ကြံသီးနှံပြက္ခဒိန်ကဏ္ဍ

12/05/2022 16:00 PM တွင် စံသိန်း(စိုက်ပျိုးရေး) စံသိန်း(စိုက်ပျိုးရေး) မှ ရေးသား

ယခုမေလသည် ကြံတောင်သူများအတွက် ကျင်းစာကျွေး၊ ဘောင်လုံးရသော ကာလဖြစ်ပါသည်။ အပင်ကြီးထွားမှု အဆင့်အလိုက်ပြောရလျှင် ကြီးထွားမှုအဆင့် (၂)  အပင်သားတက်များ ထွက်ပေါ်ခြင်းနှင့် ရွက်အုပ်မိုး စတင်ဖြန့်ကျက်ခြင်းကာလဖြစ်သည်။

 

အပင်ကြီးထွားမှုအဆင့်ဆင့်နှင့် ပြက္ခဒိန်ရာသီကာလအလိုက် ကြံတောင်သူများ လုပ်ဆောင်ရမည့် နည်းလမ်းများကိုမပြောမီ အပင်ကြီးထွားမှုအဆင့်ဆင့်ကို ယခု အခန်း (၁) အဖြစ် တင်ပြပါမည်။

 

ကြံပင်၏ ကြီးထွားဖွံ့ဖြိုးမှုအဆင့်ဆင့်

 

သီးနှံပင်စိုက်ပျိုးပြုစု၊ မြေတောင်မြှောက်ထိန်းသိမ်းမှုလုပ်ငန်းကို အပင်ကြီးထွားမှုအဆင့်ဆင့်နှင့် အချိန်အခါ ရာသီအလိုက် ဆောင်ရွက်အပ်ပေသည်။

သမားရိုးကျ စိုက်ပျိုးနည်းအရ သီးနှံပင်ပြုစုထိန်းသိမ်းမှုကို ပြက္ခဒိန် ရက်စွဲအလိုက် ဆောင်ရွက်လေ့ ရှိကြပါသည်။ သီးနှံတစ်မျိုးတည်းကို အစဥ်အလာအတိုင်း နှစ်စဥ်စိုက်ပျိုးလာသောအခါ ဘယ်နေ့ဘယ်ရက်၌ မျိုးကြဲမည်၊ ဘယ်နေ့ဘယ်အချိန်၌ ရိတ်သိမ်းရမည်ဟု ပုံသေကားချပ်မှတ်ယူ၍ မိရိုးဖလာတောင်သူများက စိုက်ပျိုးခဲ့ကြပါသည်။ သို့ပါ၍ သီးနှံပင်၏ ဖြစ်ထွန်းမှုသဘာဝနှင့် ကြီးထွားမှုအဆင့်ဆင့်ကို အလေးဂရု မပြုခဲ့ကြပေ။

မြန်မာနိုင်ငံတွင်ယခုအခါ တစ်သီးမှ နှစ်သီး သုံးသီးထိ သီးထပ်စွမ်းရည်ကို တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်လာသလို အခြေအနေပေးလျှင်ပေးသလို  သီးနှံတစ်မျိုးတည်းကို ရာသီအချိန်တိုင်း စိုက်ပျိုးလာကြပါသည်။ သကြားစက်များကိုလည်း ကြိတ်ဝါးရာသီတိုးချဲ့၍ လည်ပတ်လာစေသဖြင့် ကြံစိုက်ပျိုးထုတ်လုပ်မှုတွင် အစဥ်အလာအရ စိုက်နေခဲ့သည့် ဆောင်းရာသီစိုက်ကြံအပြင် ယခုအခါ မိုးစိုက်ကြံများကိုလည်း ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်လာကြပါသည်။

ယင်းသို့ သီးနှံကို အချိန်အခါမရွေး စိုက်ပျိုးလာသည်နှင့်အမျှ သီးနှံပင် မြေတောင်မြှောက်ပြုစုရေးကို အခြေခံအကျဆုံးစနစ်အပေါ် အမှီပြုဆောင်ရွက်ရပေမည်။ ယင်းအခြေခံစနစ်မှာ သီးနှံပင်၏ အပင်ဇီဝ ကမ္မဆိုင်ရာ ကြီးထွားမှုအဆင့်ဆင့်အလိုက် အပင်ပြုစု‌ရေးပင်ဖြစ်ပါသည်။ ပြက္ခဒိန်ရက်စွဲအလိုက် အမှတ်သညာထား၍ စိုက်ပျိုးပြုစုမှုကို စီမံခြင်းအပြင် အပင်၏ဇီဝကမ္မဆိုင်ရာ ကြီးထွားမှုအဆင့်ကို အခြေခံပြီး စီမံခြင်းသည် ပိုမို၍ အကျိုးသက်ရောက်မှု ကြီးမားလာမည်။

သို့ဖြစ်၍ ကြံသီးနှံဖြစ်ထွန်းအောင်မြင်ရေးအတွက် အပင်ကြီးထွားမှုအဆင့်အလိုက် စိုက်ပျိုးပြူစုမှု အမျိုးမျိုးကိုဆောင်ရွက်ရန် ကြံသီးနှံ၏ ကြီးထွားမှုအဆင့်ဆင့်ကို ဦးစွာပထမ သိရှိနားလည်ထားရန် လိုအပ် ပေသည်။

 

 

ကြံပင်ကြီးထွားမှုကို ဇီဝကမ္မ အဆင့် (၄) ဆင့်ပိုင်းခြားထားပါသည်။ ၎င်းတို့မှာ-

     ၁။ အညှောက်ပေါက်ခြင်းနှင့် အပင်ငယ်မြေပေါ် ပေါ်ထွက်လာခြင်း

     ၂။ ပင်ပွားထွက်ခြင်းနှင့် ရွက်အုပ်မိုးဖြစ်ပေါ်မှု

     ၃။ ပင်ပွား ပွားစီးပြီး ပင်စည်ရှည်ထွက်လာသော ကြီးထွားမှုအမြင့်ဆုံးအချိန် နှင့်

     ၄။ ရင့်မှည့်ခြင်း

 

တစ်နှစ်သားကြံပင်အတွက် အထက်ပါ အဆင့် (၄) ဆင့်သည် သက်တမ်း ၁ လ၊ ၂ လ၊ ၇ လ နှင့် ၁၂ လခန့် အသီးသီးမှာ ဖြစ်ပေါ်တတ်ပေသည်။ ၎င်းအဆင့် (၄) ဆင့်ကို အောက်ပါအတိုင်း အသေးစိတ်အဆင့်များ ထပ်မံ၍ ခွဲခြားထားပါသည်။ အဆင့်သတ်မှတ်ချက်ကို ကိန်းဂဏန်းများဖြင့် ဖေါ်ပြထားပါသည်။ ယင်း သတ်မှတ်ချက်အရ  ဒသမနေရာ၏ ရှေ့မှဂဏန်းနံပါတ်သည် အပင်ကြီးထွားမှုအဆင့်ဖြစ်၍ ဒသမနေရာ၏ နောက်မှ ဂဏန်းနံပါတ်သည် အဆိုပါအပင် ကြီးထွားမှုအဆင့်အလိုက် စိုက်ပျိုးပြီး အပင်သက်တမ်းကာလ (လ) ကို ရည်ညွှန်းပါသည်။

 

တစ်နှစ်သက်တမ်းရှိကြံပင်၏ ပုံမှန်ရာသီဥတုအခြေအနေတွင် ဖြစ်ထွန်းသည့်အပင်ဇီဝကမ္မဆိုင်ရာ ကြီးထွားမှုအဆင့်ဆင့်

 

၁။ အညှောင့်ပေါက်ခြင်းနှင့် မြေပေါ်ပေါက်ထွက်ခြင်း

၁.၁။ မျက်လုံးဖူးများ ဖူးရောင်၍ အညှောင့်ရှည်များထွက်ခြင်း

၁.၂။ ပင်သစ်ကြံ၏ အမြစ်နှင့် လမိုင်းကြံ၏ အမြစ်များ အများဆုံးထွက်ပေါ်လာခြင်း

၁.၃။ မူလသားတက် မြေပေါ်ပေါ်ထွက်ခြင်း

 

၂။ ပင်ပွားထွက်ပေါ်ခြင်းနှင့် ရွက်အုပ်မိုးဖြစ်ပေါ်ခြင်း

၂.၁။ ပင်ပွားစတင်ထွက်ပေါ်ခြင်း

(မူလသားတက် အောက်ခြေမျက်လုံးဖူးများမှ သားတက် အစို့အညှောက်ပေါ်လာပါသည်။ ပင်မသားတက်မှ ထွက်လာသောသားတက်ကို ဒုတိယအဆင့်သားတက်ဟုလည်းကောင်း၊ ဒုတိယအဆင့် သားတက်အခြေမျက်လုံးဖူးမှ နောက်ထပ်သားတက်ထွက်လျှင် ၎င်းကို တတိယ အဆင့်သားတက်ဟုလည်းကောင်း ခေါ်ပါသည်။)

၂.၂။ သားတက်မှ အဆစ်မြစ်များထွက်လာခြင်း

၂.၃။ အမြစ်မှအစာအာဟာရ စုပ်ယူမှုနှုန်း အမြင့်မားဆုံးရောက်ရှိခြင်း

(မျိုးပိုင်းဖြတ်မှ ထွက်သောအမြစ်အပြင် သားတက်အခြေမှထွက်သော အဆစ်မြစ်များ အများဆုံး ထွက်လာကာ အစာအာဟာရကို အမြန်ဆုံးစုပ်ယူကြပါသည်။)

၂.၄။  ပင်ပွားအများဆုံးတိုးပွား၍ ရွက်အုပ်မိုးဖြစ်ပေါ်ခြင်း

(ပင်ပွားတိုင်းမှ အရွက်များအဆင့်ဆင့်ထွက်လာသဖြင့် အရွက်ဧရိယာ တိုးတက်များပြားကာ အစာချက်နိုင်မှု ဧရိယာတိုးပွားလာခြင်း)

 

၃။ ကြံပင်ကြီးထွားမှု အမြင့်ဆုံးအဆင့်

၃.၁။  ကြံစိုက်ဘောင်အတန်းပိတ်ခြင်း

       (ကြံပင်တစ်ရုံချင်းစီ၏ ရွက်အုပ်မိုးများထိစပ်၍ အတန်းပိတ်သွားသောအဆင့်)

၃.၂။  အ‌ထွက်နှုန်းကိုအဆုံးအဖြတ်ပေးသော ပင်ပွားထွက်မှုကာလ ပြီးဆုံးခြင်း

(ကြံပင်အတန်းပိတ်သွားသည်နှင့်အမျှ နောက်ထပ်ထွက်မည့်ပင်ပွားများသည် ကြံအထွက်ကို အထောက်အကူမပြုနိုင်တော့ပေ။ ရင့်မှည့်ချိန်တွင် ခုတ်သိမ်းရရှိနိုင်သော ကြံချောင်းအဆင့် ရနိုင်စေသည့်  ပင်ပွားများထွက်ခြင်းမှာ စိုက်ပြီး (၄) လသား၌ ရပ်တန့်ကုန်ဆုံးသွားပြီဖြစ်ပါသည်။)

၃.၃။ အရွက်ဧရိယာ အမြင့်မားဆုံးကိုရောက်ရှိခြင်း

၃.၄။ ကြံချောင်းရှည်ထွက်မှု အမြင့်မားဆုံးကိုရောက်ရှိခြင်း

        (ကြံပင်အတန်းပိတ်၍ ပင်ပွားထွက်မှုအရှိန်လျော့သွားချိန်မှစပြီး ကြံပင်သည် အဆစ်တက်၍ ပင်စည်သည် တဟုန်ထိုးခါးဆန့်ပြီး ရှည်ထွက်လာပါသည်။ သက်တမ်း လေးလခွဲမှ ကိုးလသား အတွင်း ဖြစ်ပေါ်ပါသည်။)

၃.၅။ အရွယ်မရောက်သောပင်ပွားများ သေကြေလျော့နည်းခြင်း

(ကြံပင်တစ်ရုံနှင့်တစ်ရုံ ရွက်အုပ်မိုးထိုးရှက်၍ အတန်းပိတ်လာသောအခါ နောက်ပိုင်းမှ ထွက်သော သားတက်ပင်ပွားများသည် အလင်းရောင်နှင့် အစာရေစာကို အပြိုင် မစုပ်ယူနိုင်သဖြင့် သေကျေလျော့နည်းလာပါသည်။ သက်တမ်း (၄)လ မှ (၇)လ အတွင်း သားတက် ဦးရေ လျော့နည်းလာပါသည်။)

၃.၆။ စက်သွင်းကြံအဆင့်မှီ ခုတ်သိမ်းနိုင်သော ကြံချောင်းအရေအတွက်ရရှိခြင်းကာလ

(သက်တမ်း (၈)လသား၌ ပင်ပွားဦးရေတည်ငြိမ်လာ၍ ခုတ်သိမ်းနိုင်သည့်ကြံချောင်းကို ရေတွက် နိုင်ပါသည်။)

 

၄။ ရင့်မှည့်ခြင်း

 

၄.၁။  တစ်ပင်လုံး၏ ဖြစ်ထွန်းမှု အမြင့်မားဆုံးကို ရောက်ရှိခြင်း

၄.၂။  သကြားဓာတ်ပေါင်းစည်း စုဝေးမှုစွမ်းရည် အမြင့်ဆုံးကိုရောက်ရှိခြင်း

        (ကြံပင်သည် သကြားဓါတ်များ သိုလှောင်မှုစွမ်းရည် အမြင့်ဆုံးကိုရောက်ရှိ၍ ရာသီအေးမြ ခြောက်သွေ့လာပါက သကြားဓါတ်များ ကြံပင်အတွင်း အများဆုံးစုဝေးလာစေပါမည်။) (နတ်တော် ပြာသို ကြံဖျားချို)။

(ပန်းပွင့်ချိန်သည် နေ့တာတိုသောကာလနှင့်တိုက်ဆိုင်ပါက ပန်းပွင့်သောကြံမျိုးအတွက် နိုဝင်ဘာလ၌ ပန်းပွင့်နိုင်ပါသည်။)

၄.၃။  သကြားဓာတ် အများဆုံးရခြင်း

(ရာသီအေးမြ ခြောက်သွေ့သော ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများ၌ ကြံပင်၏ အရင်းပိုင်းမှ အဖျားပိုင်းအထိ သကြားဓါတ်အပြည့်အဝ စုစည်းရရှိပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်