ပိန်းပန်းရဲရဲလေးတွေကို မျိုးယူစိုက်ကြမယ်

16/10/2019 13:55 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ပါစေ

   အိမ်မှာ အလှစိုက်ပန်းပင်လေးတွေကို စိုက်ချင်ပါတယ်။ ကရိကထလည်းမများချင်ဘူးဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ အနီရဲရဲလေးနဲ့ ပန်းပွင့်လေးတွေ ပွင့်တတ်တဲ့ ပိန်းပန်းပင်လေးတွေကို စိုက်တဲ့နည်းလေးကို ပြောပြပေးသွားမှာပါ။ 

    အပင်လေးကိုစိုက်ပြီးတော့ ဂရုစိုက်တဲ့ အပိုင်းလေးရယ်၊ မျိုးစေ့ကနေ အပင်ကို ပျိုးယူတဲ့အကြောင်းလေးရယ်ဆိုပြီးတော့ (၂)ပိုင်းခွဲပြောပေးပါမယ်။ 

မျိုးစေ့ကနေ ပျိုးယူခြင်းအကြောင်း

(၁) မျိုးကို ယူတာကတော့ အဆုံလေးကနေ ဖြတ်ယူကြတာပါပဲ။ ဒါပေမဲ့ မျိုးစေ့ကနေလည်း ယူလို့ရတယ်ဆိုတာ ပြောပြပေးပါမယ်။ သိကြတဲ့အတိုင်း ပိန်းပန်းပင်လေးတွေဆိုတာက အနီရဲရဲ ပန်းရောင်လေးတွေ အဖြူရောင် ပန်းပွင့်လေး ပွင့်တာပါ။ ပန်းပင်ရဲ့အလယ်မှာ မျိုးလေးတွေပါတဲ့ အချောင်းတိုင်လေးရှိပါတယ်။ အဲ့အတိုင်လေးကနေ မျိုးကိုယူရပါတယ်။ ခြောက်သွားမှ ယူရတာမဟုတ်ပါဘူး။ လတ်ဆတ်ပြီး အစိုဓာတ်ရှိနေတဲ့အချိန်မှာ ယူပြီးတော့ စိုက်ပေးရပါတယ်။ သတိထားရမှာက အဆိပ်ဖြစ်စေလို့ ပါးစပ်ထဲ မဝင်အောင် သတိထားပေးပါ။ 

(၂) အဖတ်လေးတွေကို ဖယ်ပေးပါ။ လက်အိတ်စွပ်ဖို့တော့ သတိပေးပါတယ်။ ကပ်နေတဲ့အဖတ်လေးတွေက မှိုတွေဖြစ်စေတတ်လို့ ဖယ်ပေးဖို့ ပြောတာပါ။ ထိမိရင် ယားပြီးယောင်တာတွေဖြစ်တတ်လို့ သတိတော့ ထားပေးပါ။

(၃) မျိုးစေ့လေးတွေ ပျိုးဖို့ မြေကိုပြင်ရပါမယ်။ မြေမွမွလေးနဲ့ ရေအစိုဓာတ်ထိန်းနိုင်တဲ့ မြေဖြစ်ရင် ရပါတယ်။  နည်းနည်းကြမ်းတဲ့မြေကို သူက ပိုကြိုက်ပါတယ်။ 

(၄) အိုးထဲက မြေလေးတွေထည့်မယ်။ ပြီးတော့ မျိုးစေ့လေးတွေထည့်၊ အပေါ်ကနေ ပလတ်စတစ်စနဲ့ အုပ်ထားပေးရပါမယ်။ အဖုံးနဲ့ မြေကြီးကြားထဲမှာ လေဟာနယ်တော့ ရှိရပါမယ်။ 

(၅) ရေလောင်းပေးပါ။ အနစ်ကြီးမဟုတ်ပဲနဲ့  နည်းနည်းစိုအောင်လောင်းပြီးရင် ပလတ်စတစ်လေးနဲ့ ပြန်ဖုံးပေးဖို့မမေ့ပါနဲ့။

