စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway တို့ပူးပေါင်း၍ တောင်သူ ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည်

20/08/2020 11:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway တို့ပူးပေါင်းဆောင်ရွက်သော “အစိမ်းရောင်လမ်း စိုက်ပျိုး မွေးမြူရေးဆိုင်ရာဖုန်းဆော့ဝဲလ်” အသုံးပြုနည်းဆိုင်ရာဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် နှင့် ဌာနစိတ်တာဝန်ခံများ၊ Greenway မှ မန်နေဂျာ ဒေါ်မေဇင်ထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာန Call Center တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဘာသာရပ်အလိုက် ဖြေကြားပေးသူ (အလှည့်ကျဝန်ထမ်းများ) တက်ရောက်ကြသည်။ 

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးက အမှာစကားပြောကြားရာ၌ နိုင်ငံ၏ အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ၏၃၀% ခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူများအတွက် လယ်ယာနှင့် ပတ်သက်သော အကျိုးခံစားခွင့်မှာ အလွန်နည်းပါးလှပြီး ရာသီဥတုပြောင်းလဲမှုနှင့်အတူဖြစ်ပေါ်လာသည့် သဘာဝဘေးများ၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 နှင့် အခြားသော ဘေးအန္တရာယ်များကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝများ နလန်ထူလာရန် မိမိတို့များစွာကြိုးစားကြရမှာဖြစ်ကြောင်း၊

ယင်းဖြစ်ရပ်များအပေါ် တောင်သူလယ်သမားများ ကြံ့ကြံ့ခံနိုင်စေရန် နှင့် လယ်ယာကဏ္ဍတစ်ခုလုံး အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်အစိုးရက ကုစားမှုဆိုင်ရာစီမံချက်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ချမှတ်ပေးလျက် ရှိသည့်နည်းတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း တိုးချဲ့ပညာပေးလုပ်ငန်းများကို ဘက်စုံထောင့်စုံ မှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသအသီးသီးတွင် စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေး စင်တာများ ဖွင့်လှစ်ပေးခြင်း၊ အဆိုပါစင်တာများတွင် သီးနှံအလိုက် ပညာရှင်ဝန်ထမ်းများ တာဝန် ချထားပေးပြီး တောင်သူများအား အနီးကပ်ကူညီမှုပေးစေခြင်း၊ ရုပ်မြင်သံကြား၊ သတင်းစာ ဂျာနယ်များ၊ ဆိုရှယ် မီဒီယာများမှတဆင့် တောင်သူများအတွက် အသိပေးနှိုးဆော်ချက်များ၊ သတင်းများ၊ ဆောင်းပါးများ ဖော်ပြပေးလျက်ရှိပါကြောင်း။

၎င်းအပြင် တောင်သူများသိလိုသည့် နည်းပညာရပ်ဆိုင်ရာများကို အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ခုနှစ် မတ်လ (၁)ရက်နေ့က နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သော်လည်း၊ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ဝင်စားသူများ အနေဖြင့်  နည်းပညာရပ်ဆိုင်ရာများ၊ သတင်းအချက်အလက်များကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရန် လယ်ယာကဏ္ဍအတွက် ပိုမိုကျယ်ပြန့်သော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ အခြေခံသည့် ဝန်ဆောင်မှုများ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ ဌာနနှင့် ပုဂ္ဂလိက တို့ ပူးပေါင်း၍ တောင်သူများအား ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Call Center တာဝန်ခံ ဒေါ်အေးအေးခိုင်က စိုက်ပျိုးရေးဦးစီးဌာန Call Center ၏ လုပ်ငန်းစဉ်များနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ တောင်သူ့အတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးရန် ကြိုးပမ်းနေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် Greenway မှ မန်နေဂျာ ဒေါ်မေဇင်ထွန်း က “အစိမ်းရောင်လမ်း စိုက်ပျိုး မွေးမြူရေး ဆိုင်ရာဖုန်းဆော့ဝဲလ်” ဖြစ်ပေါ်လာပုံနှင့် နည်းပညာရပ်ဆိုင်ရာ မေးမြန်းလာမှုများအပေါ် ပြန်လည် ဖြေကြားရာတွင် စိုက်ပျိုးရေးဦးစီးဌာန ရှိ ပညာရှင်အရာထမ်းအမှုထမ်းများက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် ဝင်ရောက်ဖြေဆိုပေးနိုင်ရန် ဆော့ဝဲအပေါ်တွင် နည်းပညာအဆင့်မြှင့်တင်ပေးထားမှု အခြေအနေများကိုလည်းကောင်း၊ သတ်မှတ်ချိန်အတွင်း ဖြေကြားထားခြင်းမရှိသည့် မေးခွန်းများ အတွက် စိုက်ပျိုးရေးဦးစီးဌာန Call Center ၏ အကူအညီကိုရယူဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တောင်သူ၊ ပညာရှင်၊ ပုဂ္ဂလိက နှင့် အခြားသုံးစွဲသူများကို ခွဲခြားသတ်မှတ်နိုင်ရန် Blue Mark , Green Mark အမှတ်အသားများ သတ်မှတ်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြကာ မိုဘိုင်းဖုန်းများအတွင်း ဆော့ဝဲလ် လက်တွေ့တပ်ဆင် စမ်းသပ်အသုံးပြုပြီး ဌာနပညာရှင်များ၏ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများကို အပြန်အလှန် အကြံပြု  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်