အပင်ရောဂါကျရောက်မှုမရှိစေဖို့ ကြိုတင်လုပ်ဆောင်သင့်သည့်နည်းလမ်းများ

13/08/2021 17:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

    စိုက်ခင်းအတွင်းတွင် ရောဂါကျရောက်မှုမရှိစေရန် ကာကွယ်နှိမ်နင်းနည်းများကို လုပ်ဆောင်နေကြသော်လည်း ရောဂါသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဝင်ရောက်လာနိုင်ပါသည်။ သို့သော်ငြားလည်း ဦးကြီးတို့အနေဖြင့် အောက်ပါအလေ့အကျင့်ကောင်းများကို လုပ်ဆောင်ခြင်းဖြင့် ဦးကြီးတို့စိုက်ခင်းအတွင်း ကျရောက်နေသော ရောဂါပြသနာများကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မည်။

(၁) စိုက်ပျိုးမြေရွေးချယ်မှုမှန်ကန်ခြင်း

    သီးနှံများကို စိုက်ပျိုးရာတွင် ကောင်းမွန်သော ရေနုတ်မြောင်းများနှင့် နေရောင်ခြည်ကောင်းစွာရရှိသော နေရာကိုသာ ရွေးချယ်သင့်ပါသည်။ မြေဆီလွှာသည် နုန်းမြေ (သို့) မွနေသောမြေကိုသာ ရွေးချယ်သင့်ပြီး ပေါင်း၊ အမှိုက်၊ တုတ်၊ ကျောက်တုံးများကင်းစင်သော မြေဖြစ်ရမည်။ ကြပ်ခဲဖြစ်နေသောမြေ (သို့) သိပ်သည်းသောမြေဆီလွှာတွင် စိုက်ပျိုးခြင်းမျိုး ရှောင်ကြဉ်ရမည်။မြေဆီလွှာ လေဝင်လေထွက်ကောင်းမွန်မှုရှိရန်လည်း အလွန်အရေးကြီးသည်။ လေဝင်လေထွက် ကောင်းမွန်မှုမရှိသည့် အဆောက်အဦများကြားတွင် စိုက်ပျိုးခြင်းမျိုး မပြုလုပ်သင့်ပါ။

(၂) မြေဆီလွှာအခြေအနေအား အမြဲစစ်ဆေးခြင်း

    ဦးကြီးတို့ စိုက်ပျိုးထားသောသီးနှံများ၏ ကြိုက်နှစ်သက်သော pH အဆင့်ကို သိရန်နှင့်အညီ ပြင်ဆင်မှုပြုလုပ်ထားရန်လည်း လိုအပ်ပါသည်။ မြေဆီလွှာ pH စစ်ဆေးမှုကို pH တိုင်းကိရိယာများအပြင် မီးဖိုချောင်းသုံးပစ္စည်းများဖြင့်လည်း တိုင်းတာကာ စမ်းသပ်နိုင်ပါသည်။ မြေဆီဩဇာ ကောင်းမွန်သည့်အခါ အပင်များသည် ကျန်းမာစွာ ရှင်သန်ကြီးထွားနိုင်ကြပြီး မည့်သည့်အပင်ရောဂါမဆို ကာကွယ်နိုင်သည်။ မြေဆီဩဇာထက်သန်စေရန်အတွက် ဆိတ်၊ သိုး၊ နွား၊ မြင်း၊ လား တို့၏အညစ်အကြေးများကို အသုံးပြု၍ မြှင့်တင်နိုင်သည်။

(၃) ရေလောင်းရာတွင် သတိထားခြင်း

    လူများနှင့် စိုက်ပျိုးရေးသုံးကိရိယာများသည်လည်း ရောဂါကို အပင်မှအပင်သို့ ကူးစက်ပျံ့နှံ့စေနိုင်သည်။ ရောဂါများသည် ရေမှတစ်ဆင့် လွယ်ကူစွာပျံ့နှံ့သွားနိုင်သည့်အတွက် အပင်များ စိုစွတ်နေသည့်အခါမျိုးတွင် စိုက်ခင်းတွင်းသို့ ဝင်ရောက်အလုပ်လုပ်ခြင်းကို ရှောင်ရှားသင့်ပါသည်။ နေ့လည်ပိုင်း မွန်းတည့်ချိန်တွင် ရေများခမ်းခြောက်သွားသည့်အတွက် အပင်များအတွက် အကောင်းဆုံး ရေလောင်းသင့်သောအချိန်သည် မနက်အစောပိုင်းအချိန်ဖြစ်သည်။ သစ်ရွက်များ ကြာကြာစိုထိုင်းနေလေ ရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများလေဖြစ်သည်။

(၄) စိုက်ခင်းအားသန့်ရှင်းခြင်း

    သီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့် အပင်အစိတ်အပိုင်းနှင့် ကျန်ရှိနေသည့်အမြစ်များကို ရှင်းလင်းပေးခြင်းအပြင် အပင်များမှကျကျန်ခဲ့သော အရွက်အစိတ်ပိုင်းများကို သေချာစွာကောက်ယူ၍ စွန့်ပစ်ခြင်းများကို ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။ အလွန်အေးသောဒေသများတွင် အေးခဲပြီးနောက် သန့်ရှင်းရေးလုပ်ရန်လည်း လိုအပ်သည်။ နောက်ရာသီတွင် ထွန်မယက်ဘဲ ဆက်လက်စိုက်ပျိုးမိလျှင်လည်း မြေကြီးထဲတွင်ကျန်ရှိနေသော ရောဂါများသည် နောက်စိုက်ပျိုးထားသော သီးနှံများကို ဖျက်ဆီးတတ်ပါသည်။

(၅) ပေါင်းပင်ကင်းရှင်းစေခြင်း

    ဟင်းသီးဟင်းရွက်များသည် ပတ်ဝန်းကျင်၏ ပေါင်းမြက်ဒဏ်ကို ခံနိုင်ရည်ရှိမှု အလွန် အားနည်းသည်။ ပေါင်းပင်အချို့သည် ဟင်းသီးဟင်းရွက်များကို ဖျက်ဆီးနိုင်သည့် တချို့သောရောဂါများကို လက်ခံနိုင်သည့်အတွက် ဆောင်းရာသီမှာ ဦးကြီးတို့စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို ဖျက်ဆီးနိုင်သည့် ရောဂါများရှင်သန်ရာ နေရာတစ်ခုဖြစ်လာပါတော့သည်။ ထို့ကြောင့် ဦးကြီးတို့အနေဖြင့် စိုက်ပျိုးရာသီအဆုံးမှာ စိုက်ခင်းအနီးအနားရှိ ပေါင်းပင်များကို ရှင်းလင်းရန် အလွန်အရေးကြီးသည်။

(၆) သီးလှည့်စိုက်ပျိုးခြင်း

    ၁ နှစ်ပြီး ၁ နှစ် မျိုးနွယ်တူသည့် သီးနှံတူသည့် သီးနှံများ (ခရမ်းချဉ်သီး၊ ခရမ်းခေါင်းသီး၊ ငရုတ်သီး) တို့ကို စိုက်ပျိုးမိသည့်အခါ ရောဂါသက်ရှိများသည် မြေဆီလွှာထဲတွင် စုပေါင်းခိုအောင်းလာနိုင်ပြီး ပြင်းထန်သော ရောဂါပျံနှံ့မှုကို ဖြစ်ပေါ်စေပါသည်။ အကောင်းဆုံး ရောဂါကာကွယ်နှိမ်နင်းနည်းမှာ ဟင်းသီးဟင်းရွက်များကို အနည်းဆုံး ၃ နှစ် ၁ ကြိမ် လှည့်စိုက်ပေးရန် လိုအပ်သည်။ သီးလှည့်စိုက်ခြင်းသည် ဟင်းသီးဟင်းရွက်သီးနှံများအတွက် ရောဂါကာကွယ်ရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

(၇) မျိုးဂရုပြု၍ ရွေးချယ်ခြင်း

    ဟင်းသီးဟင်းရွက်အများစုသည် များသောအားဖြင့် ကျရောက်လေ့ရှိသော ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိသော မျိုးစေ့များဖြစ်သည်။ ဒေသအတွင်းကျရောက်လေ့ရှိသော ရောဂါများကို ခံနိုင်ရည်ရှိသောမျိုးစေ့များနှင့် လိုအပ်သည့် အကြံဉာဏ်များကို သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးများတွင်လည်း အကူအညီ တောင်းခံနိုင်သည်။ ပျိုးပင်များကို ဝယ်ယူသည့်အခါ အဖြူရောင်အနာ၊ အစက်အပြောက် (သို့) အပင်နာခြင်းရှိမရှိကို သေချာစွာစစ်ဆေးရန်လည်းလိုအပ်ပါသည်။

References: https://insteading.com/blog/prevent-plant-disease


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်