စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ငါးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာ့ငါးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

27/11/2018 14:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

တိုင်းရင်းငါးမျိုးများ မျိုးသုဉ်းပျောက်ကွယ်မှုမှ ကာကွယ်ရန်၊ ဒေသနေ ငါးမွေးတောင်သူများအား ငါးရောဂါဆိုင်ရာဗဟုသုတများ ဖြန့်ဝေပေးရန်၊ ငါးမွေးမြူရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေ ပေးခြင်းဖြင့် ခိုင်မာသော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ငါးပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခြင်းဖြင့် မြန်မာ့ငါးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရန် တို့ကို မိမိတို့ဝန်ကြီးဌာနမှ ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ သက်ဆိုင်သူအားလုံးတို့က ကျရာ အခန်းကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိုဝင်ဘာလ (၂၅) ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေး ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ငါးလုပ်ငန်းစခန်းဧရိယာအတွင်း ငါးလုပ်ငန်းသိပ္ပံကျောင်း ဆောက်လုပ်ရန်လျာထားသည့် သင်တန်းဆောင်နေရာ၊ ကျား/မ အိပ်ဆောင်နေရာ၊ နားနေဆောင် ဆောက်လုပ်ရန် လျားထား မြေနေရာများအား လှည့်လည်ကြည့်ရှူစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

ထို့နောက် ငါးလုပ်ငန်းစခန်းရှင်းလင်းဆောင်တွင် ငါးလုပ်ငန်းစခန်း လုပ်ငန်းဆောင်ရွက်နေမှူ အခြေအနေ၊ ငါးလုပ်ငန်းသိပ္ပံကျောင်း ဆောက်လုပ်နိုင်မှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ငါးလုပ်ငန်းအတတ်သင်သိပ္ပံကျောင်း ဆောက်လုပ်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးပေါ်ပေါက်လာမည့် ငါးလုပ်ငန်းတက္ကသိုလ် ဖြစ်လာစေရေး မျှော်မှန်းချက်ထား ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းအင်အားမှစ၍ အခြေခံအဆောက်အအုံများ နှစ်စဉ်တိုးချဲ့ဆောင်ရွက်နိုင်ရေး အစီအမံများ ထည့်သွင်းဆောင်ရွက်နိုင်ရန်တို့ကို အသေးစိတ်ဆွေးနွေး မှာကြားသည်။

တွံတေးငါးလုပ်ငန်းစခန်းသည် ငါးမွေးတောင်သူ (၁၃၆၉) ဦး၏ ငါးမွေးဧရိယာ (၅၃၈၃၀) ဧက ရှိသော ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နှင့် ငါးမွေးတောင်သူ (၂၀၀၅) ဦး၏ ငါးမွေးဧရိယာ (၃၄၁၉၈) ဧက ရှိသော ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တို့ အနီးတွင်တည်ရှိပြီး ငါးမွေးတောင်သူများအတွက် လိုအပ်သောနည်းပညာနှင့် မျိုးများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလကုန်အထိ ငါးသား ပေါက်ကောင်ရေ (၂၉၃) သိန်း ထုတ်လုပ်ပေးနိုင်ခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြခွာညိုလမ်းရှိ ငါးလုပ်ငန်းဦးစီးဌာန မိချောင်းမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိချောင်း မွေးမြူရေးဆိုင်ရာ ပညာရပ်ပိုင်းလိုအပ်ချက်များ၊ ခေတ်မှီစက်ပစ္စည်းကိရိယာလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးမှာကြားပြီး အများပြည်သူအပန်းဖြေသည့် မိချောင်းမွေးမြူရေးကန်များ၊ မိချောင်း သားပေါက်အဆင့်ဆင့် ပြုစုမွေးမြူကန်များအား လှည့်လည်ကြည်ရှု့စစ်ဆေးသည်။

သာကေတမြို့နယ် မိချောင်းမွေးမြူရေးစခန်းတွင် အရွယ်စုံ မိချောင်းကောင်ရေ (၅၃၆) ကောင် မွေးမြူထားရှိပြီး ပြည်တွင်း/ပြည်ပ ခရီသွားများ လေ့လာအပမ်းဖြေနိုင်ရန်၊ မိချောင်းဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းအား အများပြည်သူ ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်၊ ရှု့ခင်းသာလမ်းရှိ ငါးလုပ်ငန်း သုတေသန ဓါတ်ခွဲခန်းများဌာနစုသို့ ရောက်ရှိလာရာ ဖွံဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူးက နိုင်ငံခြားပို့ကုန်/သွင်းကုန် စံချိန်စံညွှန်းများနှင့်အညီ ရေထွက်ပစ္စည်းများ စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ISO/IEC-17025 အသိအမှတ်ပြု ထောက်ခံချက်ရရှိရေး ဆောင်ရွက်နိုင်မှု အခြေအနေ များအားလည်းကောင်း၊ ငါးရောဂါရှာဖွေရေးဌာနစုတာဝန်ခံမှ မွေးမြူရေးကဏ္ဍ ကူညီ ဆောင်ရွက်ပေးနိုင်မှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများတစ်ဦးချင်းစီအလိုက် အရည်အသွေး၊ အရည်အချင်းများ စဉ်ဆက် မပြတ် တိုးမြင့်စေရေး ကြိုးပမ်းကြရန် လိုအပ်ချက်များနှင့် ရေထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာ ဈေးကွက်များ၏ စံသတ်မှတ်ချက်များနှင့်အညီ တိကျစွာစစ်ဆေးဆောင်ရွက်ရန် လိုအပ်ချက်များကို  အသေးစိတ် ဆွေးနွေးမှာကြားခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာလ ၂၆ ရက်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်