သီးသန့်သီးထပ်သီးညှပ်စိုက်ပါ ဆီထွက်နေကြာ

06/09/2021 13:45 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါသော အခြေခံစားကုန်ဖြစ်၍ ဆီဖူလုံရေးသည် ဆန်ဖူလုံရေးကဲ့သို့ အရေးပါလျက်ရှိသည်။ ဆီဖူလုံရန် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကာ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ကြိုးစားသင့်သည်ဟု မြင်ပါသည်။

    လယ်ယာသီးနှံများတွင် မြေပဲ၊ နှမ်း၊ နေကြာတို့သည် မိုးရော ဆောင်းပါ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများဖြစ်သည်။ သီးသန့်စိုက်ပျိုးနိုင်သည်။ သီးထပ်စိုက်နိုင်သည်။ အလားတူ သီးညှပ်လည်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးရန်အခြေအနေ 

    ဆီထွက်သီးနှံများအနက် မြေပဲမှာ ထုတ်လုပ်မှုစရိတ်မြင့်မားသည်။ မျိုးစေ့ပြဿနာ ကြီးမြင့်သည်။ မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio)ညံ့သည်။ မြေပဲစိုက် ဧရိယာတိုးတက်အောင် ဆောင်ရွက်ခြင်းထက် လက်ရှိဧရိယာကို ဆက်လက်ထိန်းသိမ်းကာ အထွက်တိုးအောင်လုပ်ခြင်းက ပိုမိုသင့်တော်မည်ဟု ယူဆပါသည်။ 

    ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းသီးနှံသည် ထုတ်လုပ်မှုစရိတ် သက်သာသည်။ မျိုးပြဿနာ မရှိလှချေ။ မျိုးစေ့မှမျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) မညံ့ပါ။ ကောင်းပါသည်။ စိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးဖို့လည်းလိုသည်။ အထွက်တိုးအောင်လည်း ဆောင်ရွက်ဖို့လိုပါမည်။

    ဆီထွက်နေကြာသီးနှံမှာမူ ထုတ်လုပ်မှုစရိတ်လည်း သက်သာသည်။ မျိုးစေ့မှမျိုးစေ့ ပြန်လည် ရရှိသောအချိုး (Seed to Seed Ratio)မှာလည်း အထူးကောင်းမွန်သည်။ ဘာပဲ စိုက်စိုက် နေကြာညှပ်စိုက်ဆိုသကဲ့သို့ သီးသန့်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ပါသည်။ 

သီးသန့်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး

    သီးသန့်စိုက်ပျိုးခြင်းကိုတော့ အထူးရှင်းပြရန်လိုမည်မထင်ပါ။ စိုက်ပျိုးမြေကွက်ပေါ်တွင် နေကြာသီးနှံချည့် စိုက်ပျိုးရန် ဖြစ်ပါသည်။

    သီးထပ်စိုက်ပျိုးခြင်းမှာ ပထမသီးနှံရိတ်သိမ်းအပြီးတွင် ဒုတိယသီးနှံကို အဆိုပါမြေကွက် ပေါ်တွင် စိုက်ပျိုးတာဖြစ်သည်။ အခြေအနေပေးလျင် ဒုတိယသီးနှံအပြီး တတိယသီးနှံကို ဆက်လက်စိုက်ပျိုးနိုင်သေးသည်။ ယခုအချိန်တွင် မိုးဦးသီးနှံများဖြစ်သော နှမ်းလျင်၊ ပဲတီစိမ်း၊ မြေပဲစသည့် ယာသီးနှံတစ်မျိုးမျိုးကို ရိတ်သိမ်းပြီးချိန်ဖြစ်သည်။ မြေလပ်မထားဘဲ လက်ကျန် မြေတွင်းအစိုဓာတ်ကို အကျိုးရှိစွာ အသုံးချသောအားဖြင့်လည်းကောင်း မိုးနှောင်းမိုးကို မျှော်ကိုး သော အနေဖြင့်လည်းကောင်း နေကြာသီးနှံကို စိုက်ပျိုးနိုင်သည်။ သို့သော် မိုးပြောင်းဖူးသီးနှံအပြီး နေကြာသီးနှံကိုတော့ သီးထပ်စိုက်ပျိုးခြင်းမပြုသင့်ပါ။ အကြောင်းမှာ သီးနှံနှစ်မျိုးလုံးသည် အပင်အာဟာရများကို များစွာစားကြသဖြင့် မြေဆီဩဇာ လျင်မြန်စွာလျော့နည်းသွားနိုင်လို့ ဖြစ်ပါသည်။

    သီးညှပ်စိုက်ပျိုးခြင်းမှာ နေကြာချည့်သီးသန့်စိုက်ပျိုးခြင်းမပြုဘဲ အခြားယာသီးနှံတစ်မျိုးမျိုးနှင့် တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်ကာ သီးရောစိုက်ပျိုးနိုင်သည်။ လွယ်ကူသော်လည်း ပေါင်းမြက်နှိမ်နင်းမှု၊ ရိတ်သိမ်းမှုတို့တွင် အခက်အခဲဖြစ်နိုင်သည်။

    တစ်မျိုးကို ကြဲပက်စိုက်ပျိုးပြီး နေကြာကို အတန်းလိုက်စိုက်နိုင်သည်။ သို့မဟုတ် အခြား သီးနှံကို အတန်းလိုက်စိုက်ပြီး နေကြာကို ကြဲပက်စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သီးနှံ နှစ်မျိုးလုံးကို အတန်းလိုက်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ဥပမာ-ပဲတီစိမ်းနှင့် သီးညှပ်စိုက်နိုင်သည်။ ပဲတီစိမ်းအတန်းလေးတန်းခြားတိုင်း နေကြာတစ်တန်းကို တစ်ပင်နှင့်တစ်ပင် တစ်ပေအကွာထားပြီး စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းလည်းရ စားသုံးဆီလည်းရနိုင်သဖြင့် တောင်သူအတွက် စီးပွားရေးအကျိုးအမြတ်ရှိကြောင်း သိရပါသည်။

မျိုးကောင်းမျိုးသန့်အသုံးပြုရေး  

    အထွက်တိုးအောင်လုပ်ဖို့လိုမည််။ အထွက်တိုးဖို့ဆိုရင် စိုက်ပျိုးသည့်မျိုးသည် မျိုးသန့်ဖြစ်ဖို့ လိုမည်။ သို့ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖေါ်ထုတ်ထားသည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ မျိုးတို့ကို စိုက်ပျိုးနိုင်ပါသည်။

    ရေဆင်းစပ်မျိုးနေကြာ-၁ သည် သဘာဝဝတ်မှုန်ကူးမျိုး မဟုတ်ပါ။ စပ်မျိုးဖြစ်သည်။ အသက်ရက်မှာ ၈၀ မှ ၈၅ ရက်နှင့် ရိတ်သိမ်းနိုင်သည်။ အပင်အရပ်မှာ ၄ ပေမှ ၅ ပေခန့်ရှိသည်။ အပွင့်အချင်းမှာ ၅ မှ ၉  လက္မဖြစ်သည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ အထိရှိသည်။ မျိုးအောင်မြင်မှုရာခိုင်နှုန်း ၉၀ မှ ၉၅ ရာခိုင် နှုန်းဖြစ်သည်။ အစေ့ ၁၀၀၀ အလေးချိန်ဂရမ်မှာ ၄၅ မှ ၅၀ ရှိသည်။ အစေ့တွင် ဆီပါဝင်မှုမှာ ၄၈ မှ ၅၁ ရာခိုင်နှုန်းဖြစ်သည်။ ဆီထွက်နိုင်မှုမှာ အစေ့တစ်တင်းမှ ဆီ ၄ မှ ၄ ဒသမ ၅ ပိဿာ ထွက်နိုင်သည်။ ထူးခြားချက်မှာ အပင်ယိုင်လဲမှုဒဏ်ကိုခံနိုင်သည်။ နေကြာရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်သည်။ နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ဝတ်မှုန်ကူးရန် ပျား၏အကူအညီမပါသော်လည်း တစ်ဧကမှ အထွက် ၅၅ တင်းမှ တင်း ၆၀ အထိထွက်ရှိနိုင်ကြောင်း သိရပါသည်။

    ဆင်းရွှေကြာ-၂ မျိုးသည် စပ်မျိုးမဟုတ်ပါ။ အထွက်ကောင်းမျိုးဖြစ်သည်။ အသက်ရက် ၈၀ မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေဖြစ်သည်။ အပွင့်အချင်းမှာ ၅ မှ ၈ လက္မရှိသည်။ အစေ့ ၁၀၀၀ အလေးချိန် ၅၆ ဂရမ်ရှိသည်။ အစေ့တွင်ဆီပါဝင်မှုမှာ ၄၀ မှ ၅၀ ရာခိုင်နှုန်းဖြစ်သည်။ တစ်ဧကမှနေကြာစေ့ တင်း ၃၀ မှ ၄၅ တင်းထွက်နိုင်သည်။ ထူးခြားသည်မှာ ယိုင်လဲမှုဒဏ်ခံနိုင်ပြီး ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည်ရှိကြောင်း သိရပါသည်။

    ယခုအခါ ဆီထွက်နေကြာကို  မြန်မာနိုင်ငံတစ်ဝှမ်း၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်မြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးနိုင်သည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံတစ်မျိုးတည်း သီးသန့်စိုက်ပျိုးခြင်း၊ အခြားယာသီးနှံများနှင့် နေကြာသီးနှံကို သီးထပ်သီးညှပ်စိုက်ပျိုးခြင်းတို့ဖြင့် ဆီထွက်နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးဖို့လိုမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်