သစ်သီးခြံတစ်ခြံသည် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံထားမှုတစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းကို စနစ်တကျ ပြင်ဆင်လုပ်ဆောင်သင့်ပါသည်။စနစ်တကျတည်ထောင်စိုက်ပျိုးခဲ့လျှင် သစ်သီးပင်များမှ စိုက်ပျိုးသူ၏ သက်တမ်းကာလတစ်လျှောက်သုံးသာမက မိမိ၏ နောက်မျိုးဆက်များတိုင်အောင် အကျိုးအမြတ်များကိုဆွတ်ခူးရရှိခံစားရမည်မှာ သေချာပါသည်။ သစ်သီးခြံများတည်ထောင်ရာတွင် အစကနဦးကတည်းက နေရာရွေးချယ်မှုမှားခဲ့လျှင်၊ပင်ကြားတန်းကြား အကွာအဝေးအထားမှားခဲ့လျှင်၊ မျိုးနှင့် စိုက်မည့် ပျိုးပင်ရွေးချယ်မှုမှားခဲ့လျှင်မိမိရင်းနှီးမြှုပ်ထားခဲ့သမျှတို့သည် ပြန်ရချက်တွင် တွက်ခြေမကိုက်နိုင်တော့ပေ။ ထို့ကြောင့်လုပ်ငန်းမတည်ထောင်မီကတည်းက အတွေ့အကြုံရင့်ကျက်သော ဝါရင့် သစ်သီးခြံစိုက်တောင်သူများနှင့်ဥယျာဉ်ခြံစိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်၍ အကြံအဉာဏ်များ ရယူသင့်ပါသည်။ သစ်သီးခြံများတည်ထောင်စိုက်ပျိုးလိုသူများသည် မိမိလုပ်ငန်း အကောင်အထည်မဖော်မီ အောက်ဖော်ပြပါအကြောင်းအရာများကိုထည့်သွင်း စဉ်းစားပြင်ဆင် သင့်ပါသည်။
(၁) နေရာ ရွေးချယ်မှု
သစ်သီးခြံအသစ်တစ်ခြံအား စတင်စိုက်ပျိုးတည်ထောင်ရန်အတွက်ယင်းဒေသတွင် ကနဦးကတည်းက သစ်သီးခြံများ တည်ရှိစိုက်ပျိုးရာဒေသဖြစ်လျှင် ပို၍ ကောင်းမွန်ပါသည်။ အကြောင်းမှာ ယင်းဒေသတွင်အတွေ့အကြုံရှိ ကျွမ်းကျင်ပြီးသား ဒေသခံသစ်သီးစိုက် တောင်သူများရှိနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားပေါများနိုင်ခြင်း၊ သစ်သီးခြံအတွက် လိုအပ်သော ပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းနှင့်ရောင်းဝယ်ဖောက်ကားရန် စျေးကွက်အဆင်သင့် ရှိနေနိုင်ခြင်းတို့ ဖြစ်ပါသည်။ အကယ်၍ မိမိက စွမ်းဆောင်ရည်ရှိလျှင်တော့သစ်သီးခြံများ မရှိသောဒေသအသစ်တွင်လည်း တည်ထောင် စိုက်ပျိုးရန် ဖြစ်နိုင်ပါသည်။ သို့သော်လည်းမိမိတည်ထောင်စိုက်ပျိုးမည့်နေရာသည် ထွက်ရှိသော သစ်သီးများအား ရောင်းချရန် စျေးကွက်နှင့်ဖြစ်နိုင်သမျှ နီးသင့်ပေသည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူသောနေရာ ဖြစ်သင့်သည်။၎င်းအပြင် ထည့်သွင်းစဉ်းစားသင့်သေးသည်မှာ ရေရရှိမှု၊ မြေနှင့်ရာသီဥတုသည် မိမိစိုက်ပျိုးမည့် သစ်သီးပင်အတွက် ကိုက်ညီမှုရှိ မရှိ တို့ဖြစ်ပါသည်။
(၂) မြေရွေးချယ်ခြင်း
