မျိုးရင်း - (Verbenaceae) ကျွန်းမျိုးရင်းဖြစ်သည်။
ရုက္ခဗေဒအမည် - Vitextrifolia Linn
အင်္ဂလိပ်အမည် - Indian Wildpepper
ပုံသဏ္ဍာန်အားဖြင့် ခြံပင်တစ်မျိုးဖြစ်သည်။ အမြင့်ပေ ၁၅ ပေခန့်အထိ ရှိတတ်သည်။ ပင်စည်ညိုခြောက်ခြောက် အရောင်ရှိသည်။ အခေါက်ပါးသည်။ အနည်းငယ် ကြမ်းသည်။
အရွက်။ ။ သုံးရွက်မွှာပေါင်း ဖြစ်သည်။ မျက်နှာချင်းဆိုင် အလှည့်ကျထွက်သည်။ အလယ်ရွက်သည် ကျန်သော ဘေးနှစ်ရွက်ထက် ပိုကြီးသည်။ ပိုရှည်သည်။ ထိပ်ဖက်ကျယ်သော ဘဲဥပုံဖြစ်သည်။ အရင်းသွယ်သည်။ ထိပ်ဖျားချွန်သည်။ ရွက်ညှာတစ်လက်မခွဲခန့်ရှိသည်။ အရွက်အောက် မျက်နှာပြင်မီးခိုရောင်ဖြစ်သည်။ အပေါ်မျက်နှာမှာ အစိမ်းရောင်ရှိသည်။
အပွင့်။ ။ ထိပ်ထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်များ သေးငယ်သည်။ စုပြုံ၍ ပွင့်သည်။ ခရမ်းရောင်ရှိသည်။ ပွင့်ဖတ် ငါးခုပါရှိသည်။ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ်ကြီးသည်။ ခရမ်းရင့်ရောင်ရှိသည်။ ၎င်းအဖတ်တွင် အရည်ရွှမ်းသော မွှေးနုကလေးများရှိသည်။ ကျန်လေးခုမှာ အရွယ်တူ ဖြစ်သည်။ ခရမ်းနုရောင်ဖြစ်သည်။ ကဆုန်၊ နယုန်တွင်ပွင့်သည်။
အသီး။ ။ လုံးဝိုင်းသည်။ ထိပ်ဖက်နီညိုရောင်ဖြစ်၏။ ဝါခေါင်၊ တော်သလင်းလများတွင် သီးသည်။
ပေါက်ရောက်ရာဒေသ။ ။ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် အများဆုံးပေါက်သည်။ အခြားဒေသများတွင်လည်း အနည်းငယ်ပေါက်ကြသည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ အချို့က ဆေးပင်အဖြစ် စိုက်ပျိုးကြသည်။ များသောအားဖြင့် အရွက်ကိုသာသုံးသည်။
မြန်မာ့ဆေးကျမ်းများအလိုအရ ကြောင်ပန်းသည် ပူ၏။ ခါး၏။ ဖန်၏။ ဝမ်းမီးတောက်စေ၏။ လေကို နိုင်၏။ အနာအသားနုတက်၍ ပျောက်စေ၏။ အဖျားနိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွားစေ၏။ အဆိပ်ကို ပြေပျောက်စေ၏။ နူနာ၊ ပိုးနာကို နိုင်၏။ ကိုယ်ဖောရောင်ခြင်းနှင့် သင့်၏။ (ကိုယ်ရောင်လျှင် အရွက်ပြုတ်ရည်ကို ချိုးပေးရ၏)
အပွင့်သည် အိပ်မပျော်သောရောဂါ၊ နှလုံးဆို့တောင့်သောရောဂါ လက်ပြစ်၊ ခြေပြစ်ဖြစ်သော ရောဂါတို့ကို နိုင်၏။
အသီးသည် ဝမ်းလာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းကို နိုင်၏။
အဆစ်ရောင်ကိုက်သော ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ဦးနှောက်အားနည်းသောရောဂါ၊ အဆုပ်အမြှေရောင်ရောဂါတို့ကို နိုင်၏။ ဆီးရောဂါ ဥတုကျစ်သောရောဂါ၊ သားဖွားရာတွင် ဖြစ်တတ်သော ရောဂါတို့တွင် ကောင်း၏ ဟု ဖွင့်ဆိုထားသည်။
အကြောရောဂါ၌ အရွက်ကို အရည်ညှစ်သောက်ခြင်း၊ ကြော်စားခြင်းအားဖြင့် ပျောက်ကင်းစေ၏။
နားပြီယို၊ နားကိုက်ရောဂါတွင် အရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ်ထည့်ပြီး နားကြပ်ပေးလျှင် ကောင်း၏။
အရေပြားရောဂါတွင် အရွက်ညှစ်ရည်သောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်၏။
ဖောရောင်ရောဂါတွင် အရွက်ညှစ်ရည်ကို သက်ရင်းကြီးမြစ် သွေးရည်ဖြင့် ရောသောက်လျှင် သက်သာစေနိုင်၏။
ငှက်ဖျား၊ မီးတွင်းဖျားနှင့် ညောင်းကျရောဂါတွင် အရွက်ပြုတ်ရည်ကို သောက်ပေးရ၏။
အနာပေါက်လျှင် အရွက်ရည်ကို လိမ်းပေးရ၏။
လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ရောဂါ၊ ဝမ်းကိုက်ရောဂါများဖြစ်လျှင် အရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားလျှင် ပျောက်ကင်းစေ၏။
အိပ်မပျော်ရောဂါ၊ ဦးနှောက်တွင် ဖြစ်သောရောဂါများအတွက် အရွက်ကို ခေါင်းအုံးလုပ်အိပ်ခြင်းဖြင့် သက်သာပျောက်ကင်းစေ၏။
မျက်စိရောဂါ၌ အရွက်သတ္တုရည်ကို ကွင်းစေခြင်း၊ အစေ့ရည်ကို မျက်စဉ်းခပ်ခြင်း ပြုရ၏။
ကလေးများ အညှော်မိ အဖျားကြီးလျှင် အမြစ်ကို သွေး၍ တိုက်ခြင်း၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေ၏။
အထူးအားဖြင့် ကလေးဆေးများဖြစ်သော အပုပ်ချဆေး၊ ဝမ်းနှုတ်ဆေး၊ လေပုပ်ထုတ်ဆေး၊ အညှော်ခံဆေးများတွင် အရွက်ကို အသုံးပြုကြသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်-၃၄ ဖြစ်သော သူငယ်နာဆေးတွင် ကြောင်ပန်းရွက် ကဲထားသည်။
ကိုးကား- ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