ကြက်မွေးရင် အကြောက်ရဆုံးက ကြက်ခြံထဲကို မြွေဝင်မှာကိုပါ။ ကြက်ကို ဆွဲသွားမှာကြောက်ရသလို လူကိုရန်ပြုမှာလည်း ကြောက်ရပါတယ်။ ဒါကြောင့် ရှေးအဆက်ဆက် ကျင့်သုံးလာတဲ့နည်းအတိုင်း ဇီးဖြူသီးကို ကြက်ခြံပတ်လည်မှာ ကျဲချထားရပါတယ်။ အဲ့သလို ကာကွယ်ထားတဲ့အပြင် ကြက်ခြံအနံ့ကြောင့် မြွေလာမှာစိုးလို့ EM ကိုလည်း ဖျန်းပေးရပါတယ်။
နောက်တစ်ခုက ကြက်ကလေးတွေမှာ ကျောက်ပေါက်တာ၊ နှုတ်သီးတစ်ဝိုက် အနာဖုများထွက်တာတွေအတွက် ဇီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ရသောအရည်ဖြင့် ဖန်ရည်ဆေးပေးနိုင်သည့်အပြင် အစာအတွင်း ဇီးဖြူသီးကို အစိမ်းထောင်းထည့်ကျွေးပါက ဗီတာမင်-စီဓါတ်ကိုရရှိပြီး အနာအကျက်မြန်စေပါတယ်။ ဇီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ အနာပေါ်ကိုလည်း လိမ်းပေးနိုင်ပါတယ်။
ကြက်သွေးဝမ်းရောဂါ၊ အူတွင်း သွေးယိုစိမ့်ခြင်းတို့အတွက် ဇီးဖြူသီးကိုထောင်း၍ သောက်ရေတွင် စိမ်တိုက်ခြင်း (သို့မဟုတ်) ဇီးဖြူသီးကိုပြုတ်၍ အစာနှင့် ရောနယ်ကျွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အရေပြားရောဂါများဖြစ်သော ကြက်ပွေး၊ ယားနာများအတွက် ဇီးဖြူသီးခြောက် (သို့) အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီး လိမ်းပေးလို့ရပါတယ်။
ဇီးဖြူသီးသည် ကြက်ချွဲထခြင်းကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။
ကြက်မျက်စိတွင် ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီး ရေနွေးနှင့်ပြုတ်၍ မျက်စိကို ဆေးကြောပေးလို့ရပါတယ်။
လတ်ဆတ်သောဇီးဖြူသီးသည် ကြက်သန်ချဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။
အသည်းကျန်းမာရေးကိုကောင်းစေပြီး ကြက်ကိုယ်တွင်းရှိ အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။
ဇီးဖြူသီးကို အစိမ်းထောင်း၊ ပြုတ် စသည်ဖြင့်ပြုလုပ်ပြီး ကြက်စာအတွင်း တစ်ပတ်တစ်ကြိမ် ထည့်ကျွေးပါက အထက်ပါရောဂါများကို သက်သာစေသည့်အပြင် သဘာဝအတိုင်း ဗီတာမင်-စီဓါတ်ကို ရရှိစေပြီး ကြက်များ အလွယ်တကူရောဂါဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Ref: ဆရာမ ဂမုန်းဖြူဖြူ ၏ “ ကြက်နှင့် ဆီးဖြူသီး အသုံးဝင်ပုံ” စာစုမှ ကောက်နှုတ်ဖော်ပြပါသည်။