မိုးနှမ်းလျင်သီးနှံ စိုက်ပျိုးအောင်မြင်ရန်

25/07/2019 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆီထွက်သီးနှံများတွင် စိုက်ဧရိယာအများဆုံးစိုက်ပျိုးသည်မှာ နှမ်းလျင်သီးနှံဖြစ်သည်။ နှမ်းလျင်ကို မိုး၊ ဆောင်း၊ နွေစိုက်ပျိုးလျက်ရှိသော်လည်း မိုးရာသီတွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုံးစနယ်မြေနှင့် မြေနီသဲဝန်းမြေတို့တွင် နှမ်းလျင်စိုက်ပျိုးဖြစ်ထွန်းသည်ကို သိရှိရပါသည်။

ဒေသအလိုက် နှမ်းလျင်မျိုးကွဲပေါင်းများစွာကို စိုက်ပျိုးလျက်ရှိသည်။ မိမိဒေသနှင့်ကိုက်ညီသော မျိုးကို စိုက်ပျိုးရန်လိုအပ်ပြီး မိုးခေါင်ဒဏ် အသင့်အတင့်ခံနိုင်ဖို့နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ဖို့သည် အဓိကဖြစ်သည်။ စိုက်ပျိုးရေးသုတေသနပြု ထုတ်ဝေထားသည့် မျိုးများအနက် နှမ်းနီ (၂၅/၁၆၀) မျိုးကို တောင်သူများ တစ်စိုက်မတ်မတ်ကြိုက်နှစ်သက်ကာ စိုက်ပျိုးလျက်ရှိသည်။ ဒေသအလိုက်အခေါ်အဝေါ် နာမည်အမျိုးမျိုး ကွဲပြားလျက်ရှိသော်လည်း ဈေးကွက်အပေါ်မူတည်ပြီး နှမ်းစေ့အရောင်ကိုမူတည်၍ ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။ ယခုအခါမျိုးသစ်များကို စဉ်ဆက်မပြတ် ဖေါ်ထုတ်လျက်ရှိပြီး တောင်သူများ ကြိုက်နှစ်သက်ကာ စိုက်ပျိုးသင့်သည့် မျိုး(၄)မျိုးကို ဖေါ်ပြလိုပါသည်။

ဆင်းရတနာ-၃ :  အသက်ရက် ၉၀ မှ ၉၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သောမျိုးဖြစ်သည်။ အပင်ပုံစံမှာ ကိုင်းဖြာသည်။ အစေ့အရောင်မှာ အနက်ရောင်ဖြစ်သည်။ ဈေးကွက်ကြိုက်နှစ်သက်ကြောင်း သိရ သည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၅ မှ ၅၀ ရှိသည်။ အရည်အသွေးကောင်းသော မျိုးဖြစ်ပါသည်။

ဆင်းရတနာ-၄: အရည်အသွေးကောင်း နှမ်းဖြူမျိုးဖြစ်သည်။ အစေ့အရောင် ဆွတ်ဆွတ်ဖြူ၍ ပြည်ပဈေးကွက်ဝင်နှမ်းမျိုး ဖြစ်သည်။ အသက်ရက် ၈၀ မှ ၈၅ ရက်ရှိကာ အပင်ပုံစံမှာ တစ်ပင် တိုင်မျိုးဖြစ်သည်။ တစ်ဆစ်တွင် အသီးသုံးသီးသီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၅ မှ ၄၆ ဖြစ်ပါသည်။

ဆင်းရတနာ-၁၂: အရည်အသွေးကောင်းသော နှမ်းဖြူမျိုးတစ်မျိုးဖြစ်သည်။ အပင်ပုံစံမှာ တစ် ပင်တိုင်မျိုးဖြစ်သည်။ အသီးပုံသဏ္ဍာန်မှာ ရှစ်မြှောင့်သီး၊ သီးလုံးဖြစ်သည်။ တစ်ဆစ်တွင် သုံးသီး သီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၄ မှ ၄၆ ဖြစ်ပါသည်။

ဆင်းရတနာ-၁၄: အသက်ရက် ၈၀ မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်ပုံစံမှာ ကိုင်းဖြာ သောမျိုးဖြစ်သည်။ တစ်ဆစ်တွင် တစ်သီးသီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၀ မှ ၄၅ ဖြစ်ပါသည်။

