တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များ စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သို့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ

29/09/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များ စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေကို ဈေးကွက်ကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာထုတ်လုပ်ပြီး  ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့၊ တင်ပို့သူလုပ်ငန်းရှင်တွေ စနစ်တကျ သိရှိလိုက်နာဖို့အတွက် လိုအပ်တဲ့အချက်တွေကို ထုတ်ပြန်ပေးထားပါတယ်။ အသေးစိတ်ကိုတော့ နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများတွင် ဆက်သွယ်မေးမြန်း အကူအညီရယူနိုင်ပါတယ်။

ဟု သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောသည်။

    မြန်မာနိုင်ငံတွင်း ကျွဲ၊ နွားများမွေးမြူရာတွင် မိရိုးဖလာ လွှတ်ကျောင်းမွေးမြူရေးစနစ်မှ အစာစနစ်တကျကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးလာစေရေး၊ တိရစ္ဆာန်အစာရှားပါးချိန်တွင် ကျွေးမွေးရန် အာဟာရကြွယ်ဝသောအစာ ရရှိစေရေး၊ ပြည်တွင်းရှိ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရေး စသည့်ရည်ရွယ်ချက်များအပြင် ပြည်ပပို့ကုန်အမယ်သစ် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံအတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

တိရစ္ဆာန်စာချဉ်ဖတ်တွေကို ပြုလုပ်ထိန်းသိမ်းထားမယ်ဆို တချို့ဒေသတွေမှာ (၂)နှစ်ခန့်ကြာတဲ့အထိ သိမ်းဆည်းကျွေးမွေးနိုင်ပါတယ်။ အအေးပိုင်းဒေသမှာဆိုရင်တော့ နှစ်ပေါင်း(၂၀)အထိ သိမ်းဆည်းထားနိုင်ပါတယ်။ အစာချဉ်ဖတ်ကို ကျွေးမွေးမယ်ဆိုရင် နို့စားနွားမတွေမှာ နို့ထွက်နှုန်းတွေ တိုးလာမယ်၊ နို့ခွဲနွားငယ်တွေရဲ့ ကြီးထွားနှုန်းမြင့်မားလာမယ်၊ ခိုင်းကျွဲနဲ့ ခိုင်းနွားတွေဆိုရင်လည်း လုပ်အားစွမ်းအင် တိုးမြှင့်လာစေနိုင်ပြီး၊ အသားစားနွားတွေအတွက်လည်း အသားတက်နှုန်း တိုးမြင့်မားလာစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ဟု သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။

    တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများ၊ လုပ်ငန်းရှင်များ လက်တွေ့လေ့လာနိုင်ရန်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်းသရုပ်ပြအခမ်းအနား ကို စက်တင်ဘာလ(၂၇)ရက်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောလေးကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်