“လက်ဖက်ပွဲတော်နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၉”

05/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍  “လက်ဖက်ပွဲတော်နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၉” ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မှ ၁၂ ရက်နေ့အထိ ဓနုဆုံဆည်းရာဖျော်ဖြေရေးကွင်း၊ ရွှေဥမင်ဘုရားလမ်း၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) နှင့် ပင်းတယလက်ဖက်စက်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ အဓိက စီစဉ်ဆောင်ရွက််သွားမည် ဖြစ်ပါသည်။

စျေးကွက်နှင့်အလားအလာ

လက်ဖက်မှာ အလားအလာကောင်းသည့် သီးနှံတစ်ခုဖြစ်ပြီး တောင်သူလယ်သမားများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်တန်းဒေသများတွင် စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ ကမ္ဘာ့စျေးကွက်၌လည်း မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် လက်ဖက်မှာ သဘာ၀အတိုင်းစိုက်ပျိုးထားရှိသည့်အတွက် မျက်နှာပန်းလှပြီး ၀ယ်လိုအားများနေသည်။

ရည်ရွယ်ချက်များ

ပွဲတော်ကို  ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ -  ဒေသ၏ အဓိကအသက် လက်ဖက်သီးနှံအတွက်

(၁) ဒေသ၏ ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်းသယ်ဆောင်ထိန်းသိမ်းနိုင်စေရန်။

(၂) အဓိကထုတ်ကုန်လက်ဖက်၏ စျေးကွက်ခိုင်မာ၍ ချိတ်ဆက်မှုအားကောင်းနေစေရန် နှင့် လက်ဖက်၏ နိုင်ငံတကာစျေးကွက်တန်းဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရန်၊

(၃) အသက်မွေးဝမ်းကျောင်းမှု ပညာရှင်များ၊ အသင်းအဖွဲ့များနှင့်ပေါင်းစည်းပြီး ကျယ်ပြန့်စွာလုပ်ဆောင်တတ်စေရန်။

(၄) လက်ဖက်ဒေသထွက်ကုန်စည်ဖြင့် တောင်တန်းဒေသနှင့် လူနေမှုဘဝတိုးတက်ဖွံ့ဖြိုးလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။  

ပါ၀င်ပြသမည့်သူများ

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၏ အရောင်းပြခန်းများ၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ သွင်းကုန်လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင်ကြီးများ၊  ဝယ်ယူအားပေးသူများ၊ သွင်းအားစု လုပ်ငန်းရှင်ကြီးများ (မြေသြဇာ၊ ဓါတု/ဇီဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မျိုးစေ့၊      စိုက်ပျိုးရေးသုံးစက်ကိရိယာ)၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာ ရောင်းချသူများ မှပါဝင်ပြသသွားမည်ဖြစ်ပါသည်။

ပွဲတော်၏ အရောင်းပြခန်းနှင့် အစီအစဉ်များ

လက်ဖက်ပွဲတော်သို့ တစ်နေ့လျှင် လာရောက်လေ့လာသူ ပျမ်းမျှ ၂,၀၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး၊   ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ/ အဖွဲ့အစည်းများအနေဖြင့် အဆိုပါပွဲတော်သို့ မိမိတို့၏ အရည်အသွေးမြှင့်ထုတ်ကုန်များ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရေး၊ အခြားသော လုပ်ငန်းရှင်ကြီးများ၊ တောင်သူများနှင့် ချိတ်ဆက်နိုင်ရေးအတွက် (၃ x ၃ စတုရန်းမီတာ/၁၀ x ၁၀  စတုရန်းပေ) နှင့်(၂.၅ x ၂.၅ စတုရန်းမီတာ/၈ x ၈ စတုရန်းပေ)  အကျယ်အဝန်းရှိပြီး သန့်ရှင်းသပ်ရပ်သော အရောင်းပြခန်း အမြောက်အများဖြင့် ပါ၀င်နိုင်ရန်စီစဉ်ထားပြီး၊ လက်ဖက််ပွဲတော်ကို ပံ့ပိုးကူညီလိုသူများအနေဖြင့် လူကြီးမင်းတို့၏ ထုတ်ကုန်များကို အများပြည်သူများ ကောင်းစွာသိရှိလာမည့် အကျိုးကျေးဇူးများလည်း ရရှိစေနိုင်မည်ဖြစ်သည်။

ဖိတ်ခေါ်ခြင်း

ပွဲတော်တွင် လက်ဖက်နှင့်ဆက်စပ်သည့်နည်းပညာများ၊ ထုတ်ကုန်များကို ခင်းကျင်းပြသမည့်အပြင် ဒေသထွက် ရိုးရာလုပ်ငန်းများမှ ထုတ်ကုန်များ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်လေ့လာကြဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်အပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်