ဝေလငါးမန်း (Whale Shark) တွေဟာ မြောက်လတ္တီတွဒ် 30 ဒီဂရီ နှင့်တောင်လတ္တီတွဒ် 35 ဒီဂရီအကြား အပူပိုင်းဇုံနှင့်နွေးထွေးတဲ့ ပင်လယ်ရေမျက်နှာပြင်မှာ နေထိုင်ကြပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာနှင့် အင်ဒိုပစိဖိတ်ပင်လယ်ပြင်မှာ အများဆုံးနေထိုင်ကျက်စားပြီး အရွယ်အကြီးဆုံးကတော့ ၂၀ မီတာအထိ ကြီးထွားနိုင်ကြပါတယ်။ အရွယ်အကြီးဆုံးအလေးချိန်က ၃၇ တန် အထိအလေးချိန်ရှိနိုင်ပါတယ်။ ပျမ်းမျှအရွယ်အစားကတော့ ၁၀ မီတာ ၀န်းကျင်လောက်ပါဘဲ။ အကောင်ပေါက်ကလေးတွေကတော့ ၂ ပေ ၀န်းကျင်အရွယ်အစားဘဲ ရှိပါတယ်။
ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းမှာ နေထိုင်တတ်ကြပေမယ့် ကမ်းဦးရေတိမ်ပိုင်းနဲ့ မြစ်၀တွေအထိ ဝင်ရောက်လာတတ်တဲ့ ရေသတ္တဝါကြီးတွေလဲဖြစ်ပါတယ်။ ရေအနက် အနည်းဆုံး ၁၂၈၆ မီတာအထိငုပ်နိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရှိရပြီး ရေမျက်နှာပြင်အနီးမှာသာ တွေ့ရမှုများပါတယ်။
ဝေလငါးမန်းတွေရဲ့ပုံစံက ခေါင်းကြီးပြီး ပြားပါတယ်။ နှာခေါင်းတိုတဲ့ငါးမျိုးဖြစ်ပြီး အရွယ်ရောက်တဲ့ ဝေလငါးမန်း ရဲ့ပါးစပ်ကိုဖြဲလိုက်မယ်ဆိုရင် ၁.၅ မီတာလောက်ကျယ်တဲ့အတွက် လူတစ်ယောက်ဟာ ခေါင်းအနည်းငယ်ငုံ့ပြီး ဝေလငါးမန်းရဲ့ ပါးစပ်ထဲကို ၀င်လို့တောင်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ဝေလငါးမန်းဟာ ငါးမန်းအမျိုးအစားတစ်မျိုးဖြစ်ပြီးအကောင်ကြီးပေမဲ့ လူကိုလုံး၀အန္တရာယ်မပြုတတ်ကြပါဘူး။ Whale Shark ရဲ့ပါးစပ်အတွင်းပတ်လည်မှာ သွားတန်း ၃၀၀ ခန့်ရှိပြီး အရမ်းသေးငယ်တဲ့သွားတွေဖြစ်တဲ့အတွက် အစာစားတဲ့အခါမှာတော့ အဲ့ဒီသွားတွေဟာ အသုံးမ၀င်ကြပါဘူး။
ဝေလငါးမန်းရဲ့အဓိကအစာတွေကတော့ ပုစွန်ဆိတ်ငယ်များ၊ ခရုကမာကဲ့သို့ အခွံမာရေသတ္တဝါငယ်များ၊ ကင်းမွန်များ၊ ငါးပါးနီများ၊ Zooplankton နှင့် Phytoplankton တို့ဖြစ်ကြပါတယ်။
ယခုအခါ ကမ္ဘာပေါ်မှာ Whale Shark ကို နိုင်ငံခြားခရီးသွားများအတွက် အသုံးချနေကြပြီး သြစတေးလျ Australia၊ ဖိလစ်ပိုင် Philippines နှင့် မောဒိုက် Maldives နိုင်ငံတွေမှာ Swimming with Whale Shark (ဝေလငါးတွေနဲ့အတူရေကူးခြင်း) ခရီးစဉ်တွေဟာကျော်ကြားလျက်ရှိပါတယ်။ Philippines၊ Oslob မှာ ဝေလငါးနဲ့ရေအတူကူးမယ်ဆိုရင် မိနစ် ၃၀ ကို ဒေါ်လာ၂၀ ကျသင့်တယ်လို့ မှတ်သားရဖူးပါတယ်။
