တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

28/05/2018 15:36 PM တွင် Ko Nyi Thway Ko Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြီးခဲ့တဲ့အပတ်မှာ ၃ ရက် ဆက်တိုက်တက်ခဲ့တဲ့ ရော်ဘာဈေးဟာ တနင်္လာနေ့မှာလည်း စတုတ္ထမြောက်ရက်အဖြစ် ဆက်တက်ပါတယ်။ ၃.၁% မြင့်တက်သွားခဲ့တာပါ။ အမေရိကန်ကုန်စည်နှင့် ဆားဗစ်တွေကို တရုတ်က တိုးဝယ် ယူဘို့ ကတိပြုလိုက်တ်။ ဒါနဲ့ ကုန်သွယ်ရေးတင်းမာမှု ပြေလျော့သွားတော့ ရှန်ဟိုင်းမှာ ရော်ဘာဈေး ခုန်တက် သွားတယ်။ ဒီအချက်ကြောင့် TOCOM လည်း လိုက်တက်လာရတယ်။

ယူအက်စ်က ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တရုတ်နှင့်ကုန်သွယ်မှုလုပ်ရာမှာ လိုငွေ ဒေါ်လာ ၃၃၅ ဘီလီယံနီးပါးပြနေတယ်။ ဒီလိုငွေပမာဏနီးပါးအထိ အမေရိကန်ဆီမှ စွမ်းအင်နှင့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်က ဝယ်ပေးရမယ်ဆိုတဲ့ ဆွေးနွေးပြောဆိုမှုကို ဆက်လက်လုပ်ဆောင်ကြဘို့ ပေကျင်းနှင့် ဝေါရှင်တန်တို့ သဘောတူလိုက်ကြတယ်။ 

ဒီကြေညာချက်ထွက်ပြီးနောက်၊ တနင်္လာနေ့မှာ ဒေါ်လာက ၄ လအတွင်း အမြင့်ဆုံးဖြစ်သွားခဲ့တယ်။

"တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု ပြေလျော့သွားခြင်းနှင့် ယန်းနဲ့ယှဉ်ရာမှာ ဒေါ်လာက မာနေခြင်းတို့ ကြောင့် TOCOM ဈေးတက်တာ" လို့ ဂျပန်ကုန်သွယ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။ 

တိုကျိုရဲ့ TOCOM မှာ အောက်တိုဘာ ကန်ထရိုက်ရော်ဘာဈေးဟာ ၆.၁ ယန်းတက်ကာ ယန်း ၂၀၀ ($ ၁.၈၀)/ ကီလိုဂရမ်နဲ့ ဈေးပိတ်သွားတယ်။ စောစောပိုင်းကဆိုရင် ဇန်နဝါရီ ၂၉ ကစရင် အမြင့်ဆုံးဖြစ်တဲ့ ၂၀၀.၆ ယန်းအထိ တက်သွားသေးတယ်။

အင်္ဂါနေ့ စောစောပိုင်းမှာ ၄ လအတွင်းအမြင့်ဆုံးရောက်ခဲ့ပြီးမှ ဈေးပိတ်တော့ဈေးအနိမ့်နဲ့ ပိတ်သွားပါတယ်။ လတ်တလောဈေးအတက်မှာ ကုန်သည်တွေက Lock in profit လုပ်ကြလို့ပါ။ အဓိပ္ပါယ်က ကုန်သည်တွေက ကန်ထရိုက်စာချုပ် အချို့တဝက်ကို ဈေးတက်တုန်း ထုတ်ရောင်းကြတာပါ။ သေချာပေါက် အမြတ်ရအောင် လုပ် လိုက်တာပေါ့။ ရှန်ဟိုင်းတက်ထားတာလည်း ပြန်ဆုတ်နေပြီလေ။ တနင်္လာနေ့က + ၅၃၀ ကနေ အင်္ဂါနေ့အပိတ်မှာ + ၇၀ ပဲရှိတော့တာကိုး။ အဝယ်လိုက်ရင် ဈေးတက်သလို ချရောင်းကြရင် ဈေးကျရတာပါပဲ။

အင်္ဂါနေ့မှာပဲ ရေနံဈေးတက်သွားပါတယ်။ ဘရန့်ရေနံဆိုရင် တစ်စည် ဒေါ်လာ ၈၀ နားကပ်သွားပြီ။ ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် ရေနံအထွက်လျော့မှာစိုးရိမ်မှုနဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန် က ပိတ်ဆို့နိုင်ခြေတို့ကြောင့်ပါ။ ရေနံဈေးနဲ့ ရော်ဘာဈေးက တိုက်ရိုက်အချိုးကျတယ်။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ရောင်ပြန်ဟပ်တဲ့ TOCOM မှာ လတ်တလော တက်ခဲ့တာတွေဟာ အမေရိ ကန်ဒေါ်လာနဲ့ယှဉ်တဲ့ ဂျပန်ယန်းငွေ တဖြေးဖြေးကျလာလို့ပါဆိုပြီး ဟိရိုယုကိ ကိကုကဝ ကပြောပါတယ်။ သူက နစ်ဆန်စတော့အရောင်းအဝယ်မှ သုတေသနရေးရာ အထွေထွေမန်နေဂျာပါ။

တိုကျိုစံရော်ဘာဟာ ဗုဒ္ဓဟူးနေ့မှာ ယခင်နေ့က ၄ လနီးပါးအတွင်း အမြင့်ဆုံးမှ ပြန်ကျသွားတယ်။ ဒေါ်လာနဲ့ယှဉ် တဲ့ ယန်းငွေမာနေလို့ပါပဲ။ မာရခြင်းက ယူအက်စ်-တရုတ် စကားပြောဆိုမှုဟာ ကွဲလွယ်ရှလွယ် အခြေအနေပြန် ရောက်သွားမှာကို စိုးရိမ်နေကြလို့ပါတဲ့။ 

