။ တစ်ဧကလျှင် (၅ - ၇)ပိဿာ အထိ ထွက်ရှိနိုင် ပြီး ပဉ္စမနှစ်မှစတင်၍ မျိုးနှင့် အပင်ပြုစုနိုင်မှုပေါ်မူတည်၍ တစ်ဧကလျှင် (၂၀-၃၀) ပိဿာ ထိ ထွက်ရှိနိုင်ပါသည်။

ချဉ်ပေါင်ဖာလာသည် မေလကုန်မှစတင်၍ အပွင့်ပွင့်ပြီး စက်တင်ဘာလမှ နိုဝင်ဘာလတွင် ခူးဆွတ် ရိတ်သိမ်းလေ့ရှိသည်။ ခူးဆွတ်ရာတွင် အခိုင်လိုက် ခူးဆွတ်၍ အခြောက်လှန်းသည့်နေရာ ရောက်သော အခါမှ သီးလုံးတစ်ခုခြင်း ဖြုတ်ယူပါသည်။ 

အခြောက်လှမ်းပုံအဆင့်ဆင့်

ချဉ်ပေါင်ဖာလာသည် ရိတ်သိမ်းချိန်တွင် မိုးမပြတ်သေးသောကြောင့် အောက်ဖော်ပြပါနည်း (၂) မျိုး ဖြင့် အခြောက်လှန်းလေ့ရှိပါသည်။

က။ ထင်း/မီးသွေးမီးဖြင့် အခြောက်လှန်းခြင်း - ထင်မီးဖြင့် အခြောက်လှန်းခြင်းသည် အစေ့အဆီ ထွက်ပြီး အရောင်ပိုကောင်းသည်ကိုလည်း တွေ့ရသည်။ ၂၄နာရီအတွင်း အခြောက်ရရှိ၍ အလေးချိန် လျော့ပါးခြင်းနည်းသည်။

ခ။ နေရောင်ဖြင့် အခြောက်လှန်းခြင်း - နေရောင်ဖြင့် အခြောက်လှန်းခြင်းသည် ခြောက်သွေ့ရန် အချိန် ပိုကြာတတ်ပြီး အရောက်အသွေးမတောက်ပဘဲ အလေးချိန်လေလွင့်မှု ပိုများပါသည်။ နေပူချိန် ဆက် တိုက်ရပါက (၂ - ၃) ရက်အတွင်း ခြောက်သွေ့ပါသည်။

ချဉ်ပေါင်ဖာလာကို အသီးခွံဖြင့် အခြောက်လှန်းခြင်းနှင့် အခွံချွတ်၍ အခြောက်လှန်းခြင်း နှစ်မျိုးလုံး အသုံးပြုပါသည်။ 

ခူးပြီးအသီးရင့်များကို ထင်းမီး (သို့) နေဖြင့် အခြောက်လှန်းခြင်းကို တောင်သူအများစု ပြုလုပ်ကြပြီး အချို့သော အခွံချွတ်၍ရရှိလာသော အစေ့များကို အခြောက်လှန်းကြသည်။ အစေ့ခြောက်ပြုလုပ်ရန် ပထမအဆင့်အနေဖြင့် နေရောင်တွင် တစ်ရက်လှန်း၍ ပီနံအိတ် (သို့) အိတ်တစ်ခုခုတွင် (၃) ရက်ခန့် ထည့်ထားရပါသည်။ ထိုသို့ ထည့်သွင်းထားခြင်းသည် အခွံခွာ၍ ရလာသော အစေ့အဆံများကို မီး (သို့) နေရောင်တွင် အခြောက်လှန်းရပါ သည်။

စျေးကွက်အခြေအနေ

ချဉ်ပေါင်ဖာလာ အစေ့ခြောက်၊ သီးလုံးခြောက်များကို တောင်ငူမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချခြင်း နှင့် သံတောင်ကြီးမြို့ရှိ ဒေသခံပွဲစားများသို့ ရောင်းချခြင်းကို ပြုလုပ်လျှက်ရှိပါသည်။

တောင်ငူပွဲရုံမှ မန္တလေးပွဲရုံသို့ပို့ပြီး ထိုမှတဆင့် မူဆယ်မှတရုတ်ပြည်သို့ နယ်ခြားကုန်သွယ်မှုဖြင့် တင်ပို့ရောင်းချလျှက်ရှိပါသည်။

အသုံးဝင်ပုံ

နိုင်ငံအတွင်း ချဉ်ပေါင်ဖာလာအား စိုက်ပျိုးထုတ်လုပ်သောလည်း ကုန်ကြမ်းအဖြစ်သာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ တဆင့်စကားဖြင့် သိရှိရသည်မှာ ချဉ်ပေါင်ဖာလာစေ့မှ အဆီထုတ်ယူ၍ တိုင်းရင်းဆေးဝါးများတွင် ထည့်သွင်း အသုံးပြုလျှက်ရှိကြောင်းသာ သိရှိရပါသည်။

ချဉ်ပေါင်ဖာလာသီးနှံသည် နိုင်ငံအတွင်း လူသိမများသေးသော်လည်း နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ် လမ်းမှ ရှာဖွေပေးလျှက်ရှိသည့်အပြင် စိုက်ပျိုးသူ တောင်သူများအတွက် တွက်ချေကိုက်သော သီးနှံတစ်ခုဖြစ်သဖြင့် ရေမြေရာသီဥတု တူညီနိုင်သည့် ဒေသများတွင် စမ်းသပ်တိုးချဲ့ စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ပါသည်။

Source - စိုက်ပျိုးရေးဦးစီးဌာန၊ သံတောင်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်