ဓာတ်ခွဲစမ်းသပ်ဖို့ မြေနမူနာယူမယ်

09/04/2019 15:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ဓါတ်ခွဲစမ်းသပ်မည့် မြေနမူနာသည် မိမိစမ်းသပ်လိုသော မြေနေရာအား ကိုယ်စားပြုရန် ကျဘမ်းနေရာ  (Points) များစွာမှ ရယူရမည်ဖြစ်ပါသည်။ ကျဘမ်းနေရာ မည်မျှယူရမည်ဆိုသည်မှာ မိမိမြေ၏အကျယ် ဝန်းနှင့် တိကျမှန်ကန်မှု  (Precision) ပေါ်မူတည်ပါသည်။ ယေဘုယျအားဖြင့် သီးနှံစိုက်ပျိုးမြေ တစ် ဧကအတွက် အနည်းဆုံး ကျဘမ်းနေရာ ( ၂၀ ) မှ အပေါ်ယံ မြေလွှာ ( ၆ လက်မ) ၏  မြေနမူနာတို့ကို ယူပေးရမည် ဖြစ်ပါသည်။ 

နှစ်ချင်းသီးနှံများနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအတွက် ( ၆ လက်မ မှ ၈ လက်မ ) အနက် ( သို့)  ထယ်အတွက်အနက်ထိ တူးယူရပါမည်။ နှစ်ရှည်သီးနှံပင်များအတွက်  ( ၀-၁ ) ပေ တစ်လွှာ၊ ( ၁-၂ ) ပေ တစ်လွှာနှင့် ( ၂-၃ ) ပေ တစ်လွှာ စသည်ဖြင့် အလွှာလိုက်ခွဲပြီး ယူနိုင်ပါသည်။ 

မြေနမူနာကို အော်ဂါ (Augar ) ခေါ် မြေနမူနာယူသည့် လွန်ဖြင့်လည်းကောင်း၊ တူရွင်းပြားဖြင့်လည်းကောင်း ၊ ပေါက်ပြားဖြင့်လည်း ကောင်း ရယူနိုင်ပါသည်။ သံချေးတက်သော ပစ္စည်းကိရိယာများအား အသုံးမပြုသင့်ပါ။

စိုက်ပျိုးသီးနှံများအတွက် ထယ်ရေး ထွန်ရေးမပြုလုပ်မီ (သို့ ) သီးနှံ ရိတ်သိမ်းပြီးချိန် ရယူရမည်။ 

(၁) ထောင့်ဖြတ် (x) ပုံယူနည်း၊ (W)  ပုံယူနည်းနှင့် (Zigzag - Z) ပုံယူနည်း စသည့်ဖြင့် ရှိရာကွင်းထဲ၌ လမ်းလျှောက်ပြီး အကွာအဝေးကို ခန့်မှန်းကာ မြေနမူနာရယူရပါမည်။ 

(၂) မိမိယူလိုသည့် မြေအပေါ်ယံမှ အမှိုက်သရိုက်နှင့် ပေါင်းမြက်များအား ရှင်းလင်းပေးပြီး ( ၆ ) လက်မ အနက်ထိ ပေါက်ပြားဖြင့် ( V Shape) ပုံသဏ္ဍာန် ပေါက်ချပါ။ အကျယ်မှာ ပေါက်ပြား တစ်ပြားစာ ( ၆) လက်မ ဖြစ်လျှင် လုံလောက်ပါသည်။ 

(၃) (V) ပုံသဏ္ဍာန်ကျင်း၏ မျက်နှာတစ်ဘက်မှ (၁) လက်မအထူ မြေချပ်ရအောင် ပေါက်ပြားဖြင့် ပေါက်၍ယူပါ။ 

(၄) (၆) လက်မ ပတ်လည်ခန့်ရှိသော မြေချပ်အား ဘေးအစွန်း( ၂ ) လက်မစီဖယ်ပြီး အတွင်းမှ ( ၂ x ၆ ) လက်မအရွယ် မြေချပ်ကိုသာ ယူပါ။ 

(၅)  ဤနည်းအားဖြင့် တစ်ဧကလျှင် အနည်းဆုံး နေရာ ( ၂၀ ) မှ ကောက်ယူပါ။ 

(၆) ကောက်ယူရရှိသော မြေအချပ်များကို သမအောင်ရောနှောပြီး စုစုပေါင်း မြေပမာဏသည် (၂) ပေါင် ထက် များနေလျှင် (၄) ပုံခွဲပုံ၍ ၎င်း(၄) ပုံမှ ကျပန်း( ၂) ပုံကို ယူပါ။ 

(၇) ၎င်း(၂) ပုံမှ မြေသည်လည်း များလွန်းနေသေးလျှင် အထက်ပါအတိုင်း ပြန်လုပ်၍ နောက်ဆုံး ( ၅၀) ကျပ်သားခန့် ရသောအခါ အညိုရောင် စက္ကူအထူအိတ်ထဲသို့ အညွှန်းကဒ်ပြား(Identification Label) နှင့် အတူထည့်၍ အိတ်ကို သေချာစွာ ပိတ်ပါ။ 

(၈)အထုပ်၏ အပြင်မှလည်း အညွှန်းစာထပ်ရေးပါ ။ 

(၉) မြေနမူနာသည် စိုလွန်းပါက ( သို့မဟုတ်) မိမိ၏ ရည်ရွယ်ချက်အတိုင်း ချက်ချင်း အစိုအခြေအ နေမှာပင် ဓါတ်ခွဲစမ်းသပ်လိုပါက လေလုံသောပုလင်း (သို့) သန့်ရှင်းသော ပလပ်စတစ်အိတ်တွင် ထည့်၍ အိတ်ကို သေချာစွာပိတ်ကာ အပြင်မှ အညွှန်းကဒ်ပြား ထပ်မံချည်နှောင်ပေးရပါမည်။ 

(၁၀)အကယ်၍ မိမိမြေနမူနာသည် စိုလွန်းနေပြီး ချက်ချင်းဓါတ်ခွဲစမ်းသပ်ရန် ရည်ရွယ်ချက်မရှိပါက အရိပ်အောက်တွင် လေသလပ်ခံအခြောက်လှန်းပြီး သန့်ရှင်းသော စက္ကူဘူး၊ သစ်သားသေတ္တာ စ သည်တို့တွင်ထည့်ကာ ဓါတ်ခွဲခန်းသို့ ပို့နိုင်ပါသည်။ 

(၁၁) မြေနမူနာအတွင်းသို့ မီးဖိုပြာ၊ ဓါတ်မြေဩဇာ စသည့်များ ရောနှောပါဝင်ခြင်း မရှိစေရန် သတိ ပြုရပါမည်။ 

(၁၂) အညွှန်း ( Label) တွင် မြေနမူနာယူသည့် ရက်စွဲ၊ နေရာ(ကွင်း၊ ဦးပိုင် အမှတ်၊ ကျေးရွာ၊ အုပ်စု၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊) ကွင်းအရွယ်အစား၊ စိုက်ပျိုးသည့်သီးနှံ၊ ရိတ်သိမ်းသည့် ရက်စွဲ၊ မြေနမူနာယူသည့် အနက်၊ ယခင် စိုက်ပျိုးခဲ့သော သီးနှံနှင့် အသုံးပြုခဲ့သော မြေဆွေးနှင့် ဓါတ်မြေဩ ဇာနှုန်းထား စသည့်အချက်များ ပြည့်စုံစွာ ဖော်ပြပေးရပါမည်။

မြေနမူနာ မယူသင့်သော နေရာများ 

( ၁) စိုက်ခင်းအတွင်းရှိ လူသွားလမ်းနှင့် ကန်သင်းပေါ်ရှိမြေ။ 

(၂) စိုက်တန်း၊ အပင်များအတွင်း ဓါတ်မြေဩဇာ ချခဲ့သောအတန်း၊ နေရာမှမြေ။ 

(၃) ကတ္တရာလမ်း (သို့မဟုတ်) ကားလမ်းမှပေ (၁၀၀) အတွင်းရှိမြေ။ 

(၄) ရွာနှင့် အလွန်နီးသောနေရာ၊ နွားချေးပုံဘေး၊ မြေဆွေးပုံဘေးမှ မြေများ။ 

စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ

(သီးနှံစိုက်ပျိုးမြေများမှ စနစ်တကျမြေနမူနာကောက်ယူနည်း )

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်