စိုက်ခင်းထဲက မလိုလားသောအပင်

23/03/2020 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    စပါးစိုက်လျှင် စပါးပင်သာရှိစေချင်သည်။ ပဲစိုက်လျှင် ပဲပင်သာရှိစေချင်သည်။ ဘယ်သီးနှံစိုက်စိုက် ကိုယ်စိုက်သည့်သီးနှံပင်သာ စိုက်ခင်းထဲ ရှိစေချင်သည်။ ကိုယ်စိုက်သည့်အပင်ကလွဲလို့ တစ်ခြားအပင်များကို ရှင်သန်ခွင့်မပေးချင်တာ စိုက်ပျိုးသူတိုင်း၊ လယ်သမားတိုင်း ဖြစ်ပါမည်။

    စပါးစိုက်လယ်သမားကြီးများနှင့် ကျွန်တော် အပြန်အလှန် မေးမြန်းဖြေကြားသည်တို့ ကို သတိရမိနေပါသည်။

    “စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ပင်တွေက မလိုလားတဲ့အပင်တွေပါ”

    “ဘာလို့ အဲ့လို ပြောနိုင်လဲ”

    “ပေါင်းမြက်ပင်တွေက စပါးပင်တွေ ရယူစားသုံးရမယ့် အာဟာရ၊ ရေနှင့် နေရောင်ခြည်တို့ကို လုယူလို့ပါ”

    စပါးစိုက်ခင်းတွင် နိုက်ထရိုဂျင်မြေသြဇာကျွေးဖူးလို့ လယ်သမားကြီးများ ကိုယ်တွေ့ ဖြစ်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့် ယှဉ်ပြိုင်၍ ကျွေးပေးလိုက်သော နိုင်ထရိုဂျင်မြေသြဇာကို လုယူစားသုံးသည်။ ထို့ကြောင့် စပါးပင်သည် နိုင်ထရိုဂျင်မြေသြဇာ၏ အာဟာရအာနိသင်ကို ရသင့်သလောက် ရရှိနိုင်ခြင်း မရှိသကဲ့သို့ နိုင်ထရိုဂျင်မြေသြဇာအတွက် ရင်းနှီးငွေကုန်ကျသလောက် အကျိုးအမြတ် ပြန်လည်ရရှိနိုင်ခြင်း မရှိတော့ကြောင်း လယ်သမားကြီးများ သိပြီးဖြစ်ပါသည်။

    နည်းမျိုးစုံဖြင့် ပေါင်းမြက်ပင်များသည် စပါးအထွက်တိုးရေးနှင့် ဆန်အရည်အသွေး မြင့်မားရေးအတွက် အဟန့်အတားဖြစ်စေသည်။ ဒါကြောင့် ပေါင်းမြက်ပင်များကို စိုက်ပျိုးသူတိုင်း မလိုလားသောအပင်များ (Unwanted Plants) အဖြစ် သတ်မှတ်လိုပါသည်။

စပါးပေါင်းမြက်အမျိုးအစားများ

    စပါးစိုက်ခင်းအတွင်း ပေါက်ရောက်လာနိုင်သည့် ပေါင်းမြက်များနှင့်ပတ်သက်၍ လယ်သမားကြီးတစ်ဦးက မေးမြန်းသည်ကို ဖြေကြားခဲ့ဖူးသည်။ 

    “အသွင်သဏ္ဍန်ပေါ်မူတည်ပြီး ပေါင်းမြက်အမျိုးအစားအုပ်စု သုံးမျိုးခွဲခြားနိုင်ပါတယ်။ မြက်၊ မုံညင်းနဲ့ ရွက်ပြန့်ပေါင်းတို့ဖြစ်ပါတယ်”

    မြက် (Grasses) အမျိုးအစားကို လယ်သမားတိုင်းသိကြသည်။ မြက်များ၏ အရွက်သည် ရှည်လျား၍ ကျဉ်းမြောင်းပြီး ရွက်ကြောများပြိုင်နေသည်။ ပင်စည်မှာလုံး၍ အခေါင်းပါသည်။ ဝမ်းဘဲစာ၊ မြက်သီး၊ မြက်ချို၊ ဒေါင်းမြီးပျံ စသည်တို့သည် မြက်အမျိုးအစားဝင်ပေါင်းပင်များ ဖြစ်ပါသည်။ 