လေဝင်လေထွက်ကောင်းပြီး မြေသားနက်နက်ရှိသောမြေသည် သစ်သီးပင်များအတွက်အကောင်းဆုံးဖြစ်ပါသည်။ မြေသားထုအနက်သည် အနည်းဆုံး (၆) ပေခန့် နက်သင့်ပြီး မြေအောက်ရေပြင်အနေအထားသည်မြေပြင်မှ (၁၀) ပေ အောက်တွင် ရှိရမည်။ မြေအောက်ရေအတက်အကျများမှုသည် သစ်သီးပင်၏ အမြစ်များကို ထိခိုက်စေနိုင်သောကြောင့် ယင်းကဲ့သို့မြေနေရာများသည် သစ်သီးပင်များစိုက်ပျိုးရန် မသင့်တော်ပေ။ ထို့အပြင် မြေသားထု တိမ်သောမြေများ၊ မြေကျစ်လွှာ(Hardpan) ရှိနေသောမြေများ၊ ကျောက်စရစ်ခဲများသော မြေနေရာများ၊ သဲပါဝင်မှုများသောမြေများ၊ရွှံ့စေးပါဝင်မှုများသော မြေနေရာများသည် အပင်များအတွက် မြေတွင်း လေဝင်လေထွက်နှင့် ရေသွင်းရေထုတ်မှုကိုခက်ခဲစေနိုင်သည့်အပြင် အာဟာရဓာတ်များကိုလည်း ဆုံးရှုံးစေသောကြောင့် မရွေးချယ်သင့်ပေ။သစ်သီးပင်အများစုအတွက် မြေချဉ်ငံဓာတ် (pH) ၆ မှ ၈ ကြားရှိသော မြေများသည် အသင့်တော်ဆုံးဖြစ်သည်။ရေဝပ်မြေများ၊ စမ်းကိုက်မြေများ၊ ဆားပေါက်မြေများနှင့် အက်စစ်ဆန်သောမြေများကိုလည်းမြေရွေးချယ်ရာတွင် ရှောင်ရှားရွေးချယ်ရပါမည်။
(၃) မြေယာပြင်ဆင်ဆောင်ရွက်ခြင်း
နေရာရွေးချယ်ပြီးနောက် ၎င်းနေရာတွင် သစ်သီးပင်များစိုက်ပျိုးရန် နေရာများ၊ လမ်းနေရာများ၊ရေသွင်းရေပေးဝေရေး စနစ်များနှင့် ခြံအတွင်းအဆောက်အဦးများကို နမူနာအစမ်းသဘော အစီအစဉ်ကိုကြိုတင်ရေးဆွဲ ပြင်ဆင်ကြည့်သင့်သည်။ ထို့အပြင် မြေဆီသြဇာ မထည့်သွင်းမီ မိမိစိုက်ပျိုးမည့်ခြံနေရာမှ မြေနမူနာများကိုယူကာ ဓာတ်ခွဲစမ်းသပ်သင့်သည်။ မြေအား နှံနှံစပ်စပ် ထွန်ယက်ပြင်ဆင်ပြီးသဘာဝမြေသြဇာများ ထည့်သွင်းပေးထားရမည်။ အကယ်၍ မိမိစိုက်ပျိုးမည့်နေရာသည် တောင်ကုန်း၊တောင်စောင်းများဖြစ်လျှင် မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး လှေခါးထစ်များ ပြုလုပ်ပြင်ဆင်ကာမြေညှိထွန်ယက်ခြင်းကို လှေခါးထစ်တစ်ခုချင်းစီတွင်သာ ပြုလုပ်ရမည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် မြေအား မြေဆီလွှာတိုက်စားပြုန်းတီးခြင်းမှ ကာကွယ်ပေးသည်။ အကယ်၍ မြေနေရာသည်မြေဆီသြဇာ ထက်သန်မှုနည်းနေလျှင် သစ်သီးပင်များ မစိုက်ပျိုးခင် မြေ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတိုးစေရန် ပဲမျိုးရင်းဝင် အပင်များကို သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးပြီး မြေယာပြင်ဆင်သင့်ပါသည်။
(၄) သစ်သီးခြံ၏ အပြင်အဆင်အနေအထား အခင်းအကျင်းများ
