တစ်ခါက နယ်မြို့လေးတစ်မြို့မှာ ကိုမောင်နဲ့ မပြုံးဆိုတဲ့ ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။
မင်္ဂလာဆောင်စဉ်ကရတဲ့ မင်္ဂလာလက်ဖွဲ့ ပိုက်ဆံလေးတွေနဲ့ ဆိုက္ကားတစ်စီးဝယ်ပြီး ယောက်ျားဖြစ်သူက ဆိုက္ကားနင်းပါတယ်။ ဇနီးဖြစ်သူကတော့ ရာသီပေါ် ဟင်းသီးဟင်းရွက်လေးတွေ ရောင်းရင်း ဘဝကို ဖြတ်သန်းနေပါတယ်။တစ်နေ့လုပ်တစ်နေ့စားဘဝတွေမို့ ငွေလည်း မစုနိုင်ရှာပါဘူး။
ဒီလိုနဲ့ ဇနီးဖြစ်သူက မမျှော်လင့်ပဲ ကိုယ်ဝန်ရလာပါတယ်။ အရင်လို ဈေးလည်း ပုံမှန်မရောင်းနိုင်တော့ပဲ ယောက်ျားဖြစ်သူရဲ့ ဝင်ငွေနဲ့ပဲ စားသောက်ရင်း ရှိတာလေးတွေ ထုခွဲရောင်းချပြီး ဖြေရှင်းရပါတယ်။ မွေးခါနီးမှာ မွေးဖွားဖို့ စရိတ် မရှိတာကြောင့် ရပ်ကွက်ထဲက ငွေတိုးချေးသူထံကနေ ၂၀ကျပ်တိုးနဲ့ ငွေ ၃ သိန်းချေးခဲ့ပါတယ်။
ကလေးမွေးဖွားပြီးနောက်ပိုင်းမှာလည်း ယောက်ျားဖြစ်သူရဲ့ ဆိုက္ကားနင်းလို့ရတဲ့ ငွေက စားသောက်ဖို့နဲ့ ကလေးစရိတ်အတွက် မလောက်ငှပါဘူး။ ဒါ့ကြောင့်ချေးထားတဲ့ငွေ ၃သိန်းကို အရင်းရော အတိုးပါ လုံးလုံးမဆပ်နိုင်တဲ့ အခြေအနေဖြစ် နေပါတယ်။
ဒီလိုနဲ့ ငွေချေးပြီး ၆လ အကြာမှာတော့ အတိုးနဲ့အရင်းပေါင်းပြီး ၉သိန်းလောက် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ ကိုမောင်နဲ့ မပြုံးတို့လင်မယားနှစ်ယောက် ကြံရာမရဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ ဆိုက္ကားလေးကို ရောင်းချပြီး အကြွေးဆပ်လိုက်ရပါတယ်။
ပိုက်ဆံ ၃ သိန်းချေးရင်းကနေ ၆လအကြာမှာ ဘာကြောင့် ၉သိန်းဖြစ်သွားရတာလဲဆိုတာကို အပိုင်း (၂) မှာဆက်လက်ဖော်ပြသွားပါ့မယ်။