အမှီပင်လိုအပ်တဲ့ နံ့သာဖြူပင်စိုက်ပျိုးနည်း

17/09/2020 11:30 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    နံ့သာဖြူပင်တွေဟာ အမြဲစိမ်းလန်းတဲ့ အလယ်အလတ်သစ်ပင်မျိုးဖြစ်ပြီး အခြားအပင်တွေရဲ့အစာကို မြေအောက်အမြစ်များမှတဆင့် စုပ်ယူစားသုံးကြလို့ ကပ်ပါးပင်အမျိုးအစားတွေလည်းဖြစ်ကြပါတယ်။ နံ့သာဖြူပင်ရဲ့ အဆီအနှစ်ကို ရေမွှေးထုတ်လုပ်ရာမှာ  အဓိကသုံးပြီး အဆီအနှစ်ပါတဲ့ နံ့သာဖြူသားတစ်ပိဿာကို နှစ်သိန်းမှ သုံးသိန်းအထိ တန်းဖိုးရှိပါသတဲ့။ ဒါ့ကြောင့် စိုက်ပျိုးချင်သူများအတွက် စိုက်ပျိုးနည်းလေးကို မျှဝေပေးပါရစေ။

ရာသီဥတု အမျိုးအစား

- နေရောင်ကောင်းစွာရပြီး ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါတယ်။နံ့သာဖြူပင်ကို ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၀၀၀ မှ ပေ ၃၀၀၀ ကျော်အမြင့်အထိ စိုက်ပျိုးနိုင်ပြီး မိုးရေချိန်လက်မ ၃၀ မှ ၇၀ အတွင်း ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။

မြေအမျိုးအစား

- နံ့သာဖြူပင်က မြေနီ၊ ခဲမြေ၊ ကျောက်စရစ်ဆန်သောမြေ စသောမြေညံ့တွေမှာ ပိုမိုဖြစ်ထွန်းပါတယ်။ စိမ့်မြေ၊ လယ်မြေတွေမှာတော့ စိုက်ပျိုးလို့မရပါဘူး။ နုန်းဆန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေတွေမှာစိုက်ရင် ဖြစ်ထွန်းပေမယ့် အဆီအနှစ်ပါဝင်မှုနည်းပြီး ရနံ့သိပ်မမွှေးတာကို တွေ့ရပါတယ်။

ပျိုးထောင်ခြင်း 

- နံ့သာဖြူပင်ကို စိုက်မြေမှာတိုက်ရိုက်အစေ့ချ​ပြီး စိုက်လို့လည်းရပေမယ့် ပျိုးပြီးမှစိုက်တာက ပိုကောင်းပါတယ်။ ပလတ်စတစ်အိတ်နဲ့ ထည့်ပျိုးကြတာများပြီး အိတ်အရွယ်မှာ( ၅" ×၆")၊ ( ၅"× ၇") ရှိ ပလတ်စတစ်အိတ်တွေကို သုံးနိုင်ပါတယ်။ ရေစိမ့်ရန်အတွက် အိတ်တွေကို အနည်းဆုံး (၄) ပေါက်ဖောက်ပေးရပါမယ်။

- ပျိုးအိတ်တွေထဲမှာ ထည့်ရမယ့် မြေအချိုးအစားကတော့ နုန်းမြေ (၂) ဆ၊ နွားချေးမြေဆွေး (၁) ဆ၊ သဲ (၁) ဆ တို့ကိုရောစပ်၍ ဇကာချပြီးမှ ထည့်ရပါမယ်။ မျိုးစေ့မထည့်ခင် ပျိုးအိတ်တွေကို ရေလောင်းပေးထားရ​ပြီး၊ ပျိုးအိတ်တစ်အိတ်ကို မျိုးစေ့ (၂) စေ့နှုန်းဖြင့် ပျိုးထောင်ပါ။ ပျိုးအိတ်တွေကို ရေနေ့စဉ်လောင်းပေးရမှာဖြစ်ပြီး ရေမများလွန်းဖို့လည်း ဂရုစိုက်ပေးရပါမယ်။ တစ်လ၊ တစ်လခွဲလောက်ဆို အပင်ပေါက်ပါတယ်။တစ်ပေခွဲ၊ နှစ်ပေအရွယ်ရှိအပင်များကို ပြောင်းရွှေ့စိုက်နိုင်ပါတယ်။ နှစ်ချင်းမစိုက်ချင်သေးပါက အိတ်အရွယ်အစား (၆"× ၈") ၊ (၈"× ၁၀") တို့မှာအိတ်ပြောင်းပြီး တစ်နှစ်ဆက်ထားနိုင်ပါတယ်။