သစ်သီးပင်များအား အကွက်ချစိုက်ပျိုးရာ၌ အသုံးပြုနေသောပုံစံများမှာ စတုရန်းပုံသဏ္ဌာန် စိုက်စနစ်၊စတုဂံပုံသဏ္ဌာန် စိုက်စနစ်၊ ငါးပွင့်ဆိုင်ပုံသဏ္ဌာန် စိုက်စနစ်၊ ဆဌဂံပုံသဏ္ဌာန် စိုက်စနစ်နှင့် ကွန်တိုစိုက်စနစ်တို့ဖြစ်သည်။
(က)စတုရန်းပုံသဏ္ဌာန် စိုက်စနစ်
အသုံးအများဆုံး နည်းစနစ်ဖြစ်သည်(ပုံ-၁၊ က)။ အကွက်ချပြင်ဆင်ရန် လွယ်ကူသည်။ ကြားသီးနှံများ စိုက်ပျိုးရန် ထယ်၊ ထွန်ဝင်ရန်အဆင်ပြေ လွယ်ကူသည်။ ခြံနီးနားချင်းများ၊ လမ်းနှင့် စည်းရိုးတို့နှင့် မျဉ်းပြိုင်ဖြစ်သည်။
(ခ) စတုဂံပုံသဏ္ဌာန် စိုက်စနစ်
တန်းကြားထက်ပင်ကြားအကွာအဝေး စိပ်စိပ်သာ လိုအပ်သော သစ်သီးပင်များစိုက်ရန် သင့်တော်သည် (ပုံ-၁၊ ခ)။ သို့သော် ပင်ကြားတွင်ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနိုင်သည်။
(ဂ) ငါးပွင့်ဆိုင်ပုံသဏ္ဌာန် စိုက်စနစ်
စတုရန်းပုံသဏ္ဌာန် စိုက်စနစ်အားအလယ်တည့်တည့်မှ တစ်ပင်အပိုထည့်၍ စိုက်ပျိုးသောနည်းစနစ်ဖြစ်သည် (ပုံ-၁၊ ဂ)။ ၎င်းအပင်သည် ကာလတိုအတွက်သာ ရည်ရွယ်၍ ထပ်မံဖြည့်ခြင်းဖြစ်သည်။ ဤစိုက်စနစ်သည်စတုဂံပုံသဏ္ဌာန် စိုက်စနစ်ထက် ၁၀ %အပင်ပို၍ ဝင်ဆန့်သည်။
(ဃ) ဆဌဂံပုံသဏ္ဌာန် စိုက်စနစ်
ဤစနစ်သည်သုံးနားညီတြိဂံကို အခြေပြုထားခြင်းဖြစ်သည် (ပုံ-၁၊ ဃ)။ ဤစနစ်အား ရေရရှိမှုကောင်းသောမြေဆီသြဇာထက်သန်သည့် နေရာများနှင့် မြေတန်းဖိုးကြီးသော နေရာများတွင်သာအသုံးပြုသည်။ ကြားသီးနှံများအတွက် ထွန်ယက်စိုက်ပျိုးရန်အတွက် ထယ်၊ ထွန်ဝင်ရန်ခက်ခဲသည်။ သို့သော် စတုရန်း ပုံသဏ္ဌာန် စိုက်စနစ်ထက်၁၅% အပင်ပို၍ ဝင်ဆန့်သည်။
(င) ကွန်တို စိုက်စနစ်
တောင်စောင်းများတွင် စိုက်ပျိုးရာတွင်အသုံးပြုသည်။ ကွန်တိုအလိုက် စိုက်ပျိုးသည်။
(၅) ပင်ကြားတန်းကြား
ပင်ကြားတန်းကြားအကွာအဝေးသည်မိမိစိုက်ပျိုးမည့် သစ်သီးပင်အမျိုးအစား၊ စိုက်ပျိုးမြေ၏ မြေအမျိုးအစား၊ရေရရှိမှုနှင့် မိုးရေချိန်၊ အပင်၏ ကြီးထွားမှု သဘာဝနှင့် ပုံသဏ္ဌာန်၊ မိမိ၏ ပြုစုစောင့်ရှောက်မည့်နည်းစနစ်များပေါ် မူတည်၍ ထားရှိဆောင်ရွက်သင့်ပါသည်။ ပုံတွင်ပြထားသည့် အတိုင်းရှောက်သံပရာလိမ္မော်မျိုးရင်းဝင် အပင်တစ်ပင်၏ အကိုင်းအခက်ဝေဖြာမှုသည် တစ်ဖက်မှတစ်ဖက်မှ ၁၅ ပေ နေရာယူထားသည် (ပုံ-၂)။ ထို့ကြောင့်ယေဘူယျအားဖြင့် ရှောက်သံပရာလိမ္မော် မျိုးရင်းဝင်အပင်များအား အနည်းဆုံးပင်ကြားတန်းကြားကို ၁၅ ပေ အကွာအဝေးဖြင့် စိုက်သင့် ပါသည်။ သစ်သီးပင်အများစု၏အစာအာဟာရအား စုပ်ယူစားသုံးသော အမြစ်များသည် မြေအပေါ်မျက်နှာပြင်နှင့် ကပ်၍ဖွံ့ဖြိုးကြီးထွားလေ့ရှိသည်။ ထို့ကြောင့် အကယ်၍များ တခြားအသီးပင်များအားသစ်သီးပင်များ၏ အကွာအဝေးကို ပို၍ ဝေးကွာစွာ စိုက်သင့်ပါသည်။
