ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

03/12/2020 19:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

        ငါးတွင်အဆီပါဝင်မှုနည်းပါးပြီး အသားဓာတ်(Protein) ပါဝင်မှုမြင့်မားသည်။ ထို့ပြင် အိုမီဂါ ( သုံး) ဖက်ရှ်တီးအက်ဆစ် (Omega-3 fatty acid) ရရှိနိုင်သည့် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်သည်။ ငါးကိုပုံမှန်စားသုံးခြင်းဖြင့် ရောဂါအမျိုးမျိုးဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။

        ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာတစ်မျိုးဖြစ်သည်။ ဗီတာမင်၊သတ္တုဓာတ်နှင့်အဆီဓာတ်ကြွယ်ဝသော Omega -3 acid တို့ပါဝင်နေသောကြောင့် ကင်ဆာရောဂါမှ စ၍နှလုံးရောဂါ၊ စိတ်ကျရောဂါနှင့် အဆစ်ရောင်ရောဂါကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်ပါသည်။

       ဆော်လမွန်ငါးကဲ့သို့သော အဆီများသည့် ငါးများသည် အဆီဓာတ်ကြွယ်ဝသည့် Omega-3 acid ပါဝင်မှု အမြင့်ဆုံးဖြစ်သည်။ ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် လူသားတို့အတွက် ကြောက်စရာကောင်းသော ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။

နှလုံးရောဂါ (Heart Disease)

      အစားအစာစံချိန်စံနှုန်း ထိန်းသိမ်းရေးအဖွဲ့အစည်း (Food Standard Agency)  က လတ်ဆတ်သောငါး၊ အေးခဲထားသောငါးနှင့် စည်သွပ်ပင်လယ်စာများကို အနည်းဆုံးတစ်ပတ်လျှင် ၂ ကြိမ်ခန့် စားသုံးပေးရန် အကြုံပြုထားသည်။ အင်္ဂလန်နိုင်ငံမှ နှလုံးအထူးကုအဖွဲ့ကြီး (British Heart Foundation)မှလည်း အဆီများသောငါးကို စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးကြောင်း ပြောကြားထားသည်။

     ငါးဆီသည် သွေးခဲခြင်းနှင့် နှလုံးရောဂါဖောက်ပြီးချိန် ဖြစ်လေ့ရှိသော နှလုံးခုန်မမှန်ခြင်းတို့ကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ငါးကို အပတ်စဉ်စားသုံးခြင်းဖြင့် သွေးခဲခြင်းကို လျှော့ချနိုင်ပြီး သွေးကြောဆန့်နိုင်၊ ကျုံ့နိုင်မှု၊ သွေးဖိအားလျှော့ချပေးခြင်း၊ သွေးတွင်းအဆီ လျော့နည်းစေခြင်း၊ကိုယ်ခန္ဓာအတွက် ကောင်းစေသည့် ကိုလက်စထရော တိုးမြှင့်စေခြင်းကို အားပေးသည်။

အယ်ဇိုင်းမားရောဂါ (Alzheimer’s)

     အဆီဓာတ်ကြွယ်ဝသော အက်စစ် (Polyunsaturated Fatty Acids) ပါဝင်သော ငါးများစားသုံးခြင်းဖြင့်  ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်သည်။ လျှော့ချပေးနိုင်သည်။

     ပြင်သစ်နိုင်ငံတွင် လူပေါင်း ၂၀၀၀ကို စမ်းသပ်ချက်အရ အနည်းဆုံးတစ်ပတ်တစ်ခါ ပင်လယ်စာစားသောသူများသည် ၇ နှစ်ကြာသောအခါ ပင်လယ်စာလုံးဝမစားသော သူများထက် သွေးတိုးရောဂါဖြစ်ပွားမှု ထင်ရှားစွာလျှော့ကျကြောင်း တွေ့ရသည်။

ကင်ဆာရောဂါ (Cancer)

     ဆွီဒင်နိုင်ငံတွင် လူပေါင်း ၆၀၀၀ကို နှစ် ၃၀ လေ့လာချက်အရ ငါးလုံးဝမစားသူများသည် ငါးစားသုံးသူများထက် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း၂ဆ၊ ၃ဆခန့်ပိုနေကြောင်း တွေ့ရှိရသည်။ ကဏန်းနှင့် ပုစွန်ကဲ့သို့သော အခွံမာများသည် ကင်ဆာရောဂါကာကွယ်ပေးသော စီလီနီယမ်(Selenium)ပါဝင်နေကြောင်းတွေ့ရသည်။

     ငါးတွင်ပါဝင်သည့် Omega -3 fatty acid သည်ကင်ဆာရောဂါအများအပြားကို ရာခိုင်နှုန်း ၃၀မှ ၅၀ထိ လျှော့ချပေးနိုင်သည်။ အထူးသဖြင့် ခံတွင်း၊ ရင်သား၊ သားဉအိမ်နှင့် မျိုးပွားအင်္ဂါများတွင် ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။