 မြေပြင်ခြင်းနဲ့ စိုက်ပျိုးခြင်း

- စိုက်ပျိုးမည့်မြေကို (၁) ပေပတ်လည်ကျင်း တူးရပါမယ်။ တူးလို့ရလာတဲ့မြေတစ်ဆ၊နွားချေးမြေဆွေးတစ်ဆ၊ သဲတစ်ဆရောပြီး စိုက်ကျင်းရေလောင်း၍ (၂-၃) ရက်ကြာ နှပ်ထားပြီးမှ ပျိုးပင်များကိုစိုက်ရပါမယ်။ နံ့သာဖြူပင်များကို တစ်ပင်နဲ့တစ်ပင် (၆)ပေပတ်လည်အကွာ (သို့မဟုတ်) ပင်ကြားတန်းကြား ၆ပေ× ၄ပေ ထားပြီး စိုက်နိုင်ပါတယ်။စိုက်ချိန်ကတော့ မိုးဦးကျချိန် ဇွန်လမှ အောက်တိုဘာလအတွင်း စိုက်သင့်ပါတယ်။

အမှီပင်များ

- နံ့သာဖြူပင်က အခြားအပင်တွေရဲ့အမြစ်ကို မှီတွယ်ပြီးဖြစ်ထွန်းကြလို့ အမှီအပင်တွေလည်း စိုက်ပေးရပါသေးတယ်။ အမှီအပင်တွေအဖြစ် ရှား၊ ထနောင်း၊ မယ်ဇလီ၊ ကုက္ကို၊ဘောဇကိုင်း၊ ပြည်ပန်းညို၊ ဝါးမျိုးနွယ်ပင်များ စသည့်အပင်တွေကို နံ့သာဖြူပင်စိုက်ပျိုးပြီးတာနဲ့ ကြားညှပ်၍ စိုက်ပေးရပါမယ်ဗျ။

အပင်ပြုစုစောင့်ရှောက်ခြင်း

- နံ့သာဖြူပင်က ပထမနှစ်မှာ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ဗျ။ အပင်ခြေမှာ ပေါင်းပင်နဲ့ နွယ်ပင်တွေမရှိအောင် ပုံမှန်ရှင်းလင်းပေးရပါမယ်။ အပင်ခြေကို အနည်းဆုံး တစ်လတစ်ကြိမ် မြေဆွပေးဖို့လည်း လိုအပ်ပါမယ်။ 

- နံ့သာဖြူပင်တွေမှာ ပထမနှစ် အပင်ငယ်လေးတွေက ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ရောဂါကျရောက်လျှင် အရွက်တွေကြွေပြီး သေသွားတတ်ကြပါတယ်။ ဒါကြောင့် မိုးရာသီမှာဆိုရင် တစ်လတစ်ကြိမ် မှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရပါတယ်။ ဆောင်းရာသီမှာဆိုရင်တော့ မှိုသတ်ဆေးကို (၃) ပတ်တစ်ကြိမ် ဖျန်းပေးဖို့ လိုအပ်ပါတယ်။

ခုတ်ယူရိတ်သိမ်းခြင်း

- နံ့သာဖြူပင်တွေကို (၈) နှစ်သားမှစပြီး ခုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် နှစ်ကြာလေ တန်ဖိုးမြင့်လေဖြစ်တာမို့ (၁၀-၁၅) နှစ်ထားပြီးမှခုတ်ရင် အနှစ်သားပိုရပါတယ်။ နံ့သာဖြူပင်ကို အနှစ်ထုတ်ယူဖို့ဆိုရင် အမြစ်ကနေတူးထုတ်ပြီးယူရတာမို့ မလိုအပ်သေးလျှင် မတူးသေးပဲ နှစ်ကြာအောင်ထားနိုင်ရင် အကောင်းဆုံးပါပဲဗျာ။

ကိုးကားချက်- "ရွှေမီးအိမ် စာအုပ်စင်၏ နံ့သာဖြူစိုက်ပျိုးနည်း စာအုပ်မှ ကောက်နှုတ်ရေးသားထားပါသည်။"

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်