တစ်ပတ်တာ ဈေးကွက်သုံးသပ်ချက်

16/10/2021 10:30 AM တွင် AMIA AMIA မှ ရေးသား

(၁၁.၁၀.၂၀၂၁) မှ (၁၅.၁၀.၂၀၂၁) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊စပါး

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှုရှိနေပြီး ဆန်အဟောင်းတွေ အရောင်းအဝယ်သွက်နေလို့ ဈေးတက်နေတာလို့ သိရပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၆၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကလည်း တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကလည်း တစ်အိတ်ကို ၂၅၅၀၀ ကနေ ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ဧည့်မထ ၂၅ % ကလည်း တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၆၀၀၊ ရက် ၉၀ ကတော့ ၂၈၀၀၀ ကနေ ၂၉၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကနေ ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

နယ်ဈေးကွက်မှာတော့ စပါးအဟောင်းလက်ကျန်တွေလည်းမရှိတော့တဲ့အတွက် ဈေးကွက်ကငြိမ်နေပြီး စပါးအသစ်တွေကတော့ အမျိုးအစားလိုက် တင်း ၁၀၀ ကို ၅၆၀၀၀၀ ကနေ ၆၅၀၀၀၀ အထိ အရောင်းအဝယ် ရှိနေတယ်လို့ သိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၁၅ သိန်းအောက်ထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အဓိက မြန်မာ့ငွေကြေးလဲလှယ်နှုန်းကျဆင်းသွားတဲ့အတွက်ကြောင့် ပဲဈေးတွေလည်း ကျဆင်းသွားတာဖြစ်ပါတယ်။ အဓိက မတ်ပဲဈေးတက်ရတာကလည်း မြန်မာ့ငွေကြေးဈေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မတ်ပဲက တစ်တန်ကို ငွေကျပ် သိန်း ၂၀ အထိ ဈေးတက်သွားပေမယ့် အောက်တိုဘာလလယ်မှာတော့ တစ်တန်ကို  ၅ သိန်းကျော်အထိ ဈေးကပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာလည်း ပဲ အသစ်တွေဝင်ရောက်နေပြီး အခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေကလည်း အနည်းငယ်ကျဆင်းသွားပေမယ့် ပဲစိုက်ဧကလျော့နည်းမှုကြောင့် ဈေးကငွေကြေးပြောင်းလဲမှုပေါ်မူတည်နေတယ်လို့ သုံးသပ်ရပါတယ်။    

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၄ သိန်း ၉ သောင်း ဈေးကရောက်ရှိသွားပြီး တစ်သိန်းကျော်လောက်ဈေးက ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၉၀၀၀ ကနေ ၁၆၀၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။

အောင်လံ၊ ပြည်နဲ့ အခြား ပြည်နယ်တွေမှာလည်း မတ်ပဲက တစ်တင်းကို အနိမ့်ဆုံး ၅၀၀၀၀ ကနေ ၅၁၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ယခု ဘဏ္ဍာနှစ် မှာ မတ်ပဲက ပြည်ပကို တန်ချိန် ၆၇၇၅၂၆ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးက ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ မတ်ပဲလောက် အတက်အကျ မကြမ်းခဲ့ပေမယ့် ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက်ကြောင့် တစ်တန်ကို ငွေကျပ် ၂ သိန်းကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၈ သောင်းကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သိန်းလောက်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။

အောင်လံမှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ပြည်ပပို့ကုန် ပဲ ဖြစ်တဲ့အပြင် တရုတ်တင်ပို့မှုကလည်း ပိတ်လိုက်တဲ့အတွက် ဈေးတွေ က ဆက်တိုက်ကျဆင်းသွားပါတယ်။ အချို့နေ့ရာတွေမှာ ပဲအသစ်ပေါ်ခါနီးဖြစ်တဲ့အတွက်လည်း ဈေးက ကျဆင်းနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊)က တစ်ပိဿာကို ၂၅၀၀ မှ ၂၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၅၀၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၀၀ ကနေ ၂၈၃၅ပေါက်ဈေးပြီး ၈၅ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

အောင်လံမှာလည်း တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀  ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ် ဈေးကျဆင်း သွားပါတယ်။

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ ဈေးက အတက်ဈေးနဲ့ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးတွေက ကျဆင်းသွားပါတယ်။ အရည်အသွေးကောင်းတဲ့ နှမ်းက ဈေးကောင်းပိုရနေပါတယ်။

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၈၅၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်