မြိတ်ကျွန်းစုမှာ Whale Shark ဝေလငါးမန်းကို “၀ဇီပြောက်” လို့ခေါ်ကြပြီး၊ ဧရာ၀တီကမ်းရိုးတန်းဒေသတွေမှာတော့ “ငါးမန်းဖလောင်း” လို့ခေါ်ကြပါတယ်။ မွန်ပြည်နယ်ဘက်မှာတော့ "ဖားငါးမန်း” လို့ခေါ်ကြပါတယ်။ ဧရာ၀တီကမ်းရိုးတန်းမှဒေသခံအချို့ကတော့ ဝေလငါးကို ဦးရှင်ကြီးရဲ့ငါးလို့ယုံကြည်ကြကြောင်းနှင့် ကြောက်ရွံ့မှုရှိကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရှိရပါတယ်။
ဒေသခံတွေကြောက်ရွံ့တာက လှေဖြင့် ခရီးသွား/ငါးဖမ်းစဉ်မှာ ဝေလငါးမန်းက လှေအောက်မှာနေပြီး ရေပေါ်သို့ပေါ်လာမှာကိုဖြစ်ပါတယ်။ (အဲ့ဒီလိုဖြစ်ရင်တော့ သေချာပေါက် လှေမှောက်နိုင်ပါတယ်။)
Shark Diving (ဝေလငါးဒိုင်ဗင်ပြုလုပ်ခြင်း) မှာ ဝေလငါးကိုကြည့်ရှု့ရင်ဗိုက်အောက်နှင့် ဘေးကနေဘဲကြည့်ရှု့ရပြီး ဝေလငါးရဲ့အပေါ်ကနေ မကြည့်သင့်ကြောင်း Whale Shark Diving ပြုလုပ်ဖူးသူတစ်ဦးပြောပြချက်ကိုလည်း မှတ်သားရဖူးပါတယ်။ ဝေလငါးဟာ လူကိုအန္တရာယ်မပြုပေမယ့် ရေမျက်နှာပြင်ပေါ်ကို ရံဖန်ရံခါတက်လေ့ရှိပြီး သူ့ရဲ့ကျောပေါ်မှာ Diver ရှိနေရင် Diver နဲ့ထိတွေ့မိချိန်မှာ Diving Gear များပြုတ်ထွက်နိုင်တဲ့အတွက် အသက်အန္တရာယ်ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဝေလငါးကို မြိတ်ကျွန်းစုနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတွေ့ရှိရတတ်ပါတယ်။ မွန်ပြည်နယ်ဘက်က ကမ်းခြေတွင်လည်း တစ်ခါတစ်ရံသောင်တင်လေ့ရှိကြပါတယ်။ သတ္တဝါတွေရဲ့အမူအကျင့်အရ သူတို့နေထိုင်လို့ရမယ့် ရာသီဥတုရှိတဲ့နေရာနှင့် သူတို့ရဲ့အစားအစာပေါများတဲ့နေရာမှာသာ ကျင်လည်ကျက်စားတတ်တဲ့သဘာ၀ရှိတဲ့အတွက် မြန်မာ့ပင်လယ်ပြင်ဟာ ဝေလငါးမန်း (Whale Shark) တွေ နေထိုင်လို့ရတဲ့ ရာသီဥတုနဲ့ အစားအစာပေါများတဲ့ ဒေသတစ်ခုဖြစ်နေလိမ့်မယ်လို့ မှတ်ယူရပါလိမ့်မယ်။
Ref: - Asian Diver Magazine,volume (149)
Tourism Mergui Archipelaho