စိုက်ပျိုးရေးအတွက်များစွာ အသုံးဝင်တဲ့ ငှက်ပျောရွက်

12/05/2022 13:00 PM တွင် Agriculturalist K.S Agriculturalist K.S မှ ရေးသား

ငှက်ပျောခြံ တည်ထောင်သူများသည် ငှက်ပျောပင်မ အောက်ရွက်များကို ရှင်းလင်း ပေးရသည်မာ ထုံးစံပင်ဖြစ်သည်။ ငှက်ပျောတစ်ပင်၌ သန်စွမ်း စိမ်းစိုသော ငှက်ပျောရွက် ၄-၅ ရွက်ခန့်ရှိလျှင်ပင် လုံလောက်ပေသည်။ ထိုသို့ ရှင်းလင်းပစ်သော ငှက်ပျော ရွက်ခြောက် များကို စွန့်ပစ်၊ မီးရှို့ကြသည်မှာ နှမျောစရာ ကောင်းသည်။ ဒါ့ကြောင့် ငှက်ပျောပင်ထွက် စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်သော ငှက်ပျောရွက်ခြောက်များကို စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိအောင် သုံးစွဲတတ်ရန် လိုအပ်ပေသည်။ ငှက်ပျော စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်သော ငှက်ပျော ရွက်ခြောက် များကို  အောက်ပါနည်းလမ်း (၅) သွယ်ဖြင့် အသုံးပြုနိုင်ပါသည်။

(၁) မြေဆွေးပြုလုပ်သုံးစွဲနိုင်ခြင်း

ငှက်ပျောရွက်ခြောက်များကို ဓားနဲ့ အနေတော်စင်းပြီး သူ့ချည်းသက်သက် အဆွေးခံ နိုင်သော်လည်း ဆွေးမြေ့မူ့ မြန်စေရန် ဆောင်ရွက်ပေးရမည်။ ငှက်ပျောရွက်ခြောက် ၂ဆ၊ နွားချေး ၁ဆ ခန့်ရောပေးသင့်သည်။ တတ်နိုင်ပါက ဖွဲနုပါ ထည့်ပေးနိုင်သည်။ ပြီးနောက် EM ပျော်ရည်ကို လောင်းပေးရမည်။ မရှိပါက တင်လဲရည် တစ်ဆ၊ ဖွဲနု နှစ်ဆကို ရောပြီး ၇ရက်ခန့် သိပ်ထားပါ။ အဖြူရောင်မှိုမျှင်လေးများ ထလာချိန် ရေနဲ့ ၁၀ဆ ရောပြီး လောင်းပေးရမည်။ ၇ရက်တစ်ခါလောင်းပေးပါက တစ်လအတွင်း စတင်ဆွေးမြေ့လာပြီး ၂လအကြာ၌ ကောင်းစွာဆွေးမြေ့လာသည်ကို တွေ့ရမည်။

 

(၂) မြေဆွေးပုံကို နေအပူ မထိတွေ့စေရန် အုပ်ပေးထားနိုင်ခြင်း

မြေဆွေးပုံများ အဆွေးမြန်စေရန် အထောက်အကူပြုသော အကျိုးပြု အဏုဇီဝပိုးများ ပိုမိုရင့်သန် ပေါက်ဖွားနိုင်ရန်အတွက် နေအပူချိန် တိုက်ရိုက်မကျရောက်စေရန် လိုအပ်ပါသည်။ ထိုသို့ နေအပူချိန်တိုက်ရိုက် မကျရောက်စေရန် သစ်ရိပ်ဝါးရိပ်အောက်၌ အမိုးအကာဖြင့်ပြုလုပ်ပေးရသည်။ တာလပတ်၊ ပလတ်စတစ်အမဲများဖြင့် အုပ်ပေးကြသည်များလည်း ရှိသည်။ အကျိုးကျေးဇူးများမှာ အထက်တွင်ပြောခဲ့သလို အကျိုးပြုပိုးများ ပိုမိုပေါက်ဖွားစေရန် အခြေအနေပိုပေးပြီး မိုးရာသီ၌ မြေဆွေးပုံ ပေါ်မိုးရေကျ၊ ရေစီးဖြင့် အာနိသင်များ ဆုံးရှုံးမူကို ကာကွယ်ပေးပါသည်။  တာလပတ်၊ ပလတ်စတစ်အမဲအစား ငှက်ပျောရွက်များကို အစားထိုး အသုံးပြုနိုင်ပါသည်။

 

(၃) မြေသြဇာရည် ပြုလုပ်သုံးစွဲနိုင်ခြင်း

ငှက်ပျောရွက်ခြောက်များကို ရိုးရိုးမြေသြဇာရည်အဖြစ် အသုံးပြုလိုပါက ရွက်ခြောက်များကို ရေနဲ့ ဆတူရောပြီး ပုံးထဲ၌ ၃ ညခန့် သိပ်ပေးပါ။ အာနိသင် ပိုကောင်းစေရန် ဖွဲနု၊ နွားချေး၊ တင်လဲရည်၊ ကြက်ဥခွံ၊ သစ်ရွက်စိမ်း၊ ရေရောပြီးသား EM စသည်တို့ကို ထပ်ဖြည့်ရောကာ မြေသြဇာ ရည်အဖြစ် သုံးစွဲနိုင်သည်။

 

(၄) မြေငွေ့ဖုံးပေးနိုင်ခြင်း

သီးနှံပင်များအတွက် မြေငွေ့ဖုံးပေးခြင်းသည် နွေရာသီ၌ မဖြစ်မနေ လုပ်ဆောင် ပေးသင့်သော ကိစ္စ တစ်ခုဖြစ်သည်။ မြေငွေ့ဖုံးပေးခြင်းကား ကောင်းကျိုးများစွာ ရှိသည်။ ငှက်ပျောရွက်ခြောက်များကို တိုက်ရိုက်ဖြစ်စေ၊ အဆွေးခံပြီးမှ ဖြစ်စေ မြေငွေ့ဖုံးပေးနိုင်သည်။

 

(၅) ကောက်ရိုးမှို စိုက်ပျိုးနိုင်ခြင်း

ငှက်ပျောရွက်ခြောက်များအား နည်းလမ်းတစ်မျိုး အနေဖြင့် ကောက်ရိုးမှိုကို စိုက်ပျိုးနိုင်သည်။  တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ ကောက်ရိုး၊ ဗေဒါ၊ မြက်ခြောက် တို့အစား ငှက်ပျောရွက်ကို အစားထိုးပြီး စိုက်ပျိုးနိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်