(၆) ပူနွေးပြီး နေရောင် တိုက်ရိုက်မကျရောက်တဲ့နေရာမှာ ထားပေးပါ။ အပူချိန်ကတော့ (၂၇) ဒီဂရီ ဆဲလ်စီးယပ်၊ ((၈၀)ဒီဂရီဖာရင်ဟိုက်) လောက် အနည်းဆုံးရှိရပါမယ်။ အရိပ်တစ်ဝက်လောက်ကျတဲ့နေရာမျိုးမှာ ထားပေးရင် ရက် (၂၀) ကနေ (၃၀) လောက်အတွင်းမှာ အပင်လေးက အညှောင့်ပေါက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။  အဲ့အပင်လေးကိုမှ ထပ်ပြုစုပြီး အပင်လေးကြီးလာရင် နောက်တစ်အိုးထဲကို ပြောင်းစိုက် ပွားယူလို့ ရမှာဖြစ်ပါတယ်။ 

ကဲ နောက်တစ်ပိုင်းကတော့ အပင်လေးလည်းရနေပြီဆိုတော့ နောက်တစ်အိုးထဲကို ပြောင်းထည့်ပြီးတော့ ပြုစုစောင့်ရှောက်နည်းကို ပြောပြပေးမှာပါ။

(၁) မြေကိုပြင်ဆင်ခြင်း။    ။ ရေဝင်ရေထွက်ကောင်းပြီး နည်းနည်းလေးကြမ်းတဲ့မြေကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။ အဲ့တော့ မွမွလေးနဲ့ မြေကိုပြင်ထားပေးရမှာပါ။ သူက မြေကို သိပ်ရွေးတဲ့အထဲတော့ မပါဘူးဆိုတော့ နှစ်သားလည်း ဒီမြေ လသားလေးလည်း ဒီမြေ အတိုင်းပဲ အကြိုက်ပြောင်းလဲတာ မရှိပါဘူး။ အပူချိန် က ၄.၄ ဒီဂရီဆဲလ်စီးယပ်အောက်ရောက်နေတယ်ဆိုရင် အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးလေးထားပြီးစိုက်ပါ။ အကောင်းဆုံး အပူချိန်ကတော့ ၆၀ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက် (၁၅-၃၀) ဒီဂရီဆဲလ်စီးယပ်) ဖြစ်ပါတယ်။

(၂) အိုးပြင်ဆင်တဲ့အဆင့်။ ။ ကိုယ်စိုက်မဲ့အိုးကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးပြီးပြီဆိုရင် အိုးထဲကို အောက်ခြေမှာ ရေထွက်ကောင်းအောင် ကျောက်စရစ်ခဲ ဖြစ်ဖြစ်ထည့်ပေးလို့ရပါတယ်။ နောက် အိုးကို သုံးပုံပုံပြီး (၂) ပုံကို အလွတ်ထားပေးရမှာပါ။ သူက အမြစ်တွေက အရမ်းပွားပြီးကြီးလို့ ချန်ခိုင်းတာပါ။ မြေကို သုံးပုံ တစ်ပုံ ထည့်၊ ပြီးရင် အပင်ကိုတင် ဘေးနားမှာ မြေကြီးနည်းနည်းပြန်ထည့်ပေးပြီးရင် ရပါပြီ။  အပြည့်မထည့်ရပါဘူးနော်။ နောက်သားခွဲဖို့ အမြစ်တွေပွားလာဖို့အတွက် နည်းနည်းတော့ ချန်ထားပေးရပါလိမ့်မယ်။ 

(၃) နေရောင်တိုက်ရိုက်ကျတာကို မကြိုက်ပေမဲ့လို့ နွေးတဲ့နေရာမှာ ထားပေးပါ။     ။နေရောင်ကျတဲ့ ပြတင်းပေါက်ကနေဆို ၅ ပေကနေ ၈ ပေလောက်အကွာကနေပေါ့။ ညဖက်တွေ အရမ်းအေးရင် အပြင်မှာမထားပါနဲ့နော်။ 

(၄) လေထု စိုထိုင်းတာကို သူက ပိုကြိုက်ပါတယ်။ စိုထိုင်းထိုင်းလေးဖြစ်အောင်လို့ အိုးအောက်မှာ လင်ဗန်းလေးခံ၊ ကျောက်ခဲလေးတွေထည့်ပြီး ကျောက်ခဲလေးတွေအပေါ်မှာမှ ပန်းအိုးလေးကို ပြန်တင်ပါ။ ပြီးရင် လင်ဗန်းလေးထဲမှာ ရေကို ထည့်ထားပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း ဖျန်းတဲ့ဘူးလေးတွေနဲ့ အငွေ့လေးတွေဖြစ်အောင် ဖျန်းပေးရင်လည်း ရပါတယ်။ 

