ကြက်မ ဥတစ်ခြင်းကိုကာကွယ်နိုင်မည့်နည်းလမ်းများ

23/12/2021 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဥတစ်ခြင်းက ဥကြက်မတွေရဲ့ ဥ ပြွန်ထဲမှာ ကြက်ဥတွေဟာ ဆက်လက် မရွေ့ရှားနိုင်တဲ့ အခြေအနေကို ဆိုလိုတာပါ။

ဒီအခြေအနေဟာ ကိုယ်တွင်းအင်္ဂါတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေပြီး သွေးယိုစီးမှုဖြစ်ကာ ရောဂါပိုးဝင်ပြီး ဥကြက်မကို သေစေနိုင်ပါတယ်။

ကြက်မတစ်ကောင်ဟာ ဥပြွန်ကန်တော့ ခွက်ထဲကို ၂၅ -၂၇ နာရီအကြာမှာ ဥအနှစ်တစ်ခုကို ၄င်းရဲ့ သားဥအိမ်က ထုတ်လွှတ်ပေးပါတယ်။ ဒီဥအနှစ်က သားအိမ် (သို့) ဥခွံဂလင်းရောက်ဖို့ ၅ နာရီ ခန့် ကြာပါတယ်။ သားဥအိမ်နဲ့ သားအိမ်ကြားမှာ ကြက်ဖရဲ့ သုတ်ပိုးရှိနေရင် ဒီနေရာမှာ မျိုးအောင်ပါတယ်။

ဥအနှစ်ကို ကြက်ဥအခွံ ဖုံးအုပ်ဖို့အတွက် ဥခွံဂလင်းထဲမှာ ၂၀ နာရီခန့် ကြာပါတယ်။ ကြက်ဥတစ်လုံး ပီပီပြင်ပြင်  ဖြစ်လာပြီးတဲ့နောက် ကြက်မရဲ့ စအိုကိုရောက်ဖို့ ၁ နာရီခန့် ကြာပါတယ်။

ကြက်ဥက ကြက်မရဲ့ စအိုဆီဖြတ်သန်းနေချိန်မှာ အူလမ်းကြောင်းက အလိုလို ပိတ်သွားပါတယ်။ ဥပြွန်ထဲကို ကူးစက်ရောဂါ မဝင်ရအောင် တားဆီးထားတဲ့ သဘာဝတရား တစ်ခုပါ။

ကြက်မ ဥမဥနိုင်လျှင် (သို့) ဥတစ်နေလျှင် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ

- အစာ/ရေကို စားသောက်မှုနည်းခြင်း။

- ပင်ဂွင်းငှက်လို လမ်းလျှောက်ခြင်း။

- ဗိုက်ကို အထိ မခံနိုင်ခြင်း။

- ဥကျင်းထဲကို ဝင်လိုက်/ ထွက်လိုက် အကြိမ်များစွာ ပြုလုပ်ခြင်း။

- ဝမ်းအရည်သွားခြင်း ( သို့ ) စလုတ် ပြည့်တင်းပြီး ဝမ်း လုံးဝမသွားခြင်း။

- အားနည်းနေတဲ့ပုံ ပေါက်ခြင်း။

- မျက်နှာ၊ အမောက်၊ ပါးပြင်များ ဖျော့တော့ခြင်း။

- ဝမ်းဗိုက် မာတောင့်ခြင်းတို့ ဖြစ်သည်။

ရောဂါဖြစ်ရသည့် အကြောင်းအရင်း

၁။ ကယ်လ်ဆီယမ်ဓာတ် (Calcium) 

ကြက်မတစ်ကောင်ဟာ Ca  ပမာဏ လုံလောက်စွာ မရလျှင် ဥခွံ မာဖို့ မဖြစ်နိုင်ပါဘူး။ ကြက်ဥတွေဟာ ဥပြွန်ထဲ ဖြတ်သွားတဲ့အခါ ဥပြွန်ကြွက်သားတွေရဲ့ ညှစ်အားကို ခံနိုင်တဲ့ မာကျောမှု ရှိရပါမယ်။ ဥခွံက ပျော့နေရင်တော့ လွယ်ကူစွာ မဖြတ်သန်းနိုင်ပါဘူး။

