မုယောရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

24/06/2021 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    မုယောဆိုတာဟာ စပါးတို့ ဂျုံတို့လို မြက်မျိုးရင်းဝင် ကောက်နှံပင် အပင်တစ်မျိုးဖြစ်ပါတယ်။ ရှေးယခင်က ဥရောပတိုက်ရဲ့ ကျေးလက်ဒေသများမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ မုယောကို ပေါင်မုန့်ပြုလုပ်ကာ စားသုံးခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ မုယောကို ဘီယာ၊ နို့မှုန့်၊ အားဖြည့်အချိုရည်၊ ကွတ်ကီးမုန့်၊ လက်ဖက်ခြောက်နဲ့ တိရစ္ဆာန်အစာတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အချို့ ဟော့ပေါ့ (Hot Pot) ဆိုင်တွေမှာ ပါဝင်ပစ္စည်းအနေနဲ့ ထည့်သွင်းကြသလို စားသောက်ဆိုင်တွေမှာဆိုရင်လည်း မုယောသုပ်၊ မုယောကြော်၊ မုယောကြာဇံသုပ် စသည်ဖြင့် ထည့်သွင်းစားသောက်လာကြပြီဖြစ်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါမှာတော့ မုယောစားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ််။ 

ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိစေခြင်း 

    မုယောမှာဆိုရင် ဗီတာမင် B အထူးသဖြင့် ဗီတာမင် B6 ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် B6 ဟာဆိုရင် ကျွန်ုပ်တို့ရဲ့ ဦးနှောက်နဲ့ ကိုယ်ခံစွမ်းအားကို ကောင်းကျိုးဖြစ်စေပါတယ်။ ဒါ့အပြင် မဂ္ဂနိစ်ဓာတ်၊ ဆလီနီယမ်၊ ဖော့စဖောရပ်စ်နဲ့ သံဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပြီး သိုင်းရွိုက်၊ အရိုးအဆစ်နဲ့ သွားတွေအတွက်  ကောင်းကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

နှလုံးရောဂါကာကွယ်ပေးနိုင်ခြင်း 

    မုယောမှာဆိုရင် ဖလဗိုနွိုက် (Flavonoid) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါရှိပြီး နှလုံးနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေပါတယ်။ အပြာရောင်နဲ့ ခရမ်းရောင် ရှိတဲ့ မုယောစေ့တွေမှာဆိုရင် အဆိုပါဓာတ်အများဆုံးပါဝင်တယ်လို့ ဆိုကြပါတယ်။ 

လေဖြတ်ခြင်းအား ကာကွယ်ပေးနိုင်ခြင်း 

    မုယောမှာ antioxidant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်နေပြန်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးခဲခြင်းတွေကိုလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ကိုလက်စရော လျော့ချပေးခြင်း 

    မုယောစားသုံးပေးခြင်းဖြင့် သွေးထဲက အကျိုးမပြုနိုင်တဲ့ ကိုလက်စရောတွေကိုလည်း လျော့ကျစေပြီး နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ 

အာဟာရ ပြည့်ဝစေခြင်း 

    မုယောမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်အာဟာရ ပြည့်ဝစေတဲ့ ကောင်းကျိုးတွေ ရှိနေတာဖြစ်ပါတယ်။  

    ယနေ့ခေတ်မှာတော့ မုယောထည့်သွင်းပြုလုပ်ထားတဲ့ အသင့်စားသောက်နိုင်တဲ့ အစားအစာတွေအပြင် မိမိကိုယ်တိုင်ချက်ပြုတ် စားသောက်မယ်ဆိုရင်လည်း  မုယောအစေ့၊ မုယောအမှုန့် ၊ မုယောအလွှာချပ်၊ မုယောအမှုန့်ကြမ်း စသည်ဖြင့် ပုံစံမျိုးစံ ဝယ်ယူရရှိနိုင်တာမို့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့မုယောကို မိမိနှစ်သက်တဲ့ ပုံစံနဲ့ စားသုံးကြည့်ကြပါလို့ အကြံပြုရင်း... 

ဇင်ထူးနိုင်

Source 

- https://www.goodhousekeeping.com/health/diet-nutrition/a33667216/barley-health-benefits/


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်