ဟင်းသီးဟင်းရွက်တွေကို အညစ်အကြေးနဲ့ ဓာတုဓာတ်ကြွင်းတွေ ဖယ်ရှားပေးမယ့် စပရေး (၂) မျိုး

08/03/2022 17:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား


ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို ရေနဲ့ပဲ ဆေးကြောလိုက်ရလို့ စိတ်ထဲမသန့်နေသူတွေရှိပါသလား..?

အခွံခွာပြီးစားပြန်ရင်လည်း တစ်ချို့သီးနှံတွေက အခွံတွေမှာပါ အာဟာရဓာတ်ပါဝင်နေတော့ နှမြောမိ ပြန်ကော။ စားမယ်ဆိုတော့လည်း ဓာတုဓာတ်ကြွင်းအန္တရာယ်အပြင် ဘက်တီးရီးယား အီကိုလိုင်စတဲ့ ရောဂါတွေကိုပါ ကြောက်နေရ။

သခွါး၊ဆလပ်ရွက်လိုမျိုး အစိမ်းစားသီးနှံတွေဆို ရေနဲ့ဆေးကြောရုံတင် ကျန်းမာရေးအတွက် မလုံလောက်လို့ အိမ်မှာဘဲ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့လုပ်လို့ရမယ့် စပရေးအရည်လေးဖျန်းပြီး အပြင်ဘက်မျက်နှာပြင်မှာရှိတဲ့ အညစ်အကြေး၊ ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်ကြရအောင်။

(၁) မုန့်ဖုတ်ဆိုဒါ
 ဟင်းသီးဟင်းရွက် သန့်ရှင်းရည် စပရေး ပြုလုပ်တော့မယ်ဆို မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေထဲမှာ ပျော်ဝင်စေပြီး ရလာတဲ့အရည်ကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အစိမ်းလိုက်မစားခင်မှာဖျန်းနိုင်ပါတယ်။ ပြီးရင်တော့ ရေအေးနဲ့ပြန်ဆေးပြီး သဘာဝအတိုင်းအခြောက်ခံနိုင်သလို အဝတ်သန့်တစ်ခုနဲ့လည်း သုတ်လိုက်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါက ဘက်တီးရီးယားအပါအဝင် သီးနှံဖျက်ပိုးတွေကို ၉၆ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိရှိသူပါ။ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ရောပြီး သန့်စင်ပေးတာက သီးနှံတွေပေါ် ကျန်ခဲ့တဲ့ ဓာတ်ကြွင်းတွေကို ၁၅ မိနစ်အတွင်းတောင်ဖယ်ရှားပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

(၂) ရှာလကာရည်
 ရှာလကာရည်တစ်ဆနဲ့ ရေသုံးဆကို ရောပြီး စပရေးဘူးထဲ ထည့်ဖျန်းပြီးတော့လည်း သီးနှံသန့်စင်ရည် အဖြစ်အသုံးပြုနိုင်ပါတယ်။

ရှာလကာရည်အနံ့က သီးနှံတွေကိုမစွဲစေတဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ ပြီးတော့ ရှာလကာရည်ဟာ ဆိုရင် ဘက်တီးရီးယားတွေကို သေစေနိုင်ဖို့အတွက် အကောင်းဆုံးဖျော်ရည်လို့ပါ ပြောနိုင်ပါတယ်။

ဆလပ်ရွက်တွေ (သို့မဟုတ်) အခြားအရွက်တွေကို ဆေးချင်ရင်တော့ အရွက်တွေကို တစ်ရွက်စီခွာပြီး ဇလားထဲမှာ ရှာလကာရည် တစ်ခွက်နဲ့ ရေကိုထည့်ကာ စိမ်ထားပြီး ရေဖြင့် ပြန်ဆေးကြော စားသုံးနိုင်ပါတယ်။

ဆိုတော့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ရိုးရိုးရေနဲ့ပဲ ဆေးမယ့်အစား ဒီနည်းလေးတွေကို အသုံးပြုပြီး ဓာတုဓာတ်ကြွင်းနဲ့ ပိုးမွှားတွေရန်ကနေ ကာကွယ်ဖို့ အသုံးပြုသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

ref:HouseHold Hints by Heather Rodino

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်