လက်သန့်ဆေးရည်များအသုံးပြုခြင်းနှင့် သတိပြုစရာ

28/10/2021 11:30 AM တွင် ThawZin ThawZin မှ ရေးသား

    ယခုလို ကိုဗစ်19 ကပ်ရောဂါအတွင်းမှာ လက်သန့်ဆေးရည်ဟာ နေ့စဉ်ဘဝမှာ မပါမဖြစ်အသုံးအဆောင်တစ်ခု ဖြစ်လာပါတယ်။ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည်ဘူးလေးတွေဟာ လက်မှာရှိတဲ့ ရောဂါပိုးမွှားများနှင့် ထိတွေ့မှုရှိတဲ့ ပစ္စည်းမျက်နှာပြင်များမှတစ်ဆင့် ကိုရိုနာကဲ့သို့ ကူးစက်ရောဂါများကိုကာကွယ်ရာမှာ အသုံးဝင်လှပါတယ်။ ကိုရိုနာရောဂါကြောင့် လက်သန့်ဆေးရည်တွေ လူနှင့်မကွာဆာင်ထားကြတဲ့အခါ အသုံးလွန်ပြီး ဘေးထွက်ဆိုးကျိုးအချို့ ခံစားရနိုင်ပါတယ်။ လက်သန့်ဆေးရည်ကို ဘေးကင်းစွာအသုံးပြုနိုင်ဖို့ ဂရုပြုစရာများကို ဖော်ပြပေးသွားပါမယ်။ 

လက်သန့်ဆေးရည်အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

    အရက်ပြန်ကိုအခြေခံတဲ့ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးကိုအခြေခံတဲ့ လက်သန့်ဆေးရည်ဆိုပြီး ၂ မျိုးရှိပါတယ်။ လက်သန့်ဆေးရည်အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားတဲ့ဘေးထွက်ဆိုးကျိုးများရှိပါတယ်။ 

- အသားအရေခြောက်သွေ့ခြင်း

    အရက်ပြန်ဟာ ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ကိုများသေစေနိုင်တဲ့ အစွမ်းထက်အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရက်ပြန်ဟာ ထိတွေ့တဲ့မျက်နှာပြင်တွေကို ခြောက်သွေ့စေတဲ့ အာနိသင်လည်း ရှိနေပြန်ပါတယ်။ အရက်ပြန်အခြေခံတဲ့ လက်သန့်ဆေးရည်ကို ကြိမ်ဖန်များစွာအသုံးပြုတဲ့အခါ အသားအရေမှအစိုဓာတ်ကို ခမ်းခြောက်စေပါတယ်။ ဒါကြောင့် အသားအရေေခြာက်သွေ့ အရေပြားအပေါ်ယံလွှာတွေကွာပြီး အထိမခံနိုင်ဖြစ်တတ်ပါတယ်။ အရက်ပြန်အခြေခံလက်သန့်ဆေးရည် အလွန်အကျွံအသုံးပြုပြီး အသားအရေခြောက်သွေ့လာတဲ့အခါ ရောဂါပိုးမွှားတွေကို ပိုမိုဖိတ်ခေါ်နေသလို ဖြစ်လာတတ်ပါတယ်။ လက်သန့်ဆေးရည် မကြာမကြာအသုံးပြုမိလို့ပဲဖြစ်ဖြစ် လက်ဏခဏဆေးလို့ပဲဖြစ်ဖြစ် အရေပြားခြောက်သွေ့လာပါက လက်ကို ရှားစောင်းလက်ပတ် gel ဒါမှမဟုတ် အစိုဓာတ်ဖြည့်ဖို့ လိုးရှင်းအသုံးပြုပေးသင့်ပါတယ်။ 

- အရေပြား နီရဲ ဖောရောင်ခြင်း

    အကယ်၍သင်ဟာ အင်ပြင်ကဲ့သို့ ယားယံတဲ့အနီကွက်များ ထွက်လေ့ရှိသူဆိုရင်တော့ အသားအရေခြောက်သွေ့လာတဲ့အခါ နီရဲဖောရောင်ယားယံတဲ့အကွက်များ ပေါ်လာတတ်ပါတယ်။ လက်သန့်ဆေးရည်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အင်ပြင်ထတတ်သူတွေအတွက် ပိုမိုဆိုးဝါးစေပါတယ်။ 

- ဟော်မုန်းကမောက်ကမဖြစ်ခြင်း

    အချို့လက်သန့်ဆေးရည်တွေမှာ triclosan လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ပါဝင်တတ်ပါတယ်။ triclosan ဟာ ပိုးမွှားများကိုသေစေတာကြောင့် အချို့ကိုယ်တိုက်ဆပ်ပြာများနှင့် သွားတိုက်ဆေးအချို့တွင်လည်း ပါဝင်ပါတယ်။ triclosan နှင့်ထိတွေ့မှုများတဲ့အခါ ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကို ကမောက်ကဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ triclosanရဲ့ လူ့ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကို လေ့လာမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ခေတ်မှီတိုးတက်တဲ့နိုင်ငံတွေမှာတော့ triclosan အသုံးပြုမှုကို တားမြစ်ထားပါတယ်။ 

- ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ခြင်း

     လက်သန့်ဆေးရည်အချို့မှာပါဝင်တဲ့ triclosan ဟာ ပိုးမွှားတွေကို ထိရောက်စွာသေစေနိုင်တဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ရေရည်သုံးစွဲလာတဲ့အခါ ဆေးယဉ်ပါးမှုလို့ခေါ်တဲ့ ပိုးမွှားတွေ ဆေးကိုခံနိုင်ရှိသွားစေတဲ့ အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ 

- ရှူရှိုက်မိနိုင်တဲ့အန္တရာယ်

    အရက်ပြန်ပါဝင်တဲ့ လက်သန့်ဆေးရည်ကို ရှူရှိုက်မိပါက ခေါင်းကိုက်၊ မူးဝေ၊ ပျို့အန်စေနိုင်ပါတယ်။ အရက်ပြန်ဟာ ခန္ဓာကိုယ်တွင်းကို အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အငွေ့အဖြစ်နဲ့ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ပမာဏတစ်ခုရှူရှိုက်မိတဲ့အခါ အရက်ပြန်အဆိပ်သင့်ခြင်းဝေဒနာ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အရက်ပြန်အငွေ့ဟာ နူးညံ့တဲ့ အသက်ရှုလမ်းကြောင်းအတွင်းနံရံတွေကို ထိခိုက်စေပါတယ်။ 

- မျိုချမိပါက အန္တရာယ်ဖြစ်စေနိုင်ခြင်း

     လက်သန့်ဆေးရည်မှာပါဝင်တဲ့ အရက်ပြန်နှင့် အခြားဓာတုပစ္စည်းတွေဟာ စားသုံးမိပါကအန္တရာယ်ဖြစ်စေပါတယ်။ လက်သန့်ဆေးရည် အရမ်းမနည်းတဲ့ပမာဏတစ်ခု ဝမ်းထဲရောက်သွားပါက အရက်ပြန်အဆိပ်သင့်ခြင်းလက္ခဏာများ ခံစားရနိုင်တယ်လို့ဆိုပါတယ်။ 

- မတော်တဆမျက်လုံးထဲဝင်သွားပါက အမြင်အာရုံထိခိုက်နိုင်ခြင်း

    လက်သန့်ဆေးရည်အသုံးပြုပြီး မျက်လုံးကို ကိုင်တွယ်ပွတ်သပ်မိနိုင်တဲ့ မတော်တဆအန္တရာယ်ဟာ အလွန်ဖြစ်နိုင်ချေများပါတယ်။ လက်သန့်ဆေးရည်မှာပါဝင်တဲ့ အရက်ပြန်ပမာဏဟာ မျက်ကြည်လွှာကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ အချိန်တစ်ခုကြာတဲ့အခါ ပြန်ကောင်းနိုင်သော်လည်း ယာယီအမြင်အာရုံဝေဝါးခြင်း၊ နီရဲနာကျင်ခြင်းများဖြစ်တတ်ပါတယ်။ 

     အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် လက်သန့်ဆေးရည်အသုံးပြုခြင်းထက် ဆပ်ပြာနှင့်ရေ အသုံးပြုဆေးကြောခြင်းကို ဆရာဝန်တွေ ပိုမိုအကြံပြုကြပါတယ်။ 

ဘယ်လိုသတိပြုသုံးစွဲကြမလဲ

- ကလေးငယ်တွေရဲ့ လက်သန့်ဆေးအသုံးပြုမှုကို ကြီးကြပ်ပေးပါ။

- လက်သန့်ဆေးအသုံးပြုပြီး ခြောက်သွေ့အောင်စောင့်ပြီးမှ မျက်လုံးနှင့် မျက်နှာကိုကိုင်တွယ်ပါ။ 

- လက်သန့်ဆေးရည်ဘူးကို ကလေးတွေ လက်လှမ်းမမှီနိုင်တဲ့နေရာ၊ နေရောင်တိုက်ရိုက်မရရှိဘဲ  အေးမြခြောက်သွေ့တဲ့နေရာမှာထားပါ။

- အလွန်အကျွံအသုံးပြုခြင်းမှရှောင်ပါ။ 

- ခန္ဓာကိုယ်ပြင်ပအတွက်ပဲ အသုံးပြုပါ။ အနံ့အရသာခံကြည့်ခြင်းမျိုး မပြုလုပ်ပါနှင့်။ 

အားလုံးပဲ ကိုဗစ်19 ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေ။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်