သစ်သီးပင်များ၏ပင်ကြားတန်းကြားအကွာအဝေးမှာ သစ်သီးပင်အမျိုးအစားအလိုက် ကွာခြားသောကြောင့်အရိပ်အဝန်းဝိုင်း (canopy)ငယ်သော သစ်သီးပင်များ (ဥပမာ-သင်္ဘော) အတွက် တစ်ပင်နှင့် တစ်ပင်ကြား အကွာအဝေးမှာ ၆ ပေမှ၁၂ ပေ ခန့် လိုအပ်ပါသည်။ အရိပ်အဝန်းအဝိုင်းကြီးသော သစ်သီးပင်များ (ဥပမာ-သရက်) အတွက်တစ်ပင်နှင့် တစ်ပင်ကြား အကွာအဝေးမှာ ပေ ၃၀ ပတ်လည် ဝန်းကျင်တွင် ရှိသင့်ပါသည်။ သစ်သီးပင်များကြား၌တခြားအသီးအရွက်ပင်များ စိုက်မည်ဆိုလျှင် ၎င်းသစ်သီးပင်များ အရွယ်မရောက်မီစိုက်ပျိုးသင့် ပါသည်။
(၆) ပျိုးပင်များ ဝယ်ယူခြင်း
သစ်သီးခြံအား အကွက်ချပြင်ဆင်ပြီးနောက်ပျိုးပင်များ မှာယူခြင်းကို လအနည်းငယ် မတိုင်မီကတည်းက ယုံကြည်စိတ်ချရသော ပျိုးခြံမှကြိုတင်၍ မှာထားသင့်ပေသည်။ ပျိုးပင်များ ဝယ်ယူရာတွင် ပျိုးပင်၏ သက်တမ်းနှင့် အဆင့်အတန်း၊ သယ်ယူရာတွင် လွယ်ကူအဆင်ပြေမှုနှင့် ထုပ်ပိုးယူဆောင်မှုတို့ကိုထည့်သွင်းစဉ်းစားရမည်။ ထို့အပြင် ပျိုးပင်များ ဝယ်ယူရာတွင် မိမိစိုက်ပျိုးမည့်အပင်အရေအတွက်ထက် ၁၅% ခန့် ပို၍ ဝယ်ယူထားသင့်ပါသည်။ အပင်အသေအပျောက်များအားအချိန်မီ အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် ဖြစ်ပါသည်။
(၇) စိုက်ပျိုးရန် ဆောင်ရွက်ခြင်း
(က) စိုက်ရာသီ
သစ်သီးပင်များ စိုက်ပျိုးရန်အတွက်စတင်စိုက်ပျိုးရန် အသင့်တော်ဆုံးရာသီမှာ မိုးဦးကာလ ဖြစ်ပါသည်။ မိုးရာသီကုန်သည်နှင့်စိုက်ပျိုးပြီးသားအပင်များသည် အမြစ်စွဲသွားသင့်ပြီး အတော်အသင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကိုခံနေနိုင်ရန်ဖြစ်သည်။
(ခ) စိုက်ကျင်းများ ပြင်ဆင်ခြင်း
မြေနေရာအား အကွက်ချပြင်ဆင်ပန္နက်ရိုက်ပြီးနောက် စိုက်ကျင်းများကို ပြင်ဆင်ရပါမည်။စိုက်ကျင်းအား မစိုက်မီ အနည်းဆုံး ၁ လခန့် ကြိုတင်၍ ပြင်ဆင်တူးသင့်ပါသည်။သစ်သီးပင်အများစုအတွက် ပြင်ဆင်သင့်သော စိုက်ကျင်းမှာ ၃ ပေအကျယ် ၃ ပေအနက်ဖြစ်သည်။စိုက်ကျင်းအား တူးပြီးနောက် ၁ ပတ်ခန့် လေသလပ်ခံထားရမည်။ သို့သော်လည်းစိုက်ကျင်းအား ပြန်မဖြည့်ဘဲ ကာလအတန်ကြာ မထားသင့်ပေ။
(ဂ) မြေချ စိုက်ပျိုးခြင်း