မိုးနှမ်းလျင်သီးနှံကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုုးရန်ဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့ ၁ ဒသမ ၅ ပြည်မှ ၂ ပြည်နှုန်း အသုံးပြုရန်ဖြစ်သည်။ မျိုးစေ့မှာ သန့်စင်မှု ၉၅ ရာခိုင်နှုန်းရှိသင့်ပြီး အပင်ပေါက် ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသင့်သည်။ မြေဆောင်ရောဂါများကိုကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

တစ်ဧကလျှင် ယူရီးယား ၁၁၂ပေါင်၊ တီစူပါ ၅၆ပေါင် နှင့် ပိုတက် ၂၈ ပေါင် ကို မြေခံအဖြစ် မြေပြုပြင်ချိန်တွင် ထည့်ပေးသင့်သည်။ ရွက်ဖျန်းမြေသြဇာကို အပင်သားခွဲပြီးချိန်မှ တစ်ပတ်ခြားတစ်ကြိမ် ပန်းပွင့်ချိန်ထိ ဖျန်းပေးသင့်သည်။ အကယ်၍ ကွန်ပေါင်းဓာတ်မြေသြဇာကို သုံးစွဲမည်ဆိုပါက နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်ပါဝင်မှု အချိုးအစားကိုက်ညီမှုအရ သုံးစွဲရန်ဖြစ်ပါသည်။

စိုက်ပျိုးရာတွင် တပင်တိုင်မျိုးများအတွက် တန်းကြား၊ ပင်ကြားမှာ ၁၂ လက်မနှင့် ၄ လက်မ ဖြစ်ပြီး၊ ကိုင်းဖြာမျိုးများအတွက် တန်းကြား၊ ပင်ကြား ၁၅ လက်မနှင့် ၄ လက်မအကွာ ထားရှိစိုက်ပျိုး သင့်ပါသည်။ အပင်ပေါက်ပြီး ၁၄ ရက်သား၊ အရွက် ၆ ရွက် ထွက်ချိန်တွင် အတန်းအတွင်းမှာရှိသော အပင်များကို တစ်ပင်နှင့် တစ်ပင် ၄ လက်မခန့် အကွာအဝေးထားပြီး တစ်ကျင်းလျှင် ၁ ပင်သာချန် သားခွဲရမှာဖြစ်ပါသည်။

အပင်သက်တမ်းတစ်လအတွင်း ပေါင်းမြက်ကင်းစင်နေဖို့လိုသည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းစသည့် သင့်တော်ရာနည်းလမ်းဖြင့် နှိမ်နင်းရန်ဖြစ်သည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင် စုပ်စားပိုးနှင့် ရွက်လိပ်ပိုးရန်ကို ကာကွယ်ရန်ဖြစ်သည်။  ရိတ်သိမ်းပြီး ချွေလှေ့သန့်စင်ခြင်းမပြုမီ အစေ့စုပ်စားပိုးများကို ကာကွယ်ရန် လိုပါသည်။ 

နှမ်းသီးနှံစိုက်ပျိုးရာတွင် နှမ်းသီးနှံအထွက်နှုန်းနှင့် အထွက်မိတ်ဖက် (Yield and yield components of sesamum) များ ကောင်းရန်လိုအပ်သည်။ 

မိတ်ဖက်များမှာ-

၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ 

၂။ တစ်ပင်ရှိ အောင်သီးအရေအတွက် 

၃။ တစ်သီးရှိ အောင်စေ့အရေအတွက်

၄။ အစေ့(၁၀၀၀)အလေးချိန် တို့ဖြစ်သည်။

တစ်ဧကရိတ်သိမ်းအပင်(၁)သိန်း၊ တစ်ပင်အောင်သီး(၃၀)ရှိက အထွက်တင်း(၂၀)ဟု သုတေသနပြုတွက်ချက်ထားသည်။ အထွက်နှုန်းမိတ်ဖက်ကောင်းမှ အထွက်ကောင်းမည်ဖြစ်ရာ အထွက်နှုန်းမိတ်ဖက်(၄)ချက်လုံးကောင်းရေးအတွက် နှမ်းသီးနှံစိုက်ပျိုးရာတွင် အသုံးပြုသည့်မျိုး၊ မျိုး၏အပင် ပေါက်ရာနှုန်း၊ စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းရေး၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းချိန်လွန်နည်းစနစ်စသည် ပြည့်စုံမှန်ကန်ရန် လိုအပ်ပါသည်။

ဆင်းသီဟ

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်