    မုံညင်း (Sedges) အမျိုးအစားသည် မြက်နှင့် ဆင်တူသည်။ အရွက်ပုံသဏ္ဍန်၊ ရွက်ကြော အနေအထားတို့သည် မြက်နှင့်မုံညင်း ခွဲခြား၍ မရနိုင်ပါ။ ထူးခြားသည်မှာ မုံညင်း၏ပင်စည်မှာ အခေါင်းပိတ်ဖြစ်ပြီး တြိဂံပုံဖြစ်သည်။ မုံညင်းအစိမ်း၊ မုံညင်းအဝါ၊ မြက်ကွင်းသီးလေး စသည်တို့သည် မုံညင်းအမျိုးအစားဝင် ပေါင်းပင်များဖြစ်ပါသည်။

    ရွက်ပြန့် (Broadleaves) အမျိုးအစားသည် မြက်၊ မုံညင်းတို့နှင့် လုံးဝခြားနားသည်။ အရွက်များသည်ကျယ်ပြန့်၍ ပုံသဏ္ဍန်နှင့် ရွက်ကြောများမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်သည်။ ကတောက်ဆတ်၊ မှိုနဒို၊ ရေလေးညှင်း၊ လယ်ပဒူစသည်တို့သည် ရွက်ပြန့်အမျိုးအစားဝင် ပေါင်းပင်များဖြစ်ပါသည်။

    ဖော်ပြပါ မြက်၊ မုံညင်းနှင့် ရွက်ပြန့်အမျိုးအစား အုပ်စုသုံးမျိုးစလုံး စပါးစိုက်ခင်းတွင် လယ်မြေ၏ ရေထိန်းသိမ်းနိုင်မှုအခြေအနေအရ ပေါက်ရောက်လာနိုင်သည်။ စပါးစိုက်ခင်းမှာ ရေပြတ်လျှင် ဒါမှမဟုတ် တမန်းမြက်နှာပြင်မညီညာလို့ ကုန်းပေါ်ပြီး ရေနေရေထိုင်မမျှတလျှင် မြက်၊ မုံညင်း၊ ရွက်ပြန့်ပေါင်း အမျိုးအစားသုံးခုစလုံး ပေါက်ရောက်လာနိုင်သည်။ ရေမပြတ်အောင် အမြဲထိန်းထားနိုင်လျှင် အချို့ပေါင်းမြက်စေ့တွေသည် ရေအောက်မှာ အပင်ပေါက်လာလေ့မရှိပါ။ သို့သော် ရွက်ပြန့်ပေါင်း၊ အချို့မြက်နှင့်  မုံညင်း အမျိုးအစားတွေသည် ရေရှိသော်လည်း ပေါက်ရောက်လာနိုင်ပါသည်။

စိုက်ပျိုးနည်းစနစ်နှင့် ပေါင်းမြက်

    စပါးစိုက်ပျိုးသည့် နည်းစနစ်ပေါ်မူတည်ပြီး ပေါင်းမြက်ပေါက်ရောက်မှု ကွာခြားသည်။ အ‌ခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပါက ပေါင်းမြက်ပေါက်ရောက်မှုအများဆုံးဖြစ်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးပါကလည်း ပေါင်းမြက်ပြဿနာဆိုးဝါးသည်။ ပျိုးထောင်ကောက်စိုက်စနစ်ကတော့ ပေါင်းမြက်ပေါက်ရောက်မှုအနည်းဆုံးဖြစ်ပါသည်။ 

    ပေါင်းမြက်ပေါက်ရောက်မှုသည် ရေနေရေထိုင်ပေါ်မူတည်သည်။ အခြောက်ထယ်ရေးဖြစ်စေ၊ အစိုတမန်း ကြဲပက်စိုက်ခြင်းအပါအဝင် တိုက်ရိုက်မျိုးစေ့ချစနစ်အားလုံးသည် စပါး မျိုးစေ့ချသည်နှင့် ပေါင်းမြက်ကိုပါ တစ်ပြိုင်တည်းပေါက်ရောက်နိုင်ဖို့ အခွင့်အရေးပေးသလို ဖြစ်စေပါသည်။ ပျိုးထောင်ကောက်စိုက်စနစ်မှာ ပေါင်းမြက်ပင်တွေကို စပါးပင်ထက် တစ်လလောက် နောက်ကျပီးမှ ပေါက်ရောက်ခွင့်ပေးထားသောကြောင့် ပေါင်းမြက်နည်းနိုင်ပါသည်။