(၅) ရေလောင်းပါ။     ။ ဒါပေမဲ့ စိုမနေပါစေနဲ့။ ရေနည်းနည်းလောင်းပါ။ မြေက စိုစွတ်လွန်းသွားတဲ့ အခြေအနေထိရောက်အောင်တော့ မလောင်းမိအောင် သတိထားပါ။ ပူတဲ့ရာသီဥတုမှာတောင် နှစ်ရက် သုံးရက်မှ တစ်ခါလောင်းပေးပါ။ အပင်အမြစ်ကြီးတွေက ရေအများကြီး ကိုစုပ်ယူထားပေးနိုင်တာကြောင့်ပါ။  ရေလည်းလောင်းနေရဲ့သားနဲ့ အရွက်လေးတွေက ဝါလာတယ်ဆိုရင် (မခြောက်သွားဘူး အညိုရောင်မဖြစ်ဘူး) ရေလောင်းတာများနေလို့ ပြတဲ့ လက္ခဏာပါ။ 

(၆) ပုံသွင်းပါ။     ။ တစ်ချို့ မျိုးလေးတွေက အပင်မှာ ကပ်ပါးပေါက်တတ်တဲ့ အပင်ပုံလေးတွေ ဖြစ်တာကြောင့် အပင်လေးတွေပျော်အောင်ဆိုရင် အိုးထဲမှာ တုတ်ထောင်စိုက်ပေးတာမျိုး တွေ လုပ်ပေးရမှာပါ။ 

(၇) မြေသြဇာ။    ။ သိပ်တော့မလိုပေမဲ့ ပိုကောင်းပိုလှချင်ရင် ၃း၁း၂ အချိုးနဲ့ နိုက်ထရိုဂျင် (၃)၊ ပိုတက်စီယမ် (၁) နဲ့ ဖော့စဖိတ် (၂) အချိုးနဲ့ မြေသြဇာကို အညွှန်းအတိုင်း သုံးပေးလို့ရပါတယ်။ မြေသြဇာကျွေးပြီးရင်တော့ ရေလောင်းပေးပါနော်။ 

(၈) အိုးပြောင်းခြင်း။      ။ အပင်လေးတွေက ပြောထားတဲ့အတိုင်း စိုက်နေလို့ အရမ်းကို လှပြီး ကြီးလာတယ်ဆိုရင် အိုးခွဲရင်ခွဲ မဟုတ်ရင် အိုးအကြီးထဲကို ပြောင်းပေးရတော့မှာပါ။ တစ်နှစ်လောက်စိုက်ပြီးချိန်ဆို ရေက ခဏခဏလောင်းရတယ်။ ရေခြောက်တာက မြန်သွားတယ်ဆိုရင် အပင်လေးကို အိုးလေးပြောင်းပေးရတော့မှာပါ။ အိုးပြောင်းမယ်ဆိုရင်တော့ အပေါ်ယံမှာ မြေသားဖြစ်ဖြစ် ရေညှိဖတ်လေးတွေဖြစ်ဖြစ် ထပ်ထည့်ပေးပြီး ရေဓာတ်လေးရှိနေအောင်ထားပေးပါ။ အဲ့လိုဆို အမြစ်လေးတွေက ထပ်ကြီးလာမှာပါ။ အဲ့တက်လာတဲ့အမြစ်တွေအောက်မှာ ပင်စည်လေးတွေကို ဓားထက်ထက်နဲ့ ဖြတ်ပြီးတော့ အပင်ဂရုစိုက်တဲ့ အဆင့် (၁)ကအတိုင်းလေး ပြန်စိုက်ပေးရင် အဆင်ပြေမှာ အိုကေဖြစ်ပါပြီနော်။

   ကဲ အဲ့ဒါဆို အိမ်မှာ ပန်းပင်လေးတွေ အလှစိုက်ပြီး ပြုစုဖို့ ပြင်ဆင်နေတဲ့သူများ အကျိူးထူးကြပါစေ….

ထွန်းဝင်းကျော်

https://www.wikihow.com/Grow-Anthurium-Plants


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်