သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို သန့်စင်သွားစေမယ့် နည်း ၃ မျိုး

15/03/2022 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သီးနှံစိုက်ခင်းမှသည် စားသုံးသူဆီကိုရောက်ရှိတဲ့အထိ အဆင့်ဆင့် ဖြတ်သန်းလာခဲ့ရတာဖြစ်လို့ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ရောဂါပိုးများစွာနဲ့ ညစ်ညမ်းနေနိုင်ပါတယ်။ ဒါ့အပြင် သီးနှံစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးတွေရဲ့ အာနိသင်အကြွင်းအကျန်တွေကြောင့်လည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ 

 

များသောအားဖြင့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာဟာ အစိမ်းအတိုင်းစားသုံးကြတာဖြစ်လို့ ကျန်းမာရေးကို ပိုပြီးအန္တရာယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို မစားခင်မှာ စနစ်တကျဆေးကြောသန့်စင်ပြီး ပိုးသတ်နိုင်ဖို့က အရေးကြီးပါတယ်။ 

 

များသောအားဖြင့်တော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားခင်ဆေးကြောတဲ့အခါ ရေနဲ့ပဲ စက္ကန့်ပိုင်းလောက်လေး ဆေးလိုက်ကြတာ များပါတယ်။ အမှန်တော့ အဲ့ဒီအချိန်ပမာဏဟာ လုံလောက်တဲ့ပမာဏမဟုတ်ပါဘူး။ အနည်းဆုံး ရေခွက်ထဲမှာ ၂ မိနစ်ခန့် သေချာဆေးကြော (သို့မဟုတ်) စိမ်ထားသင့်တာ ဖြစ်ပါတယ်။ 

 

ရေကိုချည်းအသုံးပြုရုံနဲ့တော့ ကောင်းကောင်းသန့်စင်ဖို့မလွယ်ပါဘူး။ ဆိုတော့ ယခုဆောင်းပါးမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်ရာမှာ ပိုမိုထိရောက်တဲ့ ပစ္စည်း ၃ မျိုးအကြောင်း မျှဝေပေးသွားမှာပါ။

 

 

 

မုန့်ဖုတ်ဆိုဒါ 

 

မုန့်ဖုတ်ဆိုဒါဟာ ဈေးမကြီးသလို ရှာရလည်းလွယ်ကူပြီး အချက်အပြုတ်တွက်ဖြစ်စေ ကျန်းမာရေးအတွက် ဖြစ်စေဆောင်ထားလေ့ရှိတာမို့ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့အားသာချက်ကတော့ ထိရောက်စွာ သန့်စင်ပေးနိုင်ပြီး ပိုးသတ်ပေးနိုင်တဲ့အတွက်ကြောင့် အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရေ ၁ လီတာမှာ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၁ ဇွန်းဖျော်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့် စိမ်ထားရမှာ ဖြစ်ပါတယ်။ 

 

ရှာလကာရည် 

 

ရှာလကာရည်ဟာလည်း မုန့်ဖုတ်ဆိုဒါလိုပဲ ဈေးမကြီးဘဲ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းဖြစ်ပြီး အစွမ်းထက်တဲ့ သဘာဝပိုးသတ်ဆေးရည်တွေထဲက တမျိုးလည်းဖြစ်ပါတယ်။ ၎င်းဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသုံးပြုသင့်တဲ့ အရာလည်းဖြစ်ပါတယ်။ အသုံးပြုပုံကတော့  ရှာလကာရည် ၁ ခွက်ကို ရေ ၁ လီတာနဲ့ ရောပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့်စိမ်ထားရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အသီးအနှံတွေပေါ် ဖျန်းပေးမယ်ဆိုရင်လည်း ရပါတယ်။ 

 

သံပယိုသီး

 

သံပယိုသီးမှာပါဝင်တဲ့ ဆစ်ထရစ် အက်စစ် (Citric acid) ဟာ ဘက်တီးရီးယားနဲ့ အခြားသော ရောဂါပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့ကြောင့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များမှ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဆေးတမျိုးလည်း ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရေ၊ သံပယိုသီးရည်နဲ့ ရှာလကာရည်တို့ကို ဆတူရောစပ်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့်စိမ်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ရေစင်ပြီး ခြောက်သွေ့သွားရင်တော့ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ 

 

 

 

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်ရာမှာ ရေစိမ်တဲ့နည်းနဲ့ ရေဖျန်းတဲ့နည်းဆိုပြီး ရှိပါတယ်။ ပျော့ပျောင်းမှုရှိပြီး အစိမ်းရောင်အရွက်ပါရှိတဲ့ အသီးအနှံတွေဆိုရင် ရေစိမ်တဲ့နည်းကို အသုံးပြုသင့်ပါတယ်။ ရေစိမ်ခြင်းဟာ အန္တရာယ်ရှိစေနိုင်တဲ့ ပိုးမွှားများနဲ့ ဓာတုပစ္စည်းများကို ဖယ်ရှားပေးနိုင်ပြီး သီးနှံများကြာရှည်ခံစေရန်အတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။ 

 

(ဥပမာ - ဆလပ်ရွက်၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ စပျစ်သီး၊ စတော်ဘယ်ရီ )

 

တင်းရင်းတဲ့ အပေါ်ယံအလွှာ (သို့မဟုတ်) အခွံပါရှိတဲ့ သီးနှံတွေဆိုရင်တော့ ရေဖျန်းတဲ့နည်းကို အသုံးပြုသင့်ပါတယ်။ (ဥပမာ - ခရမ်းချဥ်၊ အာလူး၊ ပန်းသီး၊ ဖရဲသီး၊ သခွားသီး ) 

 

 

 

ကိုးကားချက် 

 

-https://www.freshfruitportal.com/ 

-https://www.webstaurantstore.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်