MYSAP က မလေးရှားကုမ္ပဏီနှင့် ပူးပေါင်း၍ ဂဏန်းသားပေါက်ခြင်း စမ်းသပ်ဆောင်ရွက်မည်

29/03/2019 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်အတွင်း ဂဏာန်းမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် MYSAP သည် မလေးရှားဂဏာန်းမွေးမြူ ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဂဏာန်းသားပေါက်ခြင်းကို ဧပြီလအတွင်း စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MYSAP မှ သိရသည်။ 

လက်ရှိတွင် သဘာဝမှ ဖမ်းဆီးရရှိသော ဂဏန်းများကိုသာ မွေးမြူထုတ်လုပ်နေခြင်းကြောင့် ရေရှည်တွင် သဘာဝမှရရှိသော ဂဏာန်းရှားပါးလာနိုင်သဖြင့် ဂဏာန်းသားဖောက်၍ မွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ 

"ဒီကုမ္ပဏီက ဂဏာန်းနဲ့ ပတ်သက်ပြီး သုတေသနတွေ ဗီယက်နမ်မှာလည်း လုပ်ခဲ့ဖူးတော့ သူတို့က အတွေ့အကြုံရှိတော့ သူတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ သားဖောက်ဖို့အတွက် လိုအပ်တာတွေကို ပံ့ပိုးပေးတာပါ။ သူတို့က အဓိကဂဏာန်းကို သားဖောက်မယ်။ ဒီဒေသမှာရှိတဲ့ ဒေသခံတွေ တောင်သူတွေလည်း လုပ်ကိုင်လို့ရအောင် အဓိကတော့ နည်းပညာ ပြန်ပံ့ပိုးပေးသွားမယ်။ ဘယ်လိုမွေးမြူရမယ်ဆိုတာလည်း ကူညီပေးသွားမယ်။" ဟု မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) ၏ အကြံပေး ( ရေငန်ငါးပုစွန်) ဦးစိုးထွန်းက ပြောသည်။ 

မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း (MYSAP)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးမှုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်နယ်တို့ကို စီမံကိန်းနယ်မြေများအဖြစ် ရွေးချယ်ထားပြီး MYSAP အတွက် ဥရောပသမဂ္ဂ (EU)နှင့် ဂျာမနီနိုင်ငံ ဖဒရယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စီမံကိန်းကာလ ၅ နှစ် အတွက် ယူရို ၂၂၂၅၀၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ 

"အခုတော့ အကုန်လုံးပြင်ဆင်ထားပြီးပြီ။ ရှေ့လမှာ စပြီးသားဖောက်မယ်ဆိုတော့ မေလလောက်ကြရင် တောင်သူတွေကို စပြီးတော့ သားပေါက်ဖြန့်ဖြူးပေးနိုင်ပြီ။ အဲ့ဒါတော့ ကုန်ကျစရိတ်က မတွက်ရသေးတော့ ဘယ်လောက်နဲ့ ဖြန့်ဖြူးမယ်ဆိုတာ မပြောနိုင်သေးဘူး။ ဒါပေမယ့် တောင်သူတွေလည်း ဝယ်ယူနိုင်မယ့် ဈေးနှုန်းတော့ဖြစ်မှာပါ။ အခုမှပထမဆုံး စလုပ်ခါစဆိုတော့ တစ်လကို သားပေါက် အကောင်ရေတစ်သိန်းလောက် ထုတ်လုပ်ဖို့ မှန်းထားတယ်။" ဟု TEXCHEM ကုမ္ပဏီ၏ Assistant Gen eral Manager Mr.SOH CHEE WENG က ပြောသည်။ 

လပွတ္တာခရိုင်အတွင်းရှိ သဘာဝမှဖမ်းဆီးရရှိသော ဂဏာန်းမျိုးစိတ် ၂ မျိုးကိုသာ စမ်းသပ်၍ သား ဖောက်သွာမည် ဖြစ်ပြီး ယင်းမျိုးစိတ် ၂ မျိုးတွင် Scylla paramamosain မျိုးကိုသာ အဓိကမွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ဂဏာန်းသားဖောက်ခြင်းကို တစ်နှစ်လျှင် ၁၀ ကြိမ် သားဖောက်ထုတ်လုပ်နိုင်မည်ဖြစ်သလို သားဖောက်မှတဆင့် ၂ လအတွင်း အလေးချိန် ၁၀၀ ဂရမ်ရှိသော ဈေးကွက်ဝင်အထိ မွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂဏာန်းများကို ရေရှည်တွင် သဘာဝမှ ထုတ်ယူသုံးစွဲနိုင်မှု ကြာလာသည်နှင့်အမျှ သယံဇာတ လျော့ပါးသွားနိုင်ခြင်းကြောင့် ငါးလုပ်ငန်းဦးစီးဌာနသည် လွန်ခဲ့သည့် ၂ နှစ် အတွင်းက ပုသိမ်မြို့၌ ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံညှိနှိုင်း၍ ဂဏာန်းမဖမ်းရ ရာသီကို ၃ လ ယာယီပိတ်သိမ်းရန် မဖြစ်နိုင်ခြင်းကြောင့် မတ်လတစ်တည်းကိုသာ ဂဏာန်းမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လပွတ္တာခရိုင်အတွင်း ဂဏာန်းမွေးမြူရေး ဧကပေါင်း ၄၀၀ ဝန်းကျင်ရှိသော်လည်း လက်ရှိတွင် ဂဏာန်းမွေးမြူ ရေးဧက ၂၈၀ ဝန်းကျင်ကိုသာ နိုင်ငံခြားကုမ္ပဏီတစ်ခုအပါအဝင် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ဒေသခံတောင်သူများမှ မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အေးအေးမြင့်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်