"ရာသီစာ……… မျှစ်တာလပေါ့(ခေါ်) မျှစ်သောက်ဆမ်း"

19/06/2020 12:30 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးရာသီရောက်ပြီဆို မျှစ်နုနုလေးနဲ့ မှိုမျိုးစုံရယ်က ရာသီစာလို့ ပြောလို့ရပေသည်။ ရာသီစာမျှစ်တာလပေါ့ဟင်းချက်မည်ဆိုပါက ဝါးပိုးမျှစ်လို မျှစ်အမျိုးအစားကို ရွေးဝယ်ရပါသည်။ အပေါ်အခွံအရင့်တွေကို များများလှီးထုတ်ပြီး နုနုလေးတွေကိုပဲ ပါးပါးလှီးပြီးပြုတ်ပါက လတ်ဆတ်ပြီး အရမ်းချိုပါသည်။

တာလပေါ့ဟင်းမှာ မိုးကာလထွက် ဝါးပိုးမျှစ်ကို အဓိထား၍ ဆန်(ဆန်လှော်မှုန့်)၊ ပင်စိမ်း၊ ဆူးပုတ်ရွက်၊ ကြိမ်ခါးဖူး၊ စွယ်တော်ရွက်၊ ဂွေးတောက်ရွက်၊ လဲလူရွက်၊ ကောက်ကောက်ညွှန့်၊ တညင်းသီး၊ ခရမ်းကဆော့သီး၊ မယ်ဇလီဖူး၊ မယ်ဇလီအရွက်၊ ပိတ်ချင်းရွက်၊ ရှမ်းနံနံ၊ စပါးလင်၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့ ပါဝင်ပါသည်။ အသားအဖြစ် ကြက်သား၊ ငါးရံ့၊ ပုစွန်၊ ခရု တစ်မျိုးမျိုးထည့်ကြပါသည်။

ပြုလုပ်နည်း -

၁။ ဝါးပိုးမျှစ်(မျှစ်ချို)ကို ရေများများဖြင့် အရင်ပြုတ်ရပါသည်။ ထို့နောက် စပါးလင်ကိုလည်း ဓါးပြားရိုက်ပြီးထည့်ပြုတ်ရပါသည်။

၂။ မျှစ်နူးလာပြီး ရေဆူလာပါက ကြက်သွန်နီကို ပါးပါးလှီးထည့်၊ မျှင်ငါးပိကို ဖျော်ထည့်ရပါသည်။

၃။ ရေအရမ်းဆူလာပါက ဆန်လှော်မှုန့်ကို ရေဖြင့်ဖျော်ပြီး ဟင်းရည်အိုးထဲသို့ ထည့်ရပါသည်။ အရည်ပျစ်ပျစ်ကြိုက်ပါက ဆန်မှုန့်ကို ပိုထည့်နိုင်ပါသည်။

၄။ ပြီးလျှင် အချိုမှုန့်၊ ဆားအနည်းငယ်ထည့်ပေးပါ။ ကြက်သား၊ ပုစွန်၊ ခရု တစ်မျိုးမျိုး ထည့်ပြီး မွှေပေးရပါသည်။

၅။ အားလုံးထည့်ပြီးပါက အသီးအရွက်စုံ ဆူးပုတ်၊ တညင်းသီး၊ ကြိမ်ခါးဖူး၊ ပင်စိမ်း၊ ရှမ်းနံနံ စသဖြင့် ထည့်ပြီး မွှေပေးရပါသည်။ ()မိနစ်လောက်ကြာပါက မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ။

မျှစ်တာလပေါ့ ဟင်းထဲက မျှစ်ဖတ်ရဲ့ ကျွတ်ကျွတ်ချိုချိုအရသာ၊ ပင်စိမ်းရဲ့ မွှေးရနံ့၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်းတို့ရဲ့ ရှူးရူးရှဲရှဲ စပ်စပ် အရသာ၊ အရွက်စုံ၊ ပုစွန်၊ ခရု၊ ကြက်သားတို့ရဲ့ ချိုတဲ့အရသာပေါင်းစပ်လိုက်ပါက အရသာထူးလှတဲ့ ထမင်းမြိန်စရာ ဟင်းကောင်းတစ်ခွက်ကို ရရှိလာပေသည်။

ဆီမပါ မျှစ်တာလပေါ့ ဟင်းပူပူနှင့် ရှောက်သီးသုပ် ချဥ်ချဥ်စပ်စပ်ကို တွဲဖက်စားသုံးမည်ဆိုပါက မိုးရာသီအေးအေးနှင့် အလွန်လိုက်ဖက်ညီတဲ့ စားဖွယ်တစ်ခုဖြစ်သွားပါတော့သည်။

မိုးရာသီကာလတွင် ပေါပေါများများရရှိသော ဝါးပိုးမျှစ်ဖြင့် ရိုးရာဟင်းတစ်မယ် ပြုလုပ်ပုံကို လေ့လာရေးသားတင်ပြလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်