စောင်းလျားသီး၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ

20/12/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံ၏ ကျေးလက်နေသူအများစုသည် စောင်းလျားသီးကို အကွင်းလိုက် လှီးဖြတ်ကာ ငါးပိရည်၊ ငံပြာရည်တို့နှင့် တွဲဖက်၍ စားလေ့ရှိကြပါသည်။ တစ်ချို့ကတော့ စောင်းလျားသီးအစိမ်းကို အိမ်သုံးဆားနှင့်တို့စားပေးခြင်း၊ ဟင်းလျာအသုပ်တစ်ပွဲအဖြစ် ပုစွန်ခြောက်နှင့် သုပ်စားတတ်ကြပါသည်။ အချို့မှာ ချဉ်ဖတ်ပြုလုပ်၍စားပေးခြင်း အသီးကိုခပ်ပါးပါးလှီးဖြတ်၍ ချဉ်ဟင်းတွင်ထည့်ပြိး လက်ဖက်ရည်ကြမ်းနှင့် တွဲစားပေးလေ့ရှိကြပါသည်။ ဆီစိမ်၍ပါးပါးလှီးဖြတ်၍ သနပ်အဖြစ်၊ လက်သုပ်အဖြစ် စားကြသည်။ အချိုစောင်းလျားသီးတွေက ချဉ်၍ ချိုစေရန်အတွက် အိမ်သုံးသကြားနှင့် တို့စားတတ်ကြပါသည်။ စောင်းလျားသီးယိုများ၊ ဂျယ်လီများအဖြစ်လည်း စားသုံးနိုင်ပေသည်။ အချို့သော ဖွယ်ဖွယ်ရာရာများအဖြစ် ကျေးလက်ဒေသနေ ရွာသူရွာသားများ စားသုံးမှုများလည်းကျန်ရှိနေပါသည်။ အန်တီ ဦးကြီးတို့ စားလေ့ရှိကြတဲ့ပုံစံကိုလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။

သရေစာအဖြစ်စားလို့ကောင်းတဲ့ စောင်းလျားသီးသည် ကျန်းမာရေးကိုအထောက်အကူပြုတဲ့အချက်များစွာရှိပါသည်။ ဆေးဖက်ဝင်တဲ့အချက်များကို လေ့လာကြည့်လိုက်ရအောင်။

စောင်းလျားသီးသည် ခံတွင်းမြိန်စေတဲ့အတွက် အစာလမ်းကြောင်းရောဂါငယ်များဖြစ်သည့် မစားချင် မသောက်ချင် ဖြစ်နေသူများ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။

ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်လျှင် စောင်းလျားသီးအစိမ်းကို ငါးကြင်းကျပ်တိုက်ခြောက်နှင့် ကြော်စားပေးလျှင် သက်သာပျောက်ကင်းစေသည်ဟု သိရပါသည်။ ဒီနည်းလမ်းသည် မီးတွင်းဝမ်းသက်ခြင်း၊ သကျည်းကိုက်ခဲခြင်းနှင့် မိခင်နို့နာခြင်းများကို သက်သာစေနိုင်ပါသည်။

စောင်းလျားသီးအစိမ်းနှင့် အမှည့်တို့၏ ဆေးဖက်ဝင်အာနိသင်မှာ အနည်းငယ်ကွာခြားပါသည်။ စောင်းလျားသီးမှည့်ကို အလွတ်စားလျှင်  အိပ်ရေးပျက်သောရောဂါ၊ မအီမသာဖြစ်သောရောဂါ၊ သလိပ်ခဲသောရောဂါ၊ အစားအစာမတင်းတိမ်သောရောဂါ၊ လေထိုးခြင်း၊ အစာဝင်လျှင် အန်ခြင်း၊ လေပွေလေကယ်ခြင်း၊ ရေငတ်အော့အန်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ရောဂါ၊ ဆီးပူရောဂါတို့အတွက် စောင်းလျားသီးချဉ်ရည်ဟင်းတစ်ခွက်သည် ဘဘာဝဆေးတစ်လက်ဖြစ်ပါသည်။ စောင်းလျားသီးဖျော်ရည်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် ပူလောင်ခြင်း၊ ရေငတ်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်းတို့ကိုသက်သာစေပါသည်။

ဆက်လက်ပြီးစောင်းလျားသီးတွင်ပါဝင်သောအာဟာရဓာတ်များမှာ...

ကာဗိုဟိုက်ဒရိတ်

ဗီတာမင်အေ

ကယ်လ်ဆီယမ်

ဗီတာမင်စီ ဓာတ်များစွာပါဝင်ပါသည်။

ခုလို စောင်းလျားသီးပေါတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဆေးတစ်လက်ဖြစ်အောင် စားကြဖို့ မမေ့ပါနဲ့။

“သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်