ပျိုးဝါးခြမ်းရအောင် ပျိုးထောင်နည်း

26/04/2018 15:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သိထားရမယ့် သဘောတရား

စပါးအထွကိတိုးချင်ရင် ပျိုးဝါးခြမ်းကို အသုံးပြုပါ။ စပါးအထွက်တိုးအောင် ဆောင်ရွက်တဲ့လုပ်ငန်းစဉ် တစ်ခုလုံးမှာ ပျိုးပင်ရဲ့ အရည်အသွေးပေါ် ထက်ဝက်ခန့် မူတည်တယ်။ ပျိုးဝါးခြမ်းတွေဟာ ကောက်စိုက်အပြီး ပင်ပွားစောစော ပွားနိုင်တယ်။ ပင်ပွားစောစော ပွားလေ၊ ပင်ပွားကြီးထွားသန်စွမ်းလေ၊ အနှံကြီးထွားသန်စွမ်းလေ တစ်နှံပါ အစေ့များလေ အောင်စေ့များလေ စပါးအထွက်တိုးလေ၊

စပါးအထွက်တိုးအောင် လုပ်မယ်ဆိုရင် ပထမဉီးဆုံးလုပ်ငန်းက ပျိုးဝါးခြမ်းရအောင် ပျိုးထောင်ပါ။

ပျိုးဝါးခြမ်းရဲ့ လက္ခဏာများ

၁။ တို၊ တုတ်၊ သန်မာ၊ အမြစ်ဖွာတယ်။

၂။ ပျိုးပင် အရွယ်ညီတယ်။

၃။ ရောဂါ ကင်းတယ်။

၁။ တို၊ တုတ်၊ သန်မာ၊ အမြစ်ဖွာတဲ့ ပျိုးရအောင် ပျိုထောင်နည်း

သိထားရမည့် သဘောတရား

- ပျိုးခင်းမှာ ရေပြောင်ထားလေ ပျိုးမြစ်တွေ လေရလေ။

- ပျိုးမြစ်တွေ လေရလေ အမြစ်တွေ ကြီးထွားသန်စွမ်းလေ။

- ဒါကြောင့် ပျိုးခင်းမှာ အစိုဓာတ်ရှိရုံသာ ထားရမယ်။

- ပျိုးပင်ပေါက်မှ ပျိုးရွက်နှစ်ရွက် ထွက်ပြီးချိန်မှာ ရေပြောင်လွှတ်ရင် ပျိုးမသန်ဘူး။ ဒါ့ကြောင့် ပျိုးကြဲအပြီး မိုးရွာမယ့် အရိပ်အယောင်မရှိရင် ရေမသွင်းဘဲ ထားရမယ်။

- ပျိုးရွက်တွေ လိပ်ခွေခြင်း မဖြစ်မီအထိ ပျိုးခင်းမျာ ရေပြောင်ထားနိုင်တယ်။

- ဉပမာ ကုန်းပျိုးတွေ သန်စွမ်းတာဟာ ရေနည်းလို့ ဖြစ်တယ်။

- ပျိုးပင်ဘဝမှာ အရွက်နဲ့ ပင်စည်ထက် အမြစ်ဖွံ့ဖြိုးတိုးတက်ရေးက ပိုပြီး အရေးကြီးတယ်။

- အမြစ်ဖွံဖြိုးရင် ကောက်စိုက်အပြီး သုံးရက်မြောက်မှာ ကောက်ပင်လှန်တယ်။

လုပ်ဆောင်ရမယ့် နည်းလမ်း

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။

၂။ အရွယ်ညီတဲ့ ပျိုးပင်တွေရအောင် ပျိုးထောင်နည်း

သိထားရမည့် သဘောတရား

- စပါးပင်ဟာ အရွက်သုံးရွက် ရှိချိန်အထိ အစေ့ထဲ့မှာရှိတဲ့ ကစီဓာတ်ကို စားတယ်။ အစေ့အဆန်ပြည့်ဖြိုးရင် ကစီဓာတ် လုံလောက်လို့ အပင်သန်မယ်။ လုံးပိန်လုံးညှက်မျာ ကစီဓာတ်နည်းလို့ အပင်လှီမယ်။ ဒါကြောင့် မျိုးစေ့အရွယ် မညီရင် ပျိုးပင်အရွယ် မညီဘူး။

- မျိုးစေ့ကို ညီညီညာညာ မကြဲရင် ထူတဲ့ နေရာမှာ အပင်လှီမယ်။ ပါးတဲ့ နေရာမှာ အပင်သန်မယ်။ ဒါကြောင့် ပျိုးပင်အရွယ် မညီဘူး။

- ပျိုးခင်း မျက်နှာပြင် မညီညာရင် အနိမ့်ပိုင်း ရေနေရေထိုင်များတဲ့နေရာက အပင်တွေလှီမယ်၊ အမြင့်ပိုင်း ရေပါးတဲ့နေရာက အပင်တွေသန်မယ်။ ဒါကြောင့် ပျိုးပင်အရွယ် မညီဘူး။

- သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာကို ညီညီညာညာ မကျွေးရင် ပျိုးပင်အရွယ် မညီဘူး။

လုပ်ဆောင်ရမည့် နည်းလမ်း

- ကိုယ့်လယ်ကွက်နဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်ကို သုံးပါ။

- မျိုးစေ့ကို ညီညီညာညာ ကြဲပါ။

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။ (ပျိုးသက် ၁၅-၂၀ ရက်သားမှာ ကောက်စိုက်လို့ ဓာတ်မြေသြဇာသုံးဖို့ မလိုဘူး)

လယ်သမားကြီး သိထားရမယ့် မျိုးစေ့ကောင်းဆိုတာ ဘာလဲ

- အရွယ်အစား ညီညာတယ်

- အစေ့အဆန် ပြည့်ဖြိုးတယ်။ 

- အပင်ပေါက် (၈၀) ရာခိုင်နူန်း ရှိတယ်။ (အစေ့ ၁၀၀ မှာ အစေ့ ၈၀ အပင်ပေါက်တယ်)

- အပင်ငယ်တွေ သန်စွမ်းတယ်။

- အပင် အရွယ်အစား ညီညာတယ်။

- ရောဂါဒဏ် ခံနိုင်ရည် ရှိတယ်။

- ရင့်မှည့်ချိန် ညီတယ်။

- အထွက် (၅) ရာခိုင်နူန်း မှ (၂၀) ရာခိုင်နူန်းအထိ ပိုထွက်နိုင်တယ်။

ရေ မြေဒေသ၊ ရသီဉတုနဲ့ ကိုက်ညီတဲ့မျိုးဆိုတာ ဘာလဲ

- ရေမြေဒေသ၊ ရာသီဉတုနှင့် ကိုက်ညီတယ်။

- စပါးအရည်အသွေးကောင်းတယ်။

- ရောင်းချရာမှာ စျေးကောင်းရတယ်။

- ကြိတ်ခွဲရာမှာ အကျိုးအကြေနည်းတယ်။

- ချက်ပြုတ်တဲ့အခါ အိုးတက်တယ်။

- စားသုံးရာမှာ အနံ့အရသာ ကောင်းတယ်။

- ပင်ပွားထွက်အား ကောင်းတယ်။

- အထွက်နူန်း တည်ငြိမ်တယ်။

ကိုယ့်လယ်ကွက်နဲ့ ကိုက်ညီတဲ့ မျိုးကို အသုံးပြုပါ။

၃။ ရောဂါကင်းတဲ့ ပျိုးပင်တွေရအောင် ပျိုးထောင်နည်း

သိထားရမည့် သဘောတရား

- ပျိုးထောင်တဲ့ လယ်ကွက်ဟာ မြေဆီသြဇာ ညံ့ဖျင်းရင် ပျိုးပင်တွေ ရောဂါကျနိုင်တယ်။

- လောင်မီးရောဂါ၊ မြစ်ဖုတီပိုး ရောဂါနဲ့ ဆစ်ပိုးကျရောက်ခဲ့တဲ့ လယ်ကွက်မှာ ပျိုးထောင်ရင် ရောဂါနဲ့ ဖျက်ပိုးအကြွင်းအကျန်တွေက ပျိုးပင်တွေကို ထပ်မံတိုက်ခိုက်နိုင်တယ်။

- လောင်မီးရောဂါနဲ့ မြစ်ဖုတီပိုးရောဂါ ကျခဲ့တဲ့ လယ်ကွက်က စပါးကို မျိုးအဖြစ် အသုံးပြုရင် မျိုစေ့မှာရောဂါဖြစ်ကြောင်းတွေ ပါလာတယ်။

- သမန်းမပုပ်၊ သမန်းမအေးရင် ပျိုးပင်မှာ မြစ်ပုပ်ရောဂါ ကျရောက်နိုင်တယ်။

- ပျိုးထူမယ်၊ ပုလဲမြေသြဇာကျွေးမယ်ဆိုရင် ရောဂါ ကျရောက်နိုင်တယ်။

လုပ်ဆောင်ရမည့် နည်းလမ်း

- ရောဂါနဲ့ဖျက်ပိုးမကျခဲ့တဲ့ အကွက်မှာ ပျိုးထောင်ပါ။

- ရောဂါကျခဲ့တဲ့ စပါးကို မျိုးအဖြစ် မသုံးရ။

- မျိုးစေ့နူန်းကို လိုအပ်သည်ထက် မသုံးရ။

- သဘာဝမြေသြဇာ၊ စက်ဖွဲပြာများများထည့်ပါ။

- သမန်းပုပ်၊ သမန်းအေး၊ သမန်းပြင်ညီအောင် လုပ်ပါ။

- ပျိုးခင်းမှာ ပုလဲမြေသြဇာ လုံးဝ မသုံးရ။

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။

ဘဟိန်း(စိုက်ပျိုး) (လယ်သမားကြီးများ သိထားရမဲ့ စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့ သဘောတရာများ)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်