ဒါ့အပြင် Ca ရဲ့ ပမာဏဟာ ဥခွံဂလင်းရဲ့ လုပ်ငန်းနဲ့ ဥပြွန်ရဲ့ညှစ်အားတွေပေါ်မှာ လွှမ်းမိုးနေပါတယ်။ကြက်မမှာ Ca ပမာဏ နဲနေရင် ကြက်ဥ ဥဖို့ကြွက်သားတွေက မညှစ်နိုင်ပါဘူး။

၂။ အာဟာရ

အာဟာရနဲ့ ဗိုက်တာမင်များ ချို့တဲ့ရင် ဥတစ်ဖို့ အခွင့်အလမ်းတစ်ခုပါဘဲ။ Vitamin-D3၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ် တို့ရဲ့အချိုးကျပါဝင်မှု နဲ့ Ca ကို အမှန်တကယ် အသုံးပြုမှုတွေက ဥတစ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဥကြက်မတစ်ကောင်က အစာရွေးစားတဲ့အခါ (ဥပမာ - ငါးခြောက်ဖတ် / ပြောင်းဆန် / ပဲဖတ်  စသည်) ဥခွံ အတွက် Ca မလုံလောက်ခြင်းနှင့် ကြက်ဥ ဥဖို့ကြွက်သားတွေရဲ့ ညှစ်အားလိုအပ်ခြင်းတွေကလည်း ဥတစ်စေပါတယ်။

၃။ ရေဓါတ် လျော့နည်းခြင်း

ဥကြက်မမှာ ရေဓါတ်လျော့နည်းနေရင် ၄င်းရဲ့ ဥပြွန်ကလည်း ခြောက်သွေ့နေပါမယ်။ ဒီအခါ ကြက်ဥက ဥပြွန်ကို ဖြတ်သွားဖို့ခက်ခဲပြီး ဥတစ်နိုင်ပါတယ်။

၄။ အဆီပိတ်ခြင်း

ဥကြက်မရဲ့ ဝမ်းဗိုက်မှာ အဆီများခြင်းဟာ ကြွက်သားတွေရဲ့ ညှစ်အားကို အားလျော့စေပြီး ကြက်ဥ ဥချဖို့အတွက်တော့ အတားအဆီး တစ်ခုပါဘဲ။

၅။ ပုံမမှန် ကြက်ဥများ

အရွယ်ကြီးသော ကြက်ဥနဲ့ ပုံမမှန်ကြက်ဥများက ကြက်မရဲ့ ညှပ်ရိုးကို မဖြတ်သန်းနိုင်တဲ့အတွက် ဥတစ်နိုင်ပါတယ်။ အရွယ်အစားကြီးတဲ့  ကြက်ဥတွေကို အကြိမ်များစွာ ဥနေရင် ကြက်မျိုးရိုးနဲ့ ဆိုင်ပါတယ်။

ပုံမမှန်ကြက်ဥ ( ဥရှည် /ဥဝိုင်း) တွေ့ခဲ့ရင်တော့ မျိုးပွားစနစ် (သို့ ) ဥခွံဂလင်း ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ပါတယ်။

၆။ မကျန်းမာခြင်း

အကြောင်းတစ်ခုခုကြောင့် ကြက်မဟာ မကျန်းမာရင် အားနည်း၊ ခံတွင်းမလိုက်၊ အစာနဲ့ ရေ စားသောက်မှု လျော့နိုင်ပါတယ်။ ဒီအချက်ကလည်း ဥတစ်နိုင်ပါတယ်။

ကုသမှု

ဥတစ်တယ်လို့ သံသယရှိရင် ကြက်မကို ချက်ချင်း ပြုစုရပါမယ်။ ဂျယ်လီ ( သို့ ) အဆီတစ်မျိုးမျိုးကို လက်ညှိုးမှာ သုတ်လိမ်းပြီး ကြက်မရဲ့ စအိုထဲကို နှိုက်၍ စမ်းသပ်ပါ။