စိုက်ကျင်းအား တူူးပြီးနောက်သင့်တော်သော နှုန်းထားအတိုင်း မြေဆွေး/နွားချေးဆွေး၊ အပေါ်ယံမြေလွှာနှင့်အောက်ပိုင်းမြေလွှာအနည်းငယ်တို့ကို ရောစပ်ပါ။ ရောစပ်ထားသော မြေပမာဏသည်စိုက်ကျင်းအား ပြန်ဖြည့်ရန် လုံလောက်ရပါမည်။ စိုက်ကျင်းထဲသို့ ရောစပ်ပြီးသားမြေသားများကို လေးပုံ သုံးပုံခန့် ထည့်ပါ။ တစ်ဦးမှ ပျိုးပင်အား စိုက်ကျင်းထဲထည့်၍ကိုင်ထားစဉ် တခြားတစ်ဦးမှ ရောစပ်ပြီး မြေများကို ဖြည့်ထည့်ပါ။ ပြီးနောက်အပင်ပတ်ပတ်လည် မြေများကို သိပ်ပါ။ မိမိခြံမြေဥယျာဉ်နေရာသည် စိုစွတ်၍ရေဝပ်သောနေရာဖြစ်ပါက အပင်ခြေအား ရေဝပ်ခြင်းမှ ကာကွယ်ရန် (ပုံ-၃၊ က) တွင် ပြထားသည့်အတိုင်းဆောင်ရွက်ပါ။ ယင်းသို့မဟုတ်ဘဲ အိမ်ဥယျာဉ်ခြံမြေနေရာသည် ခြောက်သွေ့၍ ရေမဝပ်သောနေရာဖြစ်ပါက အပင်ခြေအား (ပုံ-၃၊ ခ) တွင် ပြထားသည့်အတိုင်းဆောင်ရွက်ပါ။ သစ်သီးအပင်အများစုသည် ၎င်း၏ပင်စည်အား စိုက်ပျိုးစဉ် ၄ လက်မအထက် မြေမြှပ်မိလျှင် ကြာရှည် မရှင်သန်နိုင်တော့ပေ။ကိုင်းဆက်အပင်များအား စိုက်မည်ဆိုလျှင် ကိုင်းဆက်ထားသောနေရာအား မြေပြင်အထက်တွင်ဖော်ထားရမည်။ အကယ်၍ ၎င်း၌ စည်းနှောင်ထားသော ကြိုးများရှိလျှင် ဖြေပေးရမည်။ အပင်ငယ်အားစိုက်ပြီးနောက် မြေအတွင်း၌ လေဟာနယ်များမရှိစေရန် ပတ်ပတ်လည် ဖိသိပ်ပေးပြီးရေလောင်းပေးရမည်။ အပင်ငယ်အား လေကြောင့် ယိုင်လဲမှုမှ ကာကွယ်ရန် ငုတ်တိုင်များ စိုက်၍ချည်ထားပေးသင့်သည်။
(၈) ခြံစည်းရိုး ကာရံပေးခြင်း
ခြံစည်းရိုးကာရံခြင်းကို ကျွဲ၊နွားတိရစ္ဆာန်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်ပေးရမည်။ ခြံစည်းရိုးကာရံပေးခြင်းကိုတခြံလုံးကို ကာရံသည်ဖြစ်စေ၊ အပင်ငယ်စဉ်၌ တစ်ပင်ချင်းကို ကာရံသည်ဖြစ်စေ ဆောင်ရွက်နိုင်သည်။အပင်ငယ်များအား ဝါးချင်းတောင်းများ စွပ်ထားပေးခြင်း၊ အပင်ပတ်ပတ်လည်တွင် ကြက်ဆူပင်(Castor) များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
(၉) လေကာပင်များ စိုက်ပျိုးခြင်း
သစ်သီးခြံများတည်ထောင်စိုက်ပျိုးရာတွင်လေကာပင်များ စိုက်ပျိုးထားရှိမှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပေသည်။ လေကာပင်များ (ဥပမာ- ဝါးပင်များ၊ ဇီးပင်များ၊ ဒန့်သလွန်ပင်များ) ကို သစ်သီးခြံမတည်ထောင်မီ(၂) နှစ်ခန့် ကြိုတင်၍ စိုက်ပျိုးထားသင့်သည်။ ၎င်းတို့အတွက်လည်းရှင်သန်ဖြစ်ထွန်းအောင် အခြေအနေများပြုပြင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ လေကာပင်များ၏ အကွာအဝေးသည် မိမိစိုက်ပျိုးမည့် အပင်အမျိုးအစားပေါ်မူတည်သည်။ အရေးကြီးဆုံးမှာလေကာပင်၏ အမြစ်များသည် သစ်သီးပင်သို့ မရောက်ရှိစေရန် အကွာအဝေးအားဝေးဝေးထား၍ စိုက်ပျိုးခြင်း (သို့) လေကာပင်မှ ၉ ပေခန့်အကွာတွင်၃ ပေ အနက်ရှိသော မြောင်းများတူးထားပေးပြီး အမြစ်များအား ဖြတ်ပေးရမည်။