ကာကွယ်နှိမ်နင်းရေး

    လယ်သမားကြီးများနှင့် ဆုံတွေ့တိုင်း စပါးစိုက်ပျိုးရာတွင် ပေါင်းမြက်ကာကွယ် နှိမ်နင်းရေးကို အလေးပေးဆောင်ရွက်ရန်လိုကြောင်း  အသိပေးတိုက်တွန်းမြဲ ဖြစ်သည်။ 

    “ပေါင်းမြက်စေ့များအပင်ပေါက်မလာစေရေး စိုက်ခင်း၌ ထွန်ရေးတမန်းပြင်စဉ်ကပင် တမန်းပုပ်၍ ညက်အောင်ထွန်ယက်ပါ”

    “ထွန်ယက်နေစဉ် တွေ့မြင်ရသည့် တမန်းပြင်ရှိ ပေါင်းမြက်ပင်များကို လက်ဖြင့် ကောက်ယူရှင်းလင်းပစ်ပါ”

 “စပါးစိုက်ခင်းအတွင်း ရေထိန်းသိမ်းမှုကို ဂရုစိုက်၍  ပေါင်းမြက်ပင်များ ပေါက်ရောက် မလာစေရန် ဆောင်ရွက်ပါ”

     စပါးပင်သက်တမ်း၏ အစောပိုင်းသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကင်းနေမှ စပါး အထွက် ပုံမှန်ဖြစ်နိုင်ပါမည်။ လက်ပေါင်း နှစ်ကြိမ်၊ သုံးကြိမ်လိုက်ဖို့လိုမည်။ အတန်းလိုက်စိုက်ပါက ကြားပေါင်းလိုက် တမန်းနှိုးကိရိယာဖြင့် ရှေ့တိုးနောက်ဆုတ်တွန်းပြီး ပေါင်းမြက်ကို နှိမ်နင်းနိုင်ပါသည်။

ဘက်စုံနည်းစနစ်

    ပေါင်းမြက်များကို လက်ဖြင့်နှုတ်ပယ်ခြင်းသည် အလွယ်ကူဆုံးနှင့် လက်တွေ့အသုံး အများဆုံး နည်းလမ်းဖြစ်သည်။ ဆောင်ရွက်သင့်သည့်ကာလအတွင်း မဖြစ်မနေ ပြီးစီးအောင် ပေါင်းမြက်များကို နှုတ်ပယ်ရန်လိုသည်။ အချိန်ကြာလေ ပေါင်းမြက်များသည် စပါးပင်အား ယှဉ်ပြိုင်ချိန် ပိုရလေဖြစ်ပါသည်။

    စိုက်ဧရိယာများပြားပြီး လုပ်သားလုပ်အားရှားပါးမှုကြောင့် ပေါင်းမြက်နှိမ်နင်းရမည့် အချိန်တွင် လုပ်သားလုံလောက်စွာ မရနိုင်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့နိုင်သည်။ သမရိုးကျနည်းသာမက ခေတ်မီနည်းစနစ်ဖြင့်လည်း ဆောင်ရွက်သင့်ပါသည်။ 

    ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ စပါးပေါင်းသတ်ဆေးများ (Rice Herbicides) ကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်သည်။ ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစား ရွေးချယ်မှု၊ ဆေးဖြန်းချိန်နှင့် နှုန်းထားမှန်ကန်ရန်လိုပါသည်။

    ပေါင်းမြက်ပင်များ လုံးဝမလိုလားပါ။  နည်းလမ်းတစ်ခုတည်းသာမက ဘက်စုံနည်းဖြင့် ကာကွယ်နှိမ်နင်းသင့်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။

ဆင်းသီဟ

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်