ကြက်ဥကို ထိတွေ့ရသည်ဟု ခံစားမိပါက ဥတစ်တာ သေချာပါပြီ။ လက်ညှိုးကို အဖြောင့်အတိုင်း ပြန်ထွက်ပါ။ လက်ညှိုးဖြင့် ကြက်ဥကို ကလော်ထုတ်ဖို့ မကြိုးစားပါနှင့်။ ၄င်းချောဆီကြောင့် ကြက်ဥက အလွယ်တကူ ထွက်လာနိုင်ပါတယ်။

လက်နှိုက်ကြည့်လို့ ( ၂ လက်မထိ ) ကြက်ဥကို ထိတွေ့မခံစားရရင်တော့ ၄င်းသည်အူလမ်းကြောင်းဖြစ်ပါသည်။ ဥတစ်တာ မဖြစ်နိုင်ပါ။ ကြက်ဥက ဥခွံဂလင်းထဲ မရှိတဲ့အတွက် အူလမ်းကြောင်း ပွင့်နေတာပါ။

ချောဆီလူးပေးပြီးနောက် ကြက်မက မဥသေးရင် နောက်ထပ် ၂ နည်းရှိပါသေးတယ်။ ၄င်းတို့မှာ-

Ca က ကြွက်သား ကြုံ့/ ညှစ်ခြင်းကို အမြန်ဆုံး လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် Ca ဆေးပြားကို ကြိတ် ( အခဲသေး / အမှုန့် ) ပြီး ရေနဲ့ ဖျော်ပြီး  ကြက်နှုတ်သီးကို ဟ၍ တိုက်ပေးပါ။

နောက်တစ်နည်းကတော့ အတော်အသင့်နွေးတဲ့ ရေထဲမှာ ကြက်ခန္ဓာကိုယ်တစ်ဝက်လောက်ကို ( ၁၀ - ၁၅) မိနစ်ခန့် စိမ်ထားဖို့ပါ။ ရေနွေးက ကြက်မရဲ့ ဝမ်းဗိုက်မာကြောမှုကို ပြေလျော့စေပါတယ်။

ကာကွယ်ခြင်း

- ကြက်မဒါန်းတွေကို ညဘက် အလင်းပေးခြင်းက အချိန်မတိုင်ခင် အရွယ်ရောက်ပြီး ဥစမ်းစောစေပါတယ်။ ဒီအချက်က ဥတစ် စေပါတယ် ။

- ခရုခွံ ထည့်ထားတဲ့ အစာခွက်များကို ပုံမှန် အစာခွက်၊ ရေခွက်တွေရဲ့ အနီးမှာ ထားပေးရပါမယ်။ ကြက်မက ၄င်းရဲ့မျက်နှာရှေ့မှာ ခရုခွံကို အလွယ်တကူတွေ့ပြီး စားချင်စိတ် ဖြစ်အောင် စွဲဆောင်စေဖို့ပါ။

- အထူးသဖြင့် နွေရာသီမှာ ဥကြက်မတွေဟာ အစာ စားနှုန်းကျပြီး Ca ပမာဏ လိုအပ်တတ်လို့ပါ။

- ဥကြက်မတွေဟာ ညစ်ပတ်ပြီး ပူနွေးတဲ့ရေကို သောက်လိုစိတ်အရမ်းနဲပါတယ်။ ဒီအခါ ရေဓါတ်ခန်းခြောက်ပြီး ဥတစ်နိုင်ပါတယ်။

ကြက်မများ ဥတစ်ခြင်းမှ ကင်းဝေးကြပြီး ကြက်မွေးမြူသူများလည်း အဆင်ပြေကြပါစေဗျ။

မှီငြမ်း- Dr.Myo Thiha ၏ “ ဥတစ်ခြင်း (သို့) ဥ မဥနိုင်ခြင်း” အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

 

             

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်