စိတ်ကျရောဂါ (Depression)

ငါးစားသုံးခြင်းဖြင့် စိတ်ကျရောဂါကို သက်သာစေနိုင်ကြောင်းတွေ့ရသည်။ ထို့ပြင်ငါးတွင်ပါဝင်သည့် Omega-3 acid ဓာတ်သည် ဉာဏ်ရည်ထက်မြက်စေနိုင်ပါသည်။

အဆစ်ရောင်ရောဂါ (Arthritis)

     ငါးများစွာ စားသုံးသောသူများသည် အဆစ်ရောင်ရောဂါ ဖြစ်ပွားနှုန်းလျော့နည်းကြောင်း တွေ့ရသည်။ လေ့လာမှုအရ အဆီများသော ငါးများသည် အဆစ်ရောင်ရောဂါ၏ လက္ခဏာများကို သက်သာစေရန် အကူအညီပေးကြောင်း တွေ့ရသည်။

ပန်းနာရင်ကျပ် (Asthsma)

     ငါးစားသုံးမှု နည်းပါးသော ကလေးငယ်များတွင် ပန်းနာရင်ကျပ်ရောဂါ ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်။

ဦးနှောက်နှင့်မျက်စိ (Brain and Eye)

     ငါးတွင်ပါဝင်သည့် Omega-3 fatty acid သည်ဦးနှောက်တစ်သျှူးနှင့် မျက်ကြည်လွှာကျန်းမာရေးကို ထောက်ပံ့ပေးသည်။

ဆီးချိုရောဂါ (Diabetes)

     ငါးသည် ဆီးချိုရောဂါရှင်များအတွက် သွေးချိုနှုန်းကို ထိန်းညှိပေးနိုင်သည်။

အမြင်အာရုံ

     ငါးစားသုံးသည့် မိခင်နို့ကိုစို့သည့် ကလေးငယ်များသည် အမြင်အာရုံပိုမိုကောင်းမွန်စေသည်။Omega-3 fatty acid  ကိုမိခင်နို့မှ တစ်ဆင့် ရရှိစေသောကြောင့်ဖြစ်သည်။

လမစေ့ပဲ မွေးဖွားခြင်း

     ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ငါးစားသုံးပေးခြင်းဖြင့် လမစေ့ပဲ မွေးဖွားခြင်းကို လျှော့ချပေးသည်။ ငါးကိုအပတ်စဉ် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ပုံမှန်စားသုံးခြင်းဖြင့် ကလေးဘဝတွင် ဖြစ်ပွားတတ်သည့် ပန်းနာရင်ကျပ်ရောဂါမှ အမျိုးသားများတွင် ဖြစ်ပွားတတ်သည့် မျိုးပွားအင်္ဂါကင်ဆာတို့အထိ အသက်အရွယ်အလိုက် ရောဂါဖြစ်ပွားမှုနှုန်း အမျိုးမျိုးကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက တွေ့ရှိထားကြသည်။

     ၃နှစ်အရွယ်မှစ၍ ငါးများစွာစားသော ကလေးများသည် အသက် ၂၃ နှစ်ရောက်သည့်အခါ ငါးမစားသောကလေးများထက်ရာဇဝတ်မှုမှတ်တမ်း လျော့နည်းကြောင်းတွေ့ရသည်။

    စားသုံးသင့်သောငါးများမှာ Cod (ငါးကြီးဆီထုတ်သောငါး) ကဲ့သို့သော အဖြူရောင်ငါးများသည် ပရိုတင်းဓာတ်နှင့်သတ္တုဓာတ်ကြွယ်ဝသည်။ ငါးသေတ္တာ၊ ဆော်လမွန်ငါးနှင့် ငါးကွမ်းရှပ်တို့ကဲ့သို့ အဆီများသောငါးများသည် Omega-3 fatty acid ကြွယ်ဝစွာပါဝင်သည်။

     ကဏန်း၊ ပုစွန်နှင့် ယောက်သွားကဲ့သို့ အခွံမာငါးများသည် ကင်ဆာကာကွယ်သော ဆီလီယမ်ဓာတ် ပစ္စည်း ပါဝင်သည်။ ဆော်လမွန်ငါး စားသုံးခြင်းအားဖြင့် အရေပြားပျက်စီးခြင်းနှင့် ပါးရေတွန့်ခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။ ထို့ပြင်နေ့စဉ် ငါးကြီးဆီတစ်လုံးသောက်ခြင်းဖြင့် နှလုံးရောဂါဝေဒနာရှင် ၁၀၀၀၀ ၏အသက်ကိုနှစ်စဉ် ကယ်တင်နိုင်ကြောင်း သိရသည်။

     ထိုကဲ့သို့ အကျိုးကျေးဇူးများပြားလှပြီး ရောဂါအများအပြားကို ကာကွယ်ပေးနိုင်သဖြင့် ငါးကို အပတ်စဉ် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်စားသုံးသင့်ပါကြောင်း လေ့လာအကြံပြုရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်