သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး

07/12/2021 12:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံတွေကို ဖျက်ပိုးရောဂါဒဏ်မှ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို အသုံးမပြုချင်ဘဲ အသုံးပြုရပါတယ်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသော ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မာလာတဲ့အတွက် ပိုးသတ်ဆေးတွေကို ပမာဏမြင့်ပြီး သုံးစွဲလာရပါတယ်။ ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့် ရောဂါမှား၍ ဆေးဖြန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါအသုံးပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီး ဈေးကွက်အလျင်မှီရန် တင်ပို့ရသဖြင့် နေ့စဥ်စားသုံးသော အသီးအနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာပြီ စားသုံးသူတို့၏ ကျန်းမာရေးအန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ကျန်းမာအသက်ရှည်လိုလျှင် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးသင့်သည်ဆိုသော်လည်း ၎င်းဟင်းသီးဟင်းရွက်များတွင် ပါဝင်နေသော ဓာတ်ကြွင်းအန္တရာယ်ကို သတိပြုသင့်ပါတယ်။ Environmental Working Group(EWG)၏ လေ့လားစမ်းသပ်မှုများအရ အမေရိကန်နိုင်ငံမှာရောင်းချတဲ့ အော်ဂဲနစ်မဟုတ်တဲ့ ဟင်းသီးဟင်းရွက် ၇၀% မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပိုးသတ်ဆေးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင် တရားမဝင် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သောကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မှာ များလှပါတယ်။

    ကိုက်လန်၊ မုန်ညှင်း စသောဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ အခြားသောဟင်းသီးဟင်းရွက်များတွင် တွေ့ရသော neonicotinoid နှင့် pyrethroid ပိုးသတ်ဆေးများသည်  အာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ငရုတ်ပွမှာတွေ့ရတဲ့ acephate၊ chlorpyrifos ပိုးသတ်ဆေးတွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် 2017 မှာ US,EU မှာ တားမြစ်ထားပါတယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုက သီးနှံအမျိုးအစားကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူများအနေဖြင့် ဘယ်သီးနှံတွေက ဓာတုဓာတ်ကြွင်း ပါဝင်မှုအများဆုံးလဲဆိုတာ နားလည်သိရှိရန်  အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အများဆုံး အသီးအနှံ (၁၁) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။

    EWG ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းအရ ဓာတုဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုးကတော့

၁။ စတော်ဘယ်ရီ

၂။ ဟင်းနုနွယ်

၃။ ကိုက်လန်၊ မုန်ညင်း

၄။ ပန်းသီး

၅။ စပျစ်

၆၊၊ ချယ်ရီသီး (မြန်မာနိုင်ငံမှာ စားသုံးမှုနည်းပါးပါသည်။)

၇။ မက်မွန်သီး

၈။ သစ်တော်သီး

၉။ ငရုတ်ပွ

၁၀။ တရုတ်နံနံ

၁၁။ ခရမ်းချဉ်

    ဒါကြောင့် သက်ရှည်ကျန်းမာဖို့ ဩဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးဖို့လိုအပ်သော်လည်း ဩဂဲနစ်သီးနှံများမှာ ဈေးများခြင်း​၊ ဩဂဲနစ်သီးနှံဈေးကွက် ကောင်းစွာမထွန်းကားခြင်းကြောင့်  ဓာတုဆေးများကို အသုံးပြု၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးကြရာတွင် စနစ်တကျဆေးကြောခြင်း၊ အခွံခွာခြင်းပြုလုပ်ပြီးမှ  စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင့်။

Reference by

https://www.ewg.org/foodnews/summary.php


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်