ဝယ်လိုအားမြင့် ငရုတ်ချိုစိုက်ပျိုးခြင်း

27/07/2020 17:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငရုတ်ချိုသီးနှံ၏ စျေးကွက်ဝယ်လိုအားမှာ ရှိနှင့်နေပြီးသားဖြစ်သောကြောင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ဖို့ ဒီဆောင်းပါးလေးကိုတင်ပြလိုက်ပါတယ်။

ရာသီဥတုနှင့် မြေအမျိုးအစား

    ငရုတ်ချိုသည် အပူချိန် ၂၁º C နှင့် ၂၄º C တွင် အကောင်းဆုံးဖြစ်ပါတယ်။ အပူ ချိန် ၁၈º C  အောက်ကျဆင်းသောအခါ သို့မဟုတ် ၂၇º C ထက်ကျော်လျှင် ကြီးထွားမှုနှင့် အထွက်နှုန်းကျဆင်းနိုင်ပါတယ်။ ငရုတ်ချိုပင်များသည် ရေထိန်းသိမ်းမှုကောင်သော နုံးမြေဆွေးများပေါ်တွင် ကောင်းစွာပေါက်ရောက်နိုင်ပါတယ်။ ရေစီးရေလာကောင်းသော မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်ပါတယ်။ မြေအချဉ်အငန်ဓာတ်သည် ၅.၅ မှ ၆.၈ အတွင်းဖြစ်ရပါမယ်။

မျိုးရွေးချယ်ခြင်း

     မျိုးပေါ်မှုတည်၍ ငရုတ်ချိုအထွက်နှုန်းကွာခြားမှုရှိပါတယ်။ ငရုတ်ချိုကို ရာသီအမျိုးမျိုးတွင်ဖြစ်စေ၊ သီးနှံအမျိုးမျိုးနှင့် အလှည့်ကျဖြစ်စေ စိုက်ပျိုးခြင်းဖြင့် အထွက်တိုးစေပြီးစျေးပိုရနိုင်ပါတယ်။

မျိုးစေ့ဆေးစီရင်ခြင်း

    အဓိက မျိုးစေ့ဆောင်မှိုရောဂါဖြစ်စေသောသက်ရှိမှာ ကိုလက်ထိုထရိုင်ခမ် မျိုးစိတ်ဖြစ်ပြီးမှဲ့ပြောက်စွန်းရောဂါကို ဖြစ်စေပါတယ်။ မျိုးစေ့မှ ပျံ့နှံ့ကူစက်မှုနည်းစေရန် မျိုးစေ့များကို ၅၀ º C ရှိ ရေနွေးတွင် မိနစ် (၃၀) စိမ်ပေးရပါမယ်။ ရောဂါကင်းမျိုးစေ့များကို ပိုးသန့်မြေတွင် ဆေးစီရင်ရန်မလိုပါ။

ပျိုးထောင်ခြင်း

    ပျိုးပန်းအတွင်း ပျိုးခင်းမြေကိုထည့်ပါ။ ပျိုးခင်းစပ်မြေအဖြစ် ခဲမြေ၊ မြေသား၊ မြေဆွေး၊ စပါးခွံ၊ သဲ စသည်တို့ဖြင့် ဖော်စပ်ထားသော ပျိုးမြေဖြစ်ရပါမယ်။ ပျိုးမြေအရောသည် ရေထိန်းနိုင်မှုကောင်းပြီး ရေစီးဆင်းမှုလည်း ကောင်းရပါမယ်။ 

    ပျိုးကျင်း၊ ပျိုးအိတ်၊ ပျိုးပန်းခွက်တစ်ခုလျှင် မျိုးစေ့တစ်စေ့သာထည့်ရပါမယ်။ သို့မဟုတ် ပျိုးပေါင်တွင် မျိုးစေ့ကို ပါးပါးကြဲပက်ပါ။  ပျိုးပင်များကို ရေပုံမှန်လောင်းပေးရန် လိုအပ်ပါတယ်။ ပျိုးပင်မှ မူမှန်ရွက်နှစ်ရွက်ထွက်ပေါ်လာချိန်တွင် တစ်ဆယ်ပတ်လည် ( ၁၀: ၁၀ : ၁၀ )​ မြေသြဇာအရည် သို့မဟုတ် ၀.၂၅ ရာခိုင်နှုန်းပြင်းအားရှိ ရေပျော်မြေသြဇာကို ကျွေးရပါမယ်။

စိုက်ပျိုးခြင်း

    မြေအမျိုးအစားပေါ်မှုတည်ပြီး အပင်အကွာအဝေးအမျိုးမျိုးရှိကာ တန်းကြား ၄ ပေခွဲအကျယ်နှင့် တစ်ပေအမြင့်ကို အသုံးပြုသင့်ပါတယ်။ စိုက်ပေါင်တစ်ပေါင်လျှင် အတန်းနှစ်တန်း ရွှေ့စိုက်နိုင်ပါတယ်။ တစ်တန်းနှင့်တစ်တန်း ၁ ပေခွဲ၊ အတန်းအတွင်းတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲထားပြီး တစ်ပင်ချင်းစိုက် ပျိုးရပါမယ်။ တစ်ဧကတွင် အပင် ၁၀၈၀၀ နီးပါး စိုက်ပျိုးနိုင်ပါတယ်။

    ရွေ့မစိုက်မီ ခြ၊ ပုရွတ်ဆိတ် အစရှိသော အင်းဆက်ပိုးမွှားများကိုကာကွယ်ရန် တစ်ကျင်းလျှင် ကာဗိုဖျူရန် သုံးလေးခဲထည့်ပေးသင့်ပါတယ်။ ရွေ့မစိုက်မီ စိုက်ပျိုးမည့်မြေအား နေလှန်းပေးခြင်း သို့မဟုတ် ရေလွှမ်းထားခြင်းဖြင့် အပင်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ရွှေ့စိုက်မည့်ပျိုးပင်သည် အရွက် ၄-၅ ရွက်ရှိပြီး ရောဂါကင်းရပါမယ်။ အမြစ်မြေဆွဲအားကောင်းစေရန် ရွှေ့စိုက်ပြီးလျှင် ရေလောင်းပေးသင့်ပါတယ်။

အသီးဆွတ်ခူးခြင်း

    ငရုတ်ချိုအသီးများသည် သတ်မှတ်ထားသော အသီးအရွယ်အစားရှိပါက ဆွတ်ခူးသင့်ပါတယ်။ မျိုး၊ စျေးကွက်နှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ အသီးအမှည့် အရောင်( အဝါ၊ လိမ္မော်၊ အနီ ) မပြောင်းမီဆွတ်ခူးရပါမယ်။ ပန်းပွင့်သည်မှ ဆွတ်ခူးရမည့်အချိန်အထိ ရက်ပေါင်း ၃၅ မှ ၄၀ အထိကြာပါတယ်။ ငရုတ်ချိုကို စိုက်ပျိုးပြီး ၃ လအကြာတွင် ခူးဆွတ်နိုင်ပါတယ်။ ငရုတ်ချိုများကိုဆွတ်ခူးရာတွင် ၆-၈ ပတ်ခန့်အကြာ ၃-၄ ကြိမ် ဆွတ်ခူးနိုင်ပါတယ်။

    ငရုတ်ချိုတစ်ပင်ကို တစ်ပိဿာခန့်သီးပြီး စျေးတွင် တစ်ပိဿာ သုံးထောင်ခန့်ရှိပါတယ်။ ငရုတ်ချိုတစ်ပင်ကို တစ်ထောင်ကျော်ခန့်အမြတ်ရပြီး တစ်ဧကစိုက်ပျိုးပါက သိန်း ၅၀ ခန့်ရရှိနိုင်မှာဖြစ်ပါတယ်။

    အထွက်နှုန်းကောင်းမွန်စေရန်နှင့် ​အမြတ်များများရရှိနိုင်ရန် ခံနိုင်ရည်ရှိသောမျိုးများကိုသာ စိုက်ပျိုးသင့်ပါတယ်။ အာလူး၊ ခရမ်းချဉ်သီးနှံများစိုက်ပျိုးပြီး ငရုတ်ချိုမစိုက်သင့်ပါ။ ၎င်းသီးနှံများမှာ မြေဆောင်ရောဂါများဖြစ်စေသော ကြောင့်ဖြစ်ပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်