ဆေးဖက်ဝင် ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ

21/05/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ်အမည် - False Daisy (သို့မဟုတ်) Trailing eclipta

ရုက္ခဗေဒအမည် - Eclipta alba(L)Hassk

အပင်ပုံစံ

ကြိတ်မှန်ပင်သည် တစ်နှစ်ခံပင်ဖြစ်ပြီး ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပါသည်။ အပင်မှာ ထောင်မတ်၍ပေါက်ပြီး ၁၈ လက်မ ကျော်ထိ ရှည်လျားကြီးထွားနိုင်ပါသည်။ ခရမ်းညိုရောင်ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွေးကြမ်းကလေးများ ပါရှိပါသည်။

အရွက်

အရွက်ထွက်သော ပုံစံမှာ ရွက်ဆိုင်ထွက်ပါသည်။ ရှည်မျောမျော လှံစွပ်ပုံသဏ္ဌာန် ဖြစ်ပါသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာမှာ အလွန်တိုပြီး အရွက် အထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွေးကြမ်း ကလေးများရှိပါသည်။ ရွက်ဘေးနားပတ်လည်တွင် ခွေးသွားစိပ်ကလေးများ ရှိပါသည်။ 

အပွင့် 

ပန်းပွင့်မှာ ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည်။ တပို့တွဲလများတွင် ပွင့်ပါသည်။

ပေါက်ရောက်ရာ ဒေသ 

ကြိတ်မှန်သည် ပူနွေးစိုစွတ်သော ဒေသများနှင့် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် နီပေါ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံများတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလေ့ကျပေါက်ရောက်ပြီး မိုးများသော ဒေသများတွင် အများအပြား ပေါက်ရောက်သဖြင့် ပေါင်းပင်များကဲ့သို့ သတ်မှတ်ကြပါသည်။

ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ 

ကြိတ်မှန်ပင်သည် ဘက်တီးရီးယားပိုးမွှားများ ပေါက်ရောက်မှုကို ဟန့်တားနိုင်သော အစွမ်း (Antibacterial Activity)၊ ရောင်ရမ်းမှုများကို သက်သာစေနိုင်သောအစွမ်း (Anti-inflammatory activity)၊ ဓါတ်မတည့်၍ ယားယံခြင်းကို သက်သာစေနိုင်သောအစွမ်း၊ ဆံပင်ကိုထူလာစေပြီး နက်မှောင်သန်စွမ်းစေသောအစွမ်း စသည့် အစွမ်းသတ္တိတွေ များစွာရှိပါသည်။ 

ဆေးမြီးတို အနေဖြင့် အသုံးချခြင်း

၁။ ကြိတ်မှန်ရွက်အရည်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အသဲရောင်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ အနာအုံဆေးများ အဖြစ် အသုံးပြုကြပါသည်။ 

၂။ ကြိတ်မှန်ပင်ကို ဝမ်းကိုက်သွေးပါ၊ အရေပြားအနာ၊ မီးယပ်နှင့်ဆိုင်သောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊  စသည့် ရောဂါပြဿနာများကို ကုသရာတွင် အခြားဆေးဘက်ဝင်ပစ္စည်းများနှင့် အချိုးကျရောနှောပြီး ထည့်သွင်းဖော်စပ်ကာ အသုံးပြုလေ့ရှိပါသည်။

၃။ မီးပူကပ်မိခြင်း၊ ရေနွေးပူလောင်ခြင်းများဖြစ်ပါက ကြိတ်မှန်ရွက်ကို ပင်စိမ်းရွက်နှင့် ဆတူရောထောင်းကာ ထွက်လာသော အရည်ကို တစ်နေ့လျှင်နှစ်ကြိမ် လိမ်းပေးနိုင်သည်။ 

၄။ ယားသောနေရာကို ကုတ်ခြစ်ရာမှ အရေပြားပေါ်တွင် အမာရွတ်များ ကျန်ခဲ့ပါကလည်း အထက်ဖော်ပြပါနည်းအတိုင်း လိမ်းပေးနိုင်ပါသည်။ 

၅။ ဆံပင် နီကျင်ကျင်ဖြစ်ခြင်း၊ ဆံပင်များကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းများ အတွက် ကြိတ်မှန်ရွက်ကို မြင်းခွာရွက်၊ ကွမ်းရွက်တို့နဲ့ အညီအမျှရောထောင်းကာ ရရှိလာသောအရည်ကို ရေအနည်းငယ်နှင့် ရောကာ နေ့စဉ်လိမ်းပေးပါက ဆံပင်ကျွတ်ခြင်း အဖျားနှစ်ခွဖြစ်ခြင်းများ လျော့နည်းသက်သာပြီး ဆံသားမှာ ပိတုန်းရောင်ကဲ့သို့ နက်မှောင်လာမည်ဖြစ်ပါသည်။

၆။ ကြိတ်မှန်ရွက်ကို နေလှန်းအခြောက်ခံ အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဥ်သောက်သုံးပါက အမြင်အာရုံ၊ အကြားအာရုံကောင်းစေသလို သွားများအတွက်ပါ ကောင်းစေပါသည်။ 

၇။  ဆီးချိုဝေဒနာ ခံစားနေရသူများအနေဖြင့် ကြိတ်မှန်တစ်ပင်လုံးအား အမှုန့်လုပ်၍ ရေနွေးထဲတွင် ခပ်သောက်ပါက သက်သာပျောက်ကင်းစေပါသည်။ 

၈။  ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်ခြင်းအားဖြင့် လိပ်ခေါင်းထွက်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ကိုလည်း သက်သာစေပါသည်။

ဇင်ထူးနိုင် 

ကိုးကားချက် 

https://en.wikipedia.org/wiki/Eclipta_prostrata  

https://ondoctor.com.mm/healthy-living/15831/ 

http://www.myanmarload.com/news/21311


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်