(၁၀) ခြံအား ဆက်လက်ပြုစုစောင့်ရှောက် ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းများထားရှိမှု
မိမိတည်ထောင် စိုက်ပျိုးပြီးသားခြံအားဆက်လက်၍ ပြုစုစောင့်ရှောက်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုအပင်၏ သက်တမ်းအလိုက်၊ လအလိုက်၊ နှစ်အလိုက်၊ ရာသီအလိုက် စသည်ဖြင့်လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ ချမှတ်ရေးဆွဲ၍ စနစ်တကျဆောင်ရွက်သင့်ပါသည်။အရေးကြီးဆုံးမှာ လုပ်ငန်းတစ်ခုတည်ထောင်လုပ်ကိုင်ရာတွင် မှတ်တမ်းမှတ်ရာများထားရှိခြင်းနှင့်စီမံခန့်ခွဲဆောင်ရွက်မှုပင် ဖြစ်ပါသည်။ ၎င်းမှတ်တမ်းများကို ခြံစတင်တည်ထောင်သည်မှစ၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းနှင့် ဝင်ငွေ၊ ထွက်ငွေစာရင်းများ၊အလုပ်သမားမှတ်တမ်းများ၊ လုပ်ငန်းမှတ်တမ်းများ၊ သီးနှံပင်ဖြစ်ထွန်းအောင်မြင်မှု နှစ်ရာသီများ၊ပိုးမွှားရောဂါရောက်မှု အခြေအနေများနှင့် စျေးကွက်မှတ်တမ်းများ စသည်တို့နှင့် ဖော်ပြပါအချက်အလက်များသည်သစ်သီးခြံ တည်ထောင်စိုက်ပျိုးလိုသူများအတွက် မလုပ်မဖြစ်ဆောင်ရွက်သင့်သော အရာများဖြစ်ကြောင်းအကြံပြု ရေးသားဖော်ပြလိုက်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(မှတ်ချက်။ ။ လွန်ခဲ့သော ၇-၈ နှစ်ခန့် ရေးထားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ အနည်းငယ်ဖြည့်စွက်မွန်းမံပြီး မိတ်ဆွေများအတွက် မျှဝေဖော်ပြလိုက်ပါတယ်။ပုံ ၁ နှင့် ၂ ကို ရေးဆွဲပေးခဲ့သော သူငယ်ချင်း ဦးရာဇာဟိန်း (လ/ထ ကထိက၊ စိုက်ပျိုးစီးပွား၊ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်) အား ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါတယ်။ ပုံ-၃ ကတော့ ကျနော်ကိုယ်တိုင်ပဲ အသစ်ပြန်ဆွဲပြီး ဖော်ပြလိုက်ပါတယ်။)
ကျမ်းကိုး
၁။ Fruit Culture in India (Singh, S, S.Krishnamurthi and S.L Katyal, 1967)
၂။ Fruit Science Fundamentals, Lecture Guide,YAU (Hla Aung, 2002)
၃။ Home Garden Technology
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