သရက်ပန်းဖူးပွင့်နေချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန်သင့်မသင့်

20/01/2021 20:15 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုကာလသည် သရက်ပန်းများ ဖူးပွင့်ချိန်ဖြစ်ပြီး၊ မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း နေရာအနှံ့အပြားတွင် အနည်းနှင့်အများဆိုသလို သရက်ပန်းများ စတင်ဖူးပွင့်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။ ပန်းဖူးပွင့်ချိန်မတိုင်မီက ဖြုတ်ပိုး၊ လှေးပိုး အပါအဝင် ပန်းခိုင်ကို ထိခိုက်စေနိုင်သည့် ပိုးမွှားများ မလာနိုင်စေရန် ခြံအများစုသည် ပိုးမွှားရောဂါ ကာကွယ်မှုများ လုပ်ဆောင်ခြင်း၊ ပန်းခိုင်များထွက်ရှိစေရန် အပင်အားဖြည့်ခြင်း လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ထားကြပြီး ဖြစ်သည်။ 

သရက်ပန်းဖူးပွင့်နေချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန် သင့်မသင့်?

    သရက်ပန်းဖူးပွင့်နေချိန်သည် ပင်ခြားဝတ်မှုန်ကူးခြင်း (ပွင့်ခြားဝတ်မှုန်ကူးခြင်း) လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်မည့် ကာလအပိုင်းအခြားဖြစ်သဖြင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရှောင်ကြည်သင့်ကြောင်း သရက်စိုက်ပျိုးရေးကျွမ်းကျင်သူ ပညာရှင်များက ဆိုကြသည်။ 

သရက်ပင်တွေ ဝတ်မှုန်ကူးတဲ့အခါမှာ သဘာဝလေနဲ့ နေရောင်ခြည်ရယ်၊ ဝတ်မှုန်ကူးခြင်းကို အထောက်အကူပြုစေတဲ့ အကျိုးပြုအင်းဆက်ပိုးကောင်တွေရယ်နဲ့ ကူးကြတာဖြစ်ပါတယ်။ သရက်ပန်းပွင့်ထဲမှာပါတဲ့ အဖိုကနေ အမဝတ်ဆံတိုင်ပေါ်ကိုကျပြီး ကူးတာမျိုးမဟုတ်ပါဘူး။ ပျား၊ ပိတုန်း၊ ယင်ကောင် စတဲ့သတ္တဝါလေးတွေကနေတဆင့် ဝတ်မှုန်ကူးရတာဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်တို့က ပိုးသတ်ဆေးအသုံးပြုခြင်းကို အားမပေးပါဘူး။ ဒီအကျိုးပြုပိုးကောင်လေးတွေ သေသွားမှာစိုးလို့ပါ။ ဒါ့ကြောင့် ပန်းပွင့်ချိန်မတိုင်မီကတည်းက မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေကို ကြိုတင်ဖျန်းထားကြရတာပါ။

ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာကိုကိုက ပြောသည်။

သရက်ပန်းဖူးပွင့်ချိန်အတွင်း မဖြစ်မနေ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းပေးရတဲ့ အခြေအနေမျိုးရော ကြုံတွေ့နိုင်သလား?

    သရက်ပန်းဖူးပွင့်ချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းခြင်းသည် ဝတ်မှုန်ကူးခြင်းကို ထိခိုက်စေနိုင်သော်လည်း ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်စေ၊ အပင်၏ လိုအပ်ချက်အရဖြစ်စေ မဖြစ်မနေလုပ်ဆောင်ပေးရသည့် ကာလမျိုးလည်း ကြုံတွေ့ရတတ်သည်။ 

အခုလိုပွင့်ဖူးချိန် ပန်းလေးကဖြိုင်နေတဲ့အချိန်မှာ အချိန်အခါမဟုတ် မိုးရွာလိုက်တယ်ဆိုရင်၊ ဖွဲဖွဲလေးပဲ ရွာရွာ၊ သည်းသည်းမဲမဲပဲ ရွာရွာ၊ ရွာပြီးနောက်နေ့မှာပဲ တောက်လျှောက် မှိုသတ်ဆေးကိုဖျန်းပေးရပါမယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုအချိန်မှာ ချက်ချင်းပဲ ဖားဥမှိုရောဂါ ကျရောက်တတ်တာကြောင့်ပါ။ ဖားဥမှိုရောဂါဖြစ်ပွားချိန်မှာ ပန်းခိုင်တွေပါ ခြောက်သွားတတ်တယ်။ ဝတ်မှုန်ကူးပြီးနောက် အသီးလေးတွေ စပြီးသီးတော့မလို့ အားယူနေတဲ့အချိန်မှာ ရုတ်တရက်ခြောက်သွားတတ်တာမျိုးပေါ့။ တစ်ခါတလေမှာဆို တစ်ပင်လုံးခြောက်ပြီး အသီးမတင်တော့တာတွေ၊ အသီး လေး,ငါးလုံးပဲကျန်တော့တာတွေအထိ တွေ့ရတတ်တယ်။ ဒါ့ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မယ်ဆိုရင်တော့ မှိုသတ်ဆေးကို တစ်ကြိမ်တည်းတောင်မဟုတ်ဘူး။ တစ်ကြိမ်ဖျန်းပြီး သုံး,လေးရက်နေရင် တစ်ကြိမ်ထပ်ဖျန်းတာမျိုးတွေပါ လုပ်ဆောင်ပေးသင့်တယ်လို့ ကျွန်တော်တို့ အကြံပြုချင်ပါတယ်။

ဟု ဒေါက်တာကိုကိုက ဆက်လက်ပြောသည်။

    အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်အောက်သို့ အချိန်အတော်ကြာရောက်ရှိပါက ဝတ်မှုန်ရှင်သန်မှုကို ထိခိုက်စေတတ်ပြီး၊ ပန်းပွင့်နေချိန်အတွင်း အပင်ရေရရှိမှုမလုံလောက်ပါက အပွင့်ဖြစ်ထွန်းမှုလုပ်ငန်းစဉ် အားနည်းကာ အသီးအထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ 

    ဝတ်မှုန်ကူးပြီးနောက် ပန်းများ နီရဲလာချိန်၊ သီးကင်းပေါက်စလေးများ စိမ်းစိုထွက်လာချိန်တွင် Midge - မစ်ပိုး ဟုခေါ်သည့် ခြင်ပုံသဏ္ဌန်ရှိသည့် ပိုးတစ်မျိုးလည်း ကျရောက်တတ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်