ယန်းက ဒေါ်လာနဲ့ယှဉ်ရာမှာ ၁% တက်သွားတယ်။ အတိမ်းအစောင်းမခံတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအပေါ် ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်ထွက်လာပြီးနောက် အနုတ်သဘောဆောင်တဲ့ ဈေးကွက်လက္ခဏာတွေ ရှိနေလို့ပါ။ ယန်းငွေဈေးနဲ့ ရော်ဘာဈေးက ပြောင်းပြန်အချိုးကျပါတယ်။ ယန်းတက်ရင် ရော်ဘာဈေးကျပါတယ်။ ယန်းငွေ မာနေတော့ ယန်းနဲ့ ပြဌာန်းထားတဲ့ ကုန်ပစ္စည်းတွေကို အခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးကြီးသွားပါတယ်။ ဒီတော့ ဝယ်အားကျကာ ဈေးလည်း လိုက်ကျပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ စကားပြောရာမှာ ထရမ့်က ကျေနပ်မှုမရှိဘူးဆိုတဲ့ စကားထွက်လာပြီးနောက် ရော်ဘာဈေးဟာ အေးသွားတော့တယ်။

" စိုက်ဆင်းသွားတဲ့ ရှန်ဟိုင်းရော်ဘာဈေးကလည်း TOCOM အပေါ်ဖိအားသက်ရောက်တယ်" လို့ တိုကျို အခြေ စိုက် ကုန်သည်တစ်ဦးကပြောတယ်။ ဈေးအပိတ်မှာ ယွမ် ၃၂၀ တောင် ကျသွားတာကိုး။

တိုကျိုရဲ့ စံရော်ဘာဈေးဟာ ကြာသပတေးနေ့မှာ ထပ်ကျပြန်တယ်။ အကြောင်းက မော်တော်ယာဉ် တင်သွင်းမှု အပေါ် အမျိုးသားလုံခြုံရေးမှ စုံစမ်းဖော်ထုတ်ဘို့ ဝေါရှင်တန်မှလွှတ်လိုက်ခြင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သူတို့ရဲ့ တရုတ်နဲ့ဆွေးနွေးမှုကို တုံ့ဆိုင်းထားဘို့ မှတ်ချက်ထွက်လာပြီးနောက် ကုန်သွယ်ရေးတင်းမာမှု အသစ်တဖန် ပြန်ဖြစ်လာခြင်း စတဲ့အကြောင်းတွေကြောင့်ပါ။ 

" မည်သည့် ကုန်သွယ်ရေးတင်းမာမှုမျိုးမဆို ကမ္ဘာ့စီးပွားရေးကို နှေးကွေးသွားနိုင်ပြီး ရော်ဘာအပါအဝင် ကုန် စည်တွေရဲ့ ဝယ်လိုအား ကျဆင်းသွားနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်စိတ်ဝင်လာလို့ ဈေးကွက်အ ပေါ် ဖိအားသက်ရောက်ပါတယ်" လို့ ရာကုတန်း စတော့အရောင်းအဝယ်ကုမ္ပဏီမှ ကုန်စည်ဆန်းစစ်သူ ဆာတိုးရု ယိုးရှိဒက ပြောပါတယ်။

အမေရိကန်က ကားတင်သွင်းမှုတွေကို အမျိုးသားလုံခြုံရေးက စစ်ဆေးတော့ အကောက်အခွန် နှုန်းထားအသစ် တွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ထရမ့်က တရုတ်နဲ့ ဆွေးနွေးနေတဲ့ မည်သည့် ကုန်သွယ်ရေးဆွေးနွေးမှုကိုမဆို ပုံစံအသစ်နဲ့ ဆွေးနွေးဘို့လိုတယ်လို့ ပြောလိုက်တယ်။ ဒီအချက်တွေကြောင့် အာရှရဲ့ ရှယ်ယာတွေ ကြာသပတေး နေ့မှာ ဈေးကျသွားတယ်။ 

"ယန်းအမာနဲ့ ရှန်ဟိုင်း ရော်ဘာဈေးအကျက ဈေးကွက်အနေအထားအပေါ် ထိခိုက်တယ်" တဲ့ ယိုးရှိဒ ကဆို တယ်။

ဒေါ်လာက ဝ.၆% ကျသွားပြီး ၁၀၉.၄၇ ယန်းဈေးပဲရှိတော့တယ်။ ဒေါ်လာကျရင် ယန်းဈေးတက်မယ်။ ဒါဆိုရင် ရော်ဘာဈေးကျမယ်။ 

ဒီနေ့ သောကြာနေ့ ဈေးပိတ်ချိန်မှာလည်း တိုကျိုရဲ့ TOCOM ဈေးမှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ အောက်တိုဘာရော်ဘာဈေးဟာ အနည်းငယ်ထပ်ကျပါတယ်။ ပြောရရင် ဒီအပတ်အစ တနင်္လာနေ့မှာသာ ရော်ဘာ ဈေး အတော်တက်ခဲ့ပြီး ကျန် ၄ ရက်မှာတော့ အကျနဲ့ ချည်းသာပါ။ ဒီအပတ်အတွက် ရော်ဘာဈေးကို အဓိက အဆုံးအဖြတ်ပေးနေတာက တရုတ်- အမေရိကန် ကုန်သွယ်ရေး တင်းမာမှုပါပဲ။

ညီသွေး


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်