စိတ်ငြိမ်အောင် ဆီးသီးလေးစား .. တခြား အကျိုးကျေးဇူးတွေလည်း များတယ်နော်

27/01/2022 15:10 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

“အခုအချိန်မှာ ပေါပေါများများရနေတဲ့ ဆီးသီးကိုစားရင်း စိတ်ပူပန်ကြောင့်ကျမှုတွေ လျှော့ချကြမလား..”

“စိတ်ငြိမ်စေဖို့ ဆီးယို (ဇီးယို) စားပေးဆိုပြီး လူကြီးသူမတွေပြောတာ ကြားဖူးကြမယ်ထင်ပါတယ်.. သူ့ချည်းသာလောဆိုရင်တော့ မဟုတ်သေးပါဘူး… သူ့မှာ တခြားကျန်းမာရေး ကောင်းကျိုးလေးတွေလည်း အများကြီးရှိနေပါသေးတယ်..”   

ဆီးသီး(ဇီးသီး)ကို ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ရှေးနှစ်ပေါင်းထောင်ချီတည်းက စိုက်ပျိုးခဲ့ကြ တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း တရုတ်နိုင်ငံအနောက်ပိုင်း ဂျပန်၊ ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့မှာ စိုက်ပျိုးလာကြတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ မျိုးပေါင်း ၂၀၀၀ကျော် စိုက်ပျိုးနေကြပြီလို့ သိရပါတယ်။ 

ဆီးသီးရဲ့မျိုးရင်းဟာဆိုရင် မက်မွန်သီး၊ တရုတ်ဆီးသီးတို့ရဲ့ မျိုးရင်းဖြစ်တဲ့ Rosaceaeနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးသီးကတော့ မျိုးကွဲပိုများပါတယ်။ 

ဆီးသီးစားတာဟာ စိတ်ငြိမ်စေတယ်ဆိုပြီး တော်တော်များများ သိထားကြပြီးဖြစ်မယ်ထင်ပါတယ်..။ တကယ်လည်း ဆီးသီးကို တစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို လျော့ကျစေပါတယ်တဲ့..။ အဓိကကတော့ ဆီးသီးမှာ ပေါပေါများများပါတဲ့ Antioxidant  (အန်တီ အောက်ဆီးဒန့်)တွေရဲ့ အကျိုးကျေးဇူးကြောင့်ပါ..။ အန်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ရဲ့ ဆဲလ် နဲ့ တစ်ရှူးများပျက်စီးခြင်းကို ကာကွယ်ပေးပြီး Alzheimer’s ရောဂါလို့ခေါ်ကြတဲ့ ဉီးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုဖြစ်စေတာကိုလည်း လျော့ကျစေနိုင်ပါတယ်..။ ဒါ့အပြင် လမ်းလျှောက်ရာမှာ အခက်အခဲဖြစ်ခြင်း၊ ခြေထောက်များ တောင့်နေခြင်း ၊ တုန်နေခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း စတဲ့ နောက်ဆက်တွဲ လက္ခဏာရပ်တွေပါဝင်တဲ့ Parkinson’s diseases ကိုလည်း လျော့စေနိုင်တယ်လို့ ဆိုပါတယ်..။ 

နောက်ပြီး ဆီးသီးဟာဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို ရွေ့လျားစေဖို့ ကူညီပေးလို့ ဝမ်းချုပ်တာကိုလည်း လျော့ကျစေပါတယ်။ သူ့မှာ ဆော်ဘီတော (sorbitol) လို့ခေါ်တဲ့ ကာဘိုဟိုက်ဒြိက် အမျိုးအစားဖြစ်တဲ့  ဒြပ်ပေါင်းတစ်မျိုးပါရှိပါတယ်။ ဆော်ဘီတောမှာဆိုရင် ကယ်လိုရီ သုံးပုံတစ်ပုံလောက်ပါရှိပြီး သကြားဓာတ်ပါဝင်မှုက ပိုများပါတယ်။ ဆော်ဘီတော ဒြပ်ပေါင်းကို ဆီးသီးအပြင် ဘယ်ရီသီးနဲ့ ပန်းသီးစတဲ့ အသီးတွေမှာလည်းရရှိနိုင်ပါတယ်။ အဲ့ဒီဒြပ်ပေါင်းက ဝမ်းသက်စေတာဖြစ်ပါတယ်။ 

နောက်ထပ်အနေနဲ့တော့ ဆီးသီးမှာပါရှိတဲ့ phytochemicals လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေနဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်အသားအရေ ရောင်ရမ်း၊ နီရဲတာတွေ ဖြစ်စေမှုကို လျှော့ချပေးပါတယ်။ 

သူ့ဆီကနေ နောက်ထပ်ရရှိနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာဆိုရင်လည်း အကျိုးကျေးဇူးများပါတယ်..။  သူက ဆီးသွားတဲ့အခါ ဆားဓာတ်တွေကို ဖယ်ရှားပေးတာနဲ့ သွေးကြောနံရံတွေ ရဲ့ တင်းအားတွေကို လျော့ကျစေတာကြောင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင် အတက်အကျဖြစ်စေတာကို ထိန်းပေးနိုင်တာ ဖြစ်ပါတယ်..။

နောက်ထပ် ဆီးသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အများကြီးပါပဲ..။ သူ့မှာပါတဲ့ ဗီတာမင် C ဟာဆိုရင် အနာ ဒဏ်ရာတွေကို သက်သာစေတယ်။  ကြွက်သားတည်ဆောက်မှု၊ သွေးကြောများဖြစ်ပေါ်၊ ကောင်းမွန်စေခြင်း တွေမှာ အကူအညီဖြစ်စေသလို မျက်လုံးအတွက်လည်းကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ 

ဇီးသီးမှာ အမျှင်ဓာတ်တွေလည်းပါလို့ သွေးထဲက ဂလူးကို့စ်ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ သွေးထဲ ဂလူးကို့စ်ဓာတ်များနေမယ်ဆိုရင် ရေငတ်တာ၊ မကြာခဏဆီးသွားတာ၊ မောပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ အစာအိမ်အောင့်တာတွေကို ဖြစ်စေပါတယ်။ ဇီးသီးမှာပါတဲ့အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ Adiponectin လို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အဲ့ဒီဟော်မုန်းက သွေးထဲရှိ ဂလူးကို့စ်ဓာတ် ပုံမှန်ဖြစ်နေစေဖို့ ကူညီလုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ဆီးသီးက မီးဖိုချောင်သုံးမှာလည်း အသုံးဝင်ပါသေးတယ်..။ ဉပမာ တမာရွက်ကို ငံပြာရည် ဖျော်နဲ့ ဖြစ်ဖြစ် ငါးပိချက်နဲ့ဖြစ်ဖြစ် စားသုံးဖို့ ရေနွေးနဲ့ ပြုတ်ရာမှာ ဆီးသီးခြောက်ကို ထည့်ပြီးပြုတ်မယ် ဆိုရင် အခါးဓာတ်သက်သာစေတယ်လို့ ကြားဖူးပါတယ်။ တခြား ဆီးသီးခြောက်ထည့်ချက်တဲ့ ဟင်းလျာတွေလည်း အများကြီးရှိပါတယ်..။

“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း ကောင်းကျိုးများတယ်ဆိုပြီး အများကြီးတော့ စားမပစ်ကြနဲ့ပေါ့နော်..။ သူက အလွန်အကျွံစားရင်တော့ ချောင်းဆိုးစေတာ၊ ဝမ်းလျှောစေတာတွေကို ဖြစ်တတ်နိုင်လို့ တော်သင့်ရုံပဲ စားကြပါလို့..။

ဇီးသီး ၁၀၀ ဂရမ်ကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်များ

ကယ်လိုရီ - ၄၅.၉

ပရိုတိန်း ၀.၇ ဂရမ်

အဆီဓာတ် ၀.၃ ဂရမ်

ကာဘိုဟိုက်ဒြိတ် ၁၁ ဂရမ်

အမျှင်ဓာတ် ၁.၄ ဂရမ်

https://www.webmd.com/food-recipes/benefits-plums

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်