ဆီထွက်မုန်ညှင်းစိုက်ပျိုးနည်း

29/09/2021 18:30 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    မြန်မာနိုင်ငံသည် နှမ်း၊ နေကြာ၊ မြေပဲ၊ ဆီထွက်မုန်ညှင်း စတဲ့ ဆီထွက်သီးနှံများကိုလည်း အဓိကစိုက်ပျိုးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဆီထွက်မုန်ညှင်းသည်လည်း အဓိကအားထားရတဲ့ သီးနှံတစ်မျိုးဖြစ်ပါသည်။ ဆီထွက်မုန်ညှင်းစိုက်ပျိုးရာတွင်...

မြေအမျိုးအစား

    ဆီထွက်မုန်ညှင်းကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေနီ၊ မြေစေး၊ သဲဆန်မြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေစီးရေလာကောင်းပြီး မြေချဉ်ငံဓာတ် ၅.၅-၈ အထိစိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စိုက်ပျိုးကြသည်။

ရာသီဥတု

    မိုးရေချိန် ၂၅-၄၀ စင်တီမီတာနှင့် အပူချိန် ၂၂-၂၅ ဒီဂရီစင်တီဂရိတ်တွင် ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ချစိုက်ပျိုးချိန်တွင် အပူချိန် ၂၀-၂၂ ဒီဂရီစင်တီဂရိတ်သည် အကောင်းဆုံးဖြစ်ပြီး ၂၈-၃၀ ဒီဂရီစင်တီဂရိတ်သည် ရိတ်သိမ်းရန်အတွက် အကောင်းဆုံးအပူချိန်ဖြစ်သည်။ သမပိုင်းဒေသမှာပေါက်ရောက်ဖြစ်ထွန်းပြီး အေး၍ခြောက်သွေ့သော ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ အပင်ကြီးထွားမှုအဆင့်မှာ နှင်းခါးဒဏ်ကို ခံနိုင်ရည်ရှိသည်။ 

မြေပြုပြင်ခြင်း

    အပင်ပေါက်ကောင်းရန်အတွက် ပျိုးခင်းကောင်းကောင်းလိုအပ်ပါသည်။ မစိုက်ပျိုးခင် ထယ်ထိုးထွန်မွှေခြင်းကို နှစ်ကြိမ် သုံးကြိမ်လုပ်ပေးပါ။ ထယ်ဝင်ပြီးတိုင်း မြေမျက်နှာပြင်ကို ညီညာအောင်ညှိပေးပါ။ ရေမဝပ်စေဘဲ စိုထိုင်းစကောင်းတဲ့စိုက်ခင်းမြေကို အပင်ပေါက်ညီရန်အတွက် ပြင်ပေးဖို့လိုပါမည်။ မြေပြင်ချိန်တွင် တစ်ဧကကို နွားချေးလှည်း (၅-၁၀) စီး၊ ယူးရီးယား (၅၆)ပေါင်၊ တီစူပါ(၈၄)ပေါင်၊ ပိုတက်ရှ်(၂၈) ပေါင်နှုန်းထည့်ပေးပါ။ တစ်ဧကကို မျိုးစေ့နှုန်း ၄ ပြည်ကုန်ကျပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက်ရှိသင့်ပါသည်။

စိုက်ပျိုးခြင်း

    အများအားဖြင့် စက်တင်ဘာလမှ အောက်တိုဘာလထိ စိုက်ပျိုးကြပါသည်။ ကြားသီးနှံအဖြစ်စိုက်ပျိုးမည်ဆိုပါက အဓိကစိုက်ပျိုးတဲ့သီးနှံရဲ့ စိုက်ပျိုးချိန်ပေါ်မူတည်ပြီး စိုက်ပျိုးနိုင်ပါသည်။ တန်းကြား ၁၂ လက်မနှင့် ပင်ကြား ၆ လက်မ ထားပြီးစိုက်ပျိုးသင့်ပါသည်။ မျိုးစေ့ချအနက်မှာ ၂ လက်မအနက် စိုက်ပျိုးနိုင်ပါသည်။ မြေအောင်းပိုးများနှင့် ရောဂါများမှကာကွယ်နိုင်ရန်အတွက် မျိုးစေ့ကိုလူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးပေးနိုင်ပါသည်။

မြေသြဇာကျွေးခြင်း

    မြေပြင်ချိန်တွင် လိုအပ်သောအာဟာရများ ထည့်သွင်းပေးပြီး ပန်းပွင့်ချိန် အစိုဓာတ်လုံလုံလောက်လောက်ရှိပါက ယူရီးယား ၂၈ ပေါင်ကို ထပ်ထည့်ပေးနိုင်ပါသည်။

ပေါင်းမြက်နှိမ်နင်းခြင်း

    အပင်ပေါက်အဆင့်တွင် ပေါင်းမြက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းအားနည်းတဲ့အတွက် စိုက်ခြင်းမြေပြုပြင်စဉ်ကတည်းက ပေါင်းမြက်ကင်းစင်ဖို့ လိုအပ်ပါသည်။ ပေါင်းမြက်များသည် အစိုဓာတ်နှင့် အာဟာရဓာတ်များကို ယှဉ်ပြိုင်စားသောက်ရုံသာမက ရိတ်သိမ်းချိန်တွင်လည်း အခက်အခဲဖြစ်စေပါသည်။ ပေါင်းမြက်များပေါက်ရောက်မှု နည်းနေချိန်ကတည်းက နှစ်ပတ်ခြားတစ်ခါ ပေါက်ပြားဖြင့် ပေါင်းလိုက်ပေးသင့်ပါသည်။ ဧကများလို့ ပေါင်းသတ်ဆေးသုံးလိုသူတွေအနေနဲ့ မစိုက်ပျိုးခင်တွင် Trifluralin (ထရိုင်ဖလူရလင်) ကို ရေ ၂၀၀ လီတာမှာ ဆေး ၄၀၀ မီလီမီတာနှုန်းကို တစ်ဧကနှုန်းဖြင့်၊ ပျိုးပင်မပေါက်ခင် စိုက်ပျိုးပြီး ၂ ရက်တွင် Isoproturon (အိုင်စိုပရိုတူရွန်) ကို ၂၀၀ လီတာတွင် ၄၀၀ ဂရမ်နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။

ရေသွင်းခြင်း

    မစိုက်ပျိုးခင်တွင် ရေပေးသွင်းပေးနိုင်သည်။ အပင်များ ကောင်းစွာကြီးထွားရန်အတွက် စိုက်ပျိုးပြီး ၃ ပတ်ခြားတွင် ရေးပေးသွင်းခြင်းဖြင့် မြေကြီးအစိုဓာတ်ကိုလည်း ထိန်းသိမ်းရာရောက်ပါသည်။ ပန်းပွင့်ချိန် အသီးဖြစ်ချိန်တွင် ရေငတ်ပါက အထွက်နှုန်းထိခိုက်နိုင်သည့်အတွက် ရေပေးသွင်းဖို့လိုပါမည်။ ရေသွင်းရာတွင် အရှိန်ပြင်းလျှင် အပင်တွေနာနိုင်တဲ့အတွက် ရေကိုဖြည်းဖြည်းသွင်းပေးဖို့လိုအပ်ပါမည်။

ပိုးမွှားရောဂါ

    ဆီထွက်မုန်ညှင်းတွင် အဓိကကျရောက်သော ဖျက်ပိုးများမှာ ဖြုတ်၊ ဂျပိုး၊ ရွက်စုံစားခူကောင်၊ သီးလုံးဖောက်ပိုးနှင့် မြေအောင်းပိုးများ ဖျက်ဆီးတတ်ပြီး ရောဂါများအနေဖြင့် ရွက်ခြောက်ရောဂါ၊ ဒေါင်းနီးမှိုရောဂါ၊ အဖြူရောင်သံချေးရောဂါများ အဖြစ်များပါသည်။

 

ရိတ်သိမ်းခြင်း

    ရက်ပေါင်း ၁၁၀-၁၄၀ တွင် မျိုးပေါ်မူတည်၍ ရင့်မှည့်တတ်ပါသည်။ သီးတောင့်များအဝါရောင်ပြောင်းပြီး အစေ့များမာလာလျှင် ရိတ်သိမ်းနိုင်သည်။ အစေ့တွင်းအစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိချိန်တွင်ဖြစ်သည်။ ရိတ်သိမ်းချိန်ကို တစ်ပတ်အတွင်း ရိတ်သိမ်းသင့်သည်။ သီးတောင့်များကြွေပြီးအလေအလွင့်နည်းစေရန် မနက်စောစောတွင် ရိတ်သိမ်းသင့်ပါသည်။ တံစဉ်ဖြင့် မြေနှင့်နီးသောအပိုင်းမှဖြတ်ပြီး ရိတ်သိမ်းသင့်ပါသည်။ တလင်းပြင်တွင် အခြောက်လှန်းပြီး သင့်တော်သောနည်းလမ်းများဖြင့် ခြွေလှေ့နိုင်ပါသည်။ အစေ့များကို ၄-၅ ရက်လောက် နေလှန်းပေးပြီး အစိုဓာတ် ၈ ရာခိုင်နှုန်းရှိချိန်တွင် ဂုန်နီအိတ် သို့မဟုတ် ပုံးများထဲတွင် သိုလှောင်ထားနိုင်ပါသည်။

ကိုးကား- https://www.apnikheti.com/en/pn/agriculture/crops/oilseeds/mustard

Pissaya


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်