Ketosis (ကီတိုးဆစ်)

21/01/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

- Ketosis သည် စွမ်းအင်ဓာတ်မညီမျှခြင်း (Negative Energy Balance) အခြေအနေတွင်ရှိသော နို့စားနွားမများတွင် တွေ့ရပြီး တိရစ္ဆာန်မှ glucose လိုအပ်ချက်မြင့်လာတာနှင့် ဆက်စပ်ဖြစ်ပွားသည်။ အထူးသဖြင့် ထုတ်လုပ်မှုမြင့်သောနွား၊ အရည်အသွေးမကောင်း အာဟာရနည်းသောအစာကို စားရသည့်နွားများတွင် အဖြစ်များသည်။ ရောဂါလက္ခဏာများကို မမွေးခင်တွင်မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် မွေးပြီးပထမလတွင် အသိသာဆုံးဖြစ်ပြီး ဒုတိယလတွင်လည်း တွေ့နိုင်သည်။

* ဖြစ်ပွားရသည့်အကြောင်းအရင်း

- ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်အတွင်းတွင် သန္ဓေသားနှင့် အချင်းတိုင်သည် စွမ်းအင်ဓာတ်အများဆုံးလိုအပ်နေသည့် အခြေအနေဖြစ်ပြီး နွားကလေးမွေးပြီးချိန်တွင်လည်း နို့ဖြစ်တည်စေရန်နှင့် နို့ထုတ်လုပ်မှုမြှင့်တင်ရန် စွမ်းအင်ဓာတ် (energy) များစွာလိုအပ်နေချိန်ဖြစ်သည်။ သို့သော် နွားမများသည် မွေးပြီးစအချိန်တွင် အာဟာရလိုအပ်ချက်ကများပြီး အစာစားနှုန်းနည်းနေတတ်သည်။

*** နွားမများတွင် စွမ်းအင်ဓာတ်ရရှိမှု (energy supply) သည် စွမ်းအင်ဓာတ်လိုအပ်ချက် (energy demand) ထက် နည်းနေသည့် အခြေအနေကို စွမ်းအင်ဓာတ်မလုံလောက်ခြင်း (Negative Energy Balance) ဟုခေါ်သည်။

- ထိုသို့ စွမ်းအင်ဓာတ်မလုံလောက်သည့်အခြေအနေတွင် သွေးနှင့် ခန္ဓာကိုယ်တစ်ရှူး (body tissue)များတွင် glucose ပမာဏ လျော့နည်းခြင်း ပြဿနာဖြစ်လာသည်။

- စွမ်းအင်ဓာတ်မလုံလောက်သည့်အခါ နွားမ၏ ခန္ဓာကိုယ်တွင်း ထိန်းသိမ်းထားသော ကိုယ်တွင်းအဆီဓာတ် (body fat) များကို ဖြိုခွဲသုံးစွဲပြီး လိုအပ်တဲ့ စွမ်းအင်ဓာတ်ရရှိအောင်ပြုလုပ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အခြေအနေ ကျဆင်းလာပါသည်။ ထို့ပြင် အဆီဓာတ်များကို စွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲရာတွင် အသုံးပြုမှုထက် ထုတ်လုပ်မှုကများသောအခါ ဘေးထွက်ပစ္စည်းဖြစ်သည့် Beta-Hydroxy Butyric Acid (ketone body) များ သွေးအတွင်းများလာပြီး Ketosis (ကီတိုးဆစ်) ဖြစ်စေပါသည်။

* ရောဂါလက္ခဏာများ

(1) Wasting form

- အစာစားနှုန်းကျခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကျခြင်း၊ နို့ထွက်နှုန်းကျခြင်း

- အားအင်မရှိ ယိမ်းထိုးသွားနေခြင်း၊ ကောင်းစွာမတ်တတ်မရပ်နိုင်ခြင်း၊ ခေါင်းစိုက်နေခြင်း

- နို့ထဲနှင့် အသက်ရှုလိုက်တိုင်း acetone အနံရခြင်း (ချိုအီအီအနံရခြင်း)

ဤအဆင့်သည် သေလောက်အောင်ထိ မပြင်းထန်သော်လည်း ကုသမှုမှ မပေးလျှင် ပြန်လည်ကျန်းမာလာရန်နှေးမည်။ နို့ထွက်နှုန်းသည် တစ်လကျော်ခန့်ကြာလျှင် တဖြည်းဖြည်း ပြန်မြင့်လာသော်လည်း မူလထုတ်လုပ်မှု level ကိုတော့ အပြည့်အဝပြန်မရနိုင်ပေ။

(2) Nervous form

- ရန်လိုခြင်း၊ လျှာနှင့်တွေ့ကရာလျက်ခြင်း၊ စက်ဝိုင်းပုံလှည့်ပတ် လျှောက်နေခြင်း

- အကြောင်းအရင်းမရှိ ကျယ်လောင်စွာအော်နေခြင်း

* ကုသမှု

အဓိကရည်ရွယ်ချက်သည် ခန္ဓာကိုယ်အတွင်း glucose ကိုပြန်လည်ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ Glucose supplement ကိုအမြန်လုပ်ရန်လိုအပ်ပါတယ်။ ထို့နောက် ဆက်လက်ကုသမှုများဖြင့် glucose ကိုရေရှည်ထောက်ပံ့ပေးရပါမယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကုသမှု/အကြံပေးမှုများ ရယူပါ။

(1) Glucose replacement

- Dextrose solution (IV) (လက်တလော အမြန်ကုသမှုအနေနဲ့အကျိုးရှိ)

- Propylene glycol (သို့) glycerine (ရေရှည်အကျိုးသက်ရောက်မှုရှိ၊ ၂ - ၄ ရက်ကြာအောင်ဆက်ပေးရမည်)

- Multivitamin injection

(2) Hormonal therapy

- Corticosteroids

(တိရစ္ဆာန်ဆေးကု ဆရာဝန်များကိုယ်တိုင် ပေးဖို့လိုအပ်ပါသည်)

- Corticosteroids သည် ကြွက်သားအတွင်းမှ protein (အသားဓာတ်)ကို ဖြိုခွဲကာ glucose အဖြစ်ပြောင်းလဲပေးပြီး သွေးတွင်း glucose level ကျမှုကို ဖြည့်တင်းပေးနိုင်သည်။

- အရေးကြီးသောအချက်မှာ ကြွက်သားအတွင်းရှိ protein များ အလွန်အကျွံ ပြိုကွဲခြင်းမဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့် Corticosteroids သုံးသည့်အခါ ကစီဓာတ်ကြွယ်ဝသောအစာများ (သို့) propylene glycol ပေးထားဖို့လိုအပ်ပါသည်။

* ကာကွယ်ခြင်း

- အစာအလုံအလောက်ကျွေးခြင်းနှင့် စီမံခန့်ခွဲနိုင်မှုပေါ်မူတည်သည်။

- နို့နားကာလနှင့် မွေးကာနီးအချိန်တွင် ခန္ဓာကိုယ်သည် မပိန်လွန်းမဝလွန်းသော အခြေအနေတွင်ရှိရမည်။

(အဝလွန်ခြင်းမဖြစ်စေရ)

- မမွေးခင် ၂ ပတ်ခန့်အလိုတွင် အရည်အသွေးကောင်းတဲ့ အစာကြမ်း/အစာစိမ်းကို အခြေခံပြီး နွား၏စွမ်းအင်လိုအပ်ချက်နှင့် ကိုက်ညီအောင်ကျွေးရမည်။ အစေ့အဆံ (cereal grain) များကျွေးနိုင်ပါတယ်။

- မွေးပြီးနောက် နို့ပေးကာလအစောပိုင်းတွင် အာဟာရပြည့်ဝသည့် (အသားဓာတ်၊စွမ်းအင်ဓာတ်) အစာများကျွေးနိုင်အောင် ပြင်ဆင်ထားရမည်။

- propylene glycol ကို အစာတွင်ဖြည့်စွက်ကျွေးနိုင်သည်။

*** နွားကထနိုင်သေးလျှင်-

အစာကျွေးမှုကို အထူးဂရုစိုက်ရမည်။ စွမ်းအင်ဓာတ်များသောအစာများကျွေးရမည်။

*** နွားကမထနိုင်လျှင်-

- အရိပ်ထဲတွင် အခင်းနေရာကောင်းမွန်စွာဖြင့်ထားပါ။ ကိုယ်လက်နာကျင်ကိုက်ခဲမှုမဖြစ်စေရန် ခန္ဓာကိုယ်ကိုတစ်ဖက်မှတစ်ဖက်သို့ ပုံမှန်ပြုပြင်ပေးရပါမယ်။

- ရေနှင့်အရည်အသွေးကောင်းသော အစာများထားထားပေးပါ။ Propylene glycol ပေးနိုင်သည်။

- နွားက သူ့ဘာသာ လုံးဝမထနိုင်လျှင် hip-lifter (နွားကိုတင်ပါးဆုံရိုးမှထိန်း၍ မသည့်အရာ) သို့မဟုတ် တခြားအရာများသုံး၍ ရပ်နိုင်အောင် ကူညီပေးရမည်။ (ထိုသို့ပြုလုပ်ရာတွင် စနစ်တကျလုပ်ဆောင်ရမည်။)

Source- MDEP


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်