ဆောင်းရာသီမှာ အစာမကြေဖြစ်ခြင်း ကင်းဝေးအောင်

05/12/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ချမ်းအေးသော ဆောင်းရာသီတွင် အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဖျားနာကိုက်ခဲခြင်းတို့ကဲ့သို့ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာတစ်ခုမှာ အစာမကြေဖြစ်ခြင်း ဖြစ်ပါသည်။ ရာသီဥတုအေးသည့်ကာလများတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ လျော့ကျသွားခြင်းကြောင့် အစာအိမ်၏ လုပ်ငန်းလုပ်ဆောင်မှုများ အားနည်းပြီး အစာခြေဖျက်မှုနှေးကာ အစာမကြေခြင်း ပိုဖြစ်တတ်ပါသည်။

    အစားအသောက်အနေဖြင့် အဆီများသောအသားများ၊ ဆီများများဖြင့်ကြော်ထားသော ဆီကြော်များ၊  ကောက်ညှင်းကဲ့သို့ အစာကြေရန်ခက်ခဲသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်ယမကာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ပါသော အသင့်သောက်အချိုရည်များ၊ အစပ်များသော အစားအစာများသည် အစာမကြေခြင်းဖြစ်စေတတ်သောကြောင့် အလွန်အကျွံစားသုံးခြင်း မပြုသင့်ပါ။ ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုကြွက်သားကို အားနည်းစေပြီး အက်ဆစ်ဆန်တက်မှုဖြစ်ပေါ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်ဓာတ်ထုတ်မှုများခြင်းတို့ကို ဖြစ်စေတတ်၍ ဆေးလိပ်သောက်ခြင်းကို ရှောင်သင့်ပါသည်။

    ရာသီဥတုအေးသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်မှုနည်းခြင်းကြောင့် အစာခြေဖျက်မှုနှေးပြီး အစာမကြေဖြစ်တတ်ပြီး ကိုယ်အလေးချိန်လည်း တက်တတ်သည်။ အလေးချိန်များသူများတွင် အူသိမ်အတွင်းမှ အက်စစ်များ အစာအိမ်ထဲသို့ ပြန်ဆန်တက်သော Acid Refulx ကြောင့် အစာမကြေဖြစ်တတ်၍ သင့်တင့်မျှတသော ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါသည်။ နေ့စဉ်ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ ရေများများသောက်ခြင်းက အစာမကြေခြင်းကို သက်သာစေနိုင်သည့်အတွက် တစ်နေ့ကို ၃-၄ လီတာအထိ သောက်ပေးသင့်ပါသည်။ အစာမစားမီ နာရီဝက်အလို ရေခပ်နွေးနွေးသောက်ပေးခြင်းကလည်း အစာအိမ်၏ အစာချေဖျက်ခြင်းအတွက် ကောင်းမွန်ပါသည်။

    သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားခြင်း၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေသော အမျှင်ဓါတ်ကြွယ်ဝသည့် ကိုက်လန်၊ မုန်ညင်းစိမ်း၊ ဟင်းနုနွယ်၊ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ သကြားမုန်လာစသည့် ရာသီပေါ်သီးနှံများကို များများစားပေးသင့်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများက လက်တို့စ်မချေဖျက်နိုင်သော ရောဂါ Lactose Intolerance ရှိသူများတွင် အစာမကြေဖြစ်တတ်၍ Lactose Free အစာများကို ရွေးချယ်စားသုံးပေးပြီး အစာမကြေဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထောပတ် Ghee သည် အစာအိမ်ကျန်းမာရေး အကျိုးပြုအစာဖြစ်သည့်အတွက် အသင့်တင့် စားပေးသင့်သည်။

    အစားကိုအလွန်အကျွံမစားဘဲ သင့်တင့်သောပမာဏကို နည်းနည်းနှင့် ဖြည်းညင်းစွာစားပြီး အကြိမ်ရေခွဲပြီး ခဏခဏစားပေးခြင်းက အစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အစာကို အချိန်ယူပြီး ကြေညက်အောင်ဝါးစားပေးခြင်းကလည်း အစာမကြေဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ညအချိန် အစားစားခြင်းသည် အစာမကြေဖြစ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အိပ်ခါနီး ၄-၅နာရီအတွင်း အစာစားခြင်းကို ရှောင်ကြဉ်ပါ။ စိတ်ဖိစီးမှုများတတ်သူများတွင် အစာအိမ်လှုပ်ရှားမှုမကောင်းဘဲ အစာမကြေဖြစ်နိုင်၍ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါသည်။

    သောက်သုံးနေသော ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အစာမကြေဖြစ်နိုင်၍ အကိုက်အခဲပျောက်ဆေးများ၊ သွေးပေါင်ကျဆေးအချို့၊ ရောင်ရမ်းမှုလျှော့ပေးသော စတီးရွိုက် Steroid ဆေးများ၊ ဟော်မုန်း Estrogen ပါသော ဆေးများနှင့် ကိုယ်ဝန်တားဆေးများ၊ ပိုးသတ်ဆေးများ သောက်သုံးနေရလျှင် မိသားစုဆရာဝန်နှင့် ပြန်၍တိုင်ပင်သင့်ပါသည်။

    အစာမကြေဖြစ်ခြင်းသည် လူတိုင်းကြုံဖူးလေ့ရှိသည့် လက္ခဏာတစ်ခုဖြစ်ပြီး များသောအားဖြင့် အထက်ဖော်ပြပါ စားသောက်နေထိုင်မှုပုံစံများ ပြောင်းလဲကြည့်ခြင်းဖြင့်လည်းကောင်း၊ Antacid ခေါ် အစာအိမ်ဆေးများ၊ အစာအိမ်လေနာသက်သာဆေးများ ၊ အစာကြေဆေးများ သောက်သုံးခြင်းဖြင့်လည်းကောင်း သက်သာနိုင်ပါတယ်။ သို့သော် နာတာရှည်အစာအိမ်ရောဂါ အခံရှိသူများ၊ မကြာခဏ အစာအိမ်နာတတ်သူများ၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း၊ ညဘက်တွင် တစ်နေကုန်စားထားသမျှ အစာများပြန်အန်ခြင်း၊ ဗိုက်တွင် အလုံးအကြိတ်စမ်းမိခြင်းစသော လက္ခဏာများနှင့် အစာအိမ်ကင်ဆာမျိုးရိုးရှိခြင်းတို့ရှိလျှင် အချိန်ဆွဲမနေဘဲ ဆေးရုံဆေးခန်းပြသသင့်ကြောင်း ဤဆောင်းပါးဖြင့် မျှဝေရေးသားပေးလိုက်ပါသည်။

Author: Dr. Ye Mon

Sourc - On